Sunday, October 16, 2016

တစ်ဘာသာ ကျပ်တစ်သိန်းချီးမြှင့်ရန် သမ္မတရုံးညွှန်ကြား




တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရရှိသူများကို တစ်ဘာသာ ကျပ်တစ်သိန်းချီးမြှင့်ရန် သမ္မတရုံးညွှန်ကြား

ရန်ကုန်၊ အောက်တိုဘာ ၁၅


ပညာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ထူးတစ်ဘာသာလျင် ကျပ်တစ်သိန်းချီးမြှင့်ရန် သမ္မတရုံးကညွှန်ကြားထားကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်လမ်းရှိ တက္ကသိုလ်စိန်ရတုခန်းမ၌ ယနေ့(အောက်တိုဘာ ၁၅ ရက်) ကျင်းပသည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ပညာရေးဝန်ထမ်းမိသားစုဝင် သား၊ သမီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားတွင် ၎င်းက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂုဏ်ထူးရရှိသူများ ဆုချီးမြှင့်ရာတွင် ငွေသားအစား ကမ္ဘောဇဘဏ်မှ ATM ကတ်များဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

ပညာရေးဝန်ကြီးဌာန၌ အရာထမ်း၊ အမှုထမ်းဦးရေ လေးသိန်းခုနစ်သောင်းကျော်ရှိပြီး ၄င်းတို့မိသားစုများမှ ပြီးခဲ့သည့်တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၆၁၈၀ဦးအောင်မြင်ခဲ့ကြောင်း၊ ငါးဘာသာဂုဏ်ထူးရှင် ၁၃၆ဦး၊ ခြောက်ဘာသာဂုဏ်ထူးရှင် ၈၅ဦးရရှိခဲ့ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

အဆိုပါအခမ်းအနားတွင် နေရာအခက်အခဲကြောင့် ငါးဘာသာနှင့် ခြောက်ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများကိုသာ ဂုဏ်ပြု ချီးမြှင့်နိုင်ပြီး ကျန်ရှိသည့်လေးဘာသာ၊ သုံးဘာသာ၊ နှစ်ဘာသာ၊ တစ်ဘာသာဂုဏ်ထူးရှင်များကို သက်ဆိုင်ရာဦးစီးဌာနအလိုက် ဆက်လက်ချီးမြှင့်မည်ဖြစ်သည်။ ရိုးရိုးအောင်မြင်သူများကို အများဆုံးကျပ်ငါးသောင်းချီးမြှင့်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးက ပြောကြားသည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံးမှ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ခြောက်သိန်း ကျော်ရှိသည့်အနက် နှစ်သိန်းခန့်သာအောင်မြင်သောကြောင့် အောင်ချက်ရာခိုင်နှုန်း ၂၉ဒသမ၉၂ရာခိုင်နှုန်းသာရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန စာရင်းများအရ သိရှိရသည်။

http://thevoicemyanmar.com/news/2763-localnews

0 အကြံပြုခြင်း: