Monday, June 29, 2015

မဲစာရင်း မမှန်ပါကမဲလိမ်၊ မဲခိုးသည့် ပြဿနာများဖြစ်နိုင်

မဲစာရင်း မမှန်ပါက ရွေးကောက်ပွဲနေ့တွင် မဲလိမ်၊ မဲခိုးသည့် ပြဿနာများဖြစ်နိုင်၍ ပါတီအားလုံးအနေဖြင့် မဲစာရင်း စိစစ်ခြင်းကို အလေးထား လုပ်ဆောင်သင့်ဟုဆို

မဲစာရင်းမမှန်ပါက ရွေးကောက်ပွဲနေ့တွင် မဲလိမ်၊ မဲခိုးသည့်ပြဿနာများ ဖြစ်နိုင်၍ နိုင်ငံရေးပါတီအားလုံး အနေဖြင့် မဲစာရင်းစိစစ်ခြင်းကို အလေးထား လုပ်ဆောင်သင့်သည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်သည့် Myanmar Network Organization for Free and Fair Elections (MYN-FREL) မှ ဒေါ်ဇင်မာဦးက ပြောကြားသည်။

လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတစ်ခုသာ မဲစာရင်းစိစစ်ခြင်းကို တက်ကြွစွာ လုပ်ဆောင်နေသည်ကို တွေ့ရ ပြီး ဒေသဆိုင်ရာအလိုက် မျိုးနွယ်စုအလိုက် ပါတီများသည်လည်း မိမိတို့ဒေသ၌ မဲစာရင်းမှန်ကန်မှုရှိရေး  ဆောင်ရွက်သင့်သည်ဟု ၎င်းကဆိုသည်။

ဒေါ်ဇင်မာဦးက “မဲဆန္ဒရှင် မဲစာရင်းပြုစုခြင်းနှင့် ပတ်သက်ပြီး အကုန်လုံးက တက်တက်ကြွကြွ ပါဝင်ဖို့လိုတယ်။ ဥပမာ ပါတီတွေအနေနဲ့လည်း ဒီသက်ဆိုင်ရာ နယ်တွေမှာ ဒါနဲ့ပတ်သက်ပြီး သိပ်ပြီးလှုပ်ရှားတာလည်း မတွေ့ရဘူး။ ရွေးကောက်ပွဲနေ့ကျလို့ရှိရင် မဲလိမ်၊ မဲခိုး စတဲ့ ပြဿနာတွေက အဲဒီလိုနယ်တွေမှာ အဖြစ်များနိုင်တယ်။ ဘယ်သူမှလဲ စိတ်မ၀င်စားကြဘူးဆိုတော့လေ။ ကျွန်မတို့ မဲဆန္ဒရှင် ပညာပေးတယ် ဆိုတာလည်း အမြဲတမ်းပေးနိုင်တာမဟုတ်ဘူး။ အမြဲတမ်းလည်း မသွားနိုင်ဘူး။ ဝေးကလည်း ဝေးတယ်ဆိုတော့။ အဓိကကတော့ အဲဒီဒေသတွေ မှာ အခြေစိုက်နေတဲ့ အဲဒီဒေသလူမျိုး ကိုယ်စားပြုတဲ့ ပါတီတွေကနေ အလုပ်လုပ်ရင် ပိုပြီးတော့မှ ထိရောက်တယ်။ သူတို့အတွက်လည်း ပိုကောင်းတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ ဒေါ်ဇင်မာဦးက “လက်ရှိ အခြေအနေမှာ ပါတီတွေက ဆောင်ရွက်တာ အရမ်းအားနည်းတယ်။ တကယ်တမ်းဆိုရင် သူတို့မှာလည်း တာဝန်ရှိတယ်။ NLD ပါတီဆိုရင် တစ်နိုင်ငံလုံး အနေအထားနဲ့ လုပ်နေတယ် ဆိုပေမယ့် တအားဝေးလံခေါင်တဲ့ ဒေသတွေကိုတော့ မရောက်နိုင်ဘူးပေါ့။ သူတို့လည်း အကုန်လုံးလွှမ်းခြုံပြီး မလုပ်နိုင်ဘူး။ တကယ်တမ်းဆိုရင်တော့ ပါတီတွေက သူတို့အကျိုးစီးပွားနဲ့ အများကြီးဆိုင်တယ်။ ဒါသူတို့အနေနဲ့ အဓိကလုပ်သင့်တယ်။ ဆိုင်ရာ ဆိုင်ရာ ဒေသမှာရှိတဲ့ ပါတီတွေက ဘာမှလှုပ်ရှားတာ မတွေ့ရဘူး။ အဲဒီလိုဖြစ်နေတယ်။ ပိုပြီးအားကောင်းဖို့လိုတယ်။ မဲစာရင်းတို့ဘာတို့နဲ့ ပတ်သက်ပြီးပေါ့” ဟု ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်ထောင်စုတစ်ဝန်းလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီနှင့် သက်ဆိုင်ရာ ပြည်နယ်အတွင်း ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၇၀ ကျော် ရှိပြီး ရခိုင်၊ ဗမာ၊ လားဟူ၊ ကိုးကန့်၊ ပအိုဝ့်၊ ကယန်း၊ ကရင်၊ ၀၊ တအာင်း (ပလောင်)၊ မွန်၊ ရှမ်း၊ ချင်း၊ ကချင်၊ အင်းသား၊ ကမန်၊ မြို၊ ရှမ်းနီ၊ ဓနု၊ ဇိုမီး၊ လီဆူး စသည့် တိုင်းရင်းသားများကို ကိုယ်စားပြုထားကြောင်း သိရသည်။

ကယားလူမျိုးစု ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးစောဒယ်နီယယ်က “မဲစာရင်းစိစစ်တာက ကျွန်တော်တို့ စစ်ဆေးနေတာ စိတ်ပျက်သွားလို့ ဆက်မစစ်ဆေးတော့ဘူး။ ဥပမာဆိုရင် ကျွန်တော်ကိုယ်တိုင် ကျွန်တော်တို့မိသားစု ငါးယောက်ဗျာ။ ငါးယောက်မှာ လေးယောက်မှားတယ်ဆိုတော့ ကျွန်တော်ကိုယ်တိုင် စိတ်ပျက်နေတာ။ အဲဒီလိုပဲ ကျွန်တော်တို့ ဗဟိုကော်မတီထဲမှာ တော်တော်များများဟာ အမှားတွေ များများပါနေတော့ အကွက်ချပြီးတော့ လုပ်ထားတာလား ဆိုတာတောင် ကျွန်တော်တို့ အဲဒီလိုထင်နေတာ။ အဲဒါကြောင့် တော်တော်လေး စိတ်ပျက်တာတော့ အမှန်ပါပဲ။ ကျွန်တော်တို့မှာ အခက်အခဲအများကြီး ရှိတယ် အကုန်လုံး သွားလုပ်ရင်တော့ ကျွန်တော်တို့ သိန်းပေါင်းများစွာ လိုအပ်မယ်။ ရပ်တိုင်းရွာတိုင်း စစ်ဆေးပေးမယ် အမှားတွေ ပြန်ပြင်ခိုင်းမယ် ဆိုရင်တော့ အများကြီးကုန်မယ်။ လုပ်ချင်တဲ့ ဆန္ဒရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ငွေအင်အား မရှိဘူးလေ။ နောက်တစ်ခါ စာမျက်နှာ တစ်မျက်နှာမှာ တစ်ဝက်လောက် မှားတယ်ဆိုတာ မဖြစ်သင့်ဘူးလေ” ဟု ပြောကြားသည်။

မဲစာရင်းကို ဖြစ်နိုင်ပါက ကျေးရွာတိုင်းတွင် ကပ်ပေးရန် တောင်းဆိုထားသည်ဟုလည်း ဦးစောဒယ်နီယယ်က ပြောကြားသည်။

“ဘာဖြစ်လို့ဆိုရင် ကျေးရွာအုပ်စုတစ်စုမှာ တချို့ဟာ ကရွာက ၁၀ ရွာအထိ ရှိတယ်ဗျ။ တစ်နေရာပဲကပ်တော့ ကျန်တဲ့ရွာတွေ အဝေးကြီးကနေ ဘယ်လိုမှ လာမကြည့်နိုင်ကြဘူး။ အဲဒါက အခက်အခဲတစ်ခု။ ဒါကိုလည်း ဖြစ်နိုင်ရင် ရွေးကောက်ပွဲကော်မရှင်က အကုန်လုံး ဒီကိစ္စတွေကို လုပ်ပေးရင် ကောင်းတာပေါ့။ အဲဒါကို ကျွန်တော်တို့ တောင်းဆိုတာပေါ့” ဟု ၎င်းကဆိုသည်။        

Writer:
အောင်ဇော်ထွန်း
http://news-eleven.com/

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆန္ဒခံယူပွဲပြုလုပ်ရန် သင့် မသင့်




ဇွန် ၂၅ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရာတွင် လုံလောက်သည့် ထောက်ခံမဲ ရရှိခဲ့ခြင်းမရှိဘဲ ပုဒ်မ ၅၉(ဃ) တစ်ခုတည်းအတွက်သာ လုံလောက်သည့် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့သည်။ ပုဒ်မ ၅၉ (ဃ) ၏ မူလပြဋ္ဌာန်းချက်မှာ “နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမည်” ဟူ၍ဖြစ်ပြီး ပြင်ဆင်ချက်မှာ “နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး စသည့် အမြင်များရှိရမည်” ဟူ၍ ဖြစ်သည်။ ယင်းတွင် “စစ်ရေး” ဟူသည့် စကားလုံးနေရာ၌ “ကာကွယ်ရေး” ဟူသည့် စကားလုံး အစားထိုးလိုက်ခြင်းသာဖြစ်ပြီး ထူးခြားမှုများစွာ မရှိလှပေ။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ (ခ) ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဇွန် ၃၀ ရက် (ယနေ့) တွင် စတင်ဆွေးနွေးမည်ဟု သတင်းရရှိသည်။ ပုဒ်မ ၄၃၆ (ခ) နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၆၃ ဦးက ဆွေးနွေးမည်ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၈ ဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၈ ဦး၊ တပ်မတော်မှ ၁၂ ဦးနှင့် အခြားပါတီများနှင့် တစ်သီးပုဂ္ဂလ ၁၅ ဦးတို့ ဆွေးနွေးမည်ဟု သိရသည်။ မူလက ဆွေးနွေးရန်အတွက် လွှတ်တော်ကိုယ်စားလှယ် ၁၁၂ ဦး အမည်စာရင်း ပေးသွင်းထားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ရွေးကောက်တင်မြှောက်ခံ မဟုတ်သော တပ်မတော်သား ကိုယ်စားလှယ်များက အဓိကကျနေကြောင်း တွေ့ရှိရသည်။ ပြည်ထောင်စု လွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အရေအတွက်မှာ ၁၆၆ ဦးဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိရမည်ဖြစ်ရာ တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမဲ မရရှိပါက မည်သည့်ပုဒ်မကိုမျှ ပြင်ဆင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် တပ်မတော်သား ကိုယ်စားလှယ်များအား ဗီတိုအာဏာ ပေးထားသကဲ့သို့ ဖြစ်နေသည်။

တပ်မတော်သား ကိုယ်စားလှယ်များ အနေဖြင့် ပြုပြင်ပြောင်းလဲရေးကို လိုလားသည့် စိတ်မရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မှန်သမျှကို ထပ်တလဲလဲ ကန့်ကွက်နေမည်ဆိုပါက ပြင်ဆင်ရေးအတွက် ဆွေးနွေးခြင်းသည် လည်းကောင်း၊ ဆုံးဖြတ်ရန် မဲခွဲနေခြင်းသည် လည်းကောင်း မည်သည့်အဓိပ္ပာယ်မျှ မရှိသည့် နည်းတူ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခြင်းသည်လည်း ဘာမျှအဓိပ္ပာယ် မရှိပါ။ ပုဒ်မ ၅၉(ဃ) ၌ “စစ်ရေး” ဟူသည့် စကားလုံးနေရာတွင် “ကာကွယ်ရေး” ဟူသည့် စကားလုံးဖြင့် အစားထိုးရန် ကိစ္စကဲ့သို့သော အသေးအဖွဲ ကိစ္စလေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်မည် ဆိုပါလျှင် ရယ်ဖွယ်ရာသာ ဖြစ်လိမ့်မည်။ ဆန္ဒခံယူပွဲအတွက် ပြည်သူများ အချိန်ကုန် လူပန်း ဖြစ်ခြင်းသာ အဖတ်တင်မည်ဖြစ်ပြီး ဆန္ဒခံယူပွဲ ကျင်းပရေးအတွက် နိုင်ငံတော် ဘဏ္ဍာများ အလဟဿ ဆုံးရှုံးရုံသာ ရှိလိမ့်မည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မများ ဆက်လက်ပြင်ဆင်ရာ၌ တပ်မတော်သား ကိုယ်စားလှယ်များက တစ်ဆင့်ချင်း ဆက်တိုက်ကန့်ကွက် နေမည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို လွှတ်တော်အတွင်း၌ ကြိုးပမ်း၍ မရကြောင်း ပြည်သူများ သဘောပေါက် သွားကြမည်ဖြစ်သည်။ ယခုလက်ရှိ အနေအထား၌ မဲစာရင်းမှားယွင်းမှု အများအပြား ပေါ်ပေါက်နေရာ လိုအပ်သော ပြင်ဆင်မှုများ အချိန်မီ မပြုလုပ်နိုင်ပါက မဲလိမ် မဲခိုး မဲမသမာမှုများ ဖြစ်ပေါ်လာနိုင်သည့်အပေါ် စိုးရိမ်မှုများ ရှိနေသည်။ ထိုသို့ ဖြစ်ပေါ်ခဲ့ပါက တရားမျှတသော ရွေးကောက်ပွဲ ဖြစ်နိုင်ခြေအပေါ် မျှော်လင့်ချက်လည်း လျော့နည်းသွားမည်ဖြစ်သည်။ ယင်းအခြေအနေများအရ ပြည်သူများ အနေဖြင့် လွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးထက် ရွေးကောက်ပွဲအပေါ်သာပို၍ အာရုံစိုက်ရတော့မည် ဖြစ်သည်။

ထို့ကြောင့် လွှတ်တော်အတွင်း၌ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ထိရောက်စွာ ပြင်ဆင်နိုင်ခြင်းမရှိ၊ ရွေးကောက်ပွဲသည်လည်း တရားမျှတမှုမရှိ ဖြစ်ခဲ့မည်ဆိုပါက ပြည်သူများအနေဖြင့် ရွေးကောက်ပွဲ ပြီးသည့်အခါ လွှတ်တော်ပြင်ပ နည်းဖြင့်သာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးပမ်းလာကြဖွယ်ရှိကြောင်း The Daily Eleven သတင်းစာက သုံးသပ်ရေးသား အပ်ပါသည်။

(ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ဝေမည့် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်)


-