Tuesday, April 21, 2015

အမှတ်(၂)စစ်ဆေးရုံက အရိုးအထူးကုဆရာဝန်ကြီး ဗိုလ်မှူး ကြီးလှအောင်

ကြံ့ဖွတ် ဘောင်းဘီဝတ်/ချွတ်အစိုးရရဲ့ မြန်မာ့ပညာရေးထောက်ပံ့မှု အခြေအနေ....

အမေစုမှာစကား

မနေ့က အန်တီစုအိမ်ကို သွားတွေ့ခွင့်ရလိုက်တယ်။
ကျွန်တော် သိပ်လေးစားရတဲ့ သူ့ကို ကန်တော့ခွင့်ရလိုက်တယ်။
ဘဝမှာ အလုပ်ချင်ဆုံးအရာတစ်ခုကို လုပ်ခွင့်ရလိုက်လို့ အရမ်းဝမ်းသာတယ်။

ပြီးတော့ သူ့ဧည့်ခန်းမှာ သူ့အနားက ခုံမှာ ထိုင်ရင်း
မိနစ် ၃၀ ကျော်လောက် စကားပြောခွင့်လည်း ရလိုက်တယ်။
အိပ်မက်လိုပဲ။

တကယ်တော့ အန်တီစုကချည်းပဲ ပြောသွားတာပါ။
ကိုယ့်မှာလည်း မေးချင်တာတွေ၊ ပြောချင်တာတွေများလှပေမယ့်
အန်တီစုကိုကြည့်ရတာ ပြောချင်ရက်နဲ့ အခြေအနေတွေကြောင့် အပြင်မှာ ပြောလို့မရဘဲ
အောင့်အည်းထားရတာတွေကို ပြောချင်ပုံရတာကြောင့် သူပြောတာတွေပဲ နားထောင်လာခဲ့ပါတယ်။

မီဒီယာတွေကတဆင့် မဟုတ်ဘဲ
ကိုယ်တိုင်နားနဲ့ ဆတ်ဆတ်ကြားလာခဲ့ရတဲ့
အန်တီစုရဲ့ စကားတွေထဲက အခုလက်ရှိ ရှေ့မတိုးနိုင်ဖြစ်နေတဲ့
နိုင်ငံရေးအကြပ်အတည်းတွေက ကျော်လွှားနိုင်ဖို့
အန်တီထပ်ကာတလဲလဲ မှာကြားလိုက်တဲ့ သူအဖြစ်ချင်ဆုံးဆန္ဒကို
အောက်ကပုံထဲမှာ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

တဘက်က အန်တီစုကို "ပြည်ပအားကိုး ပုဆိန်ရိုး" ဆိုပြီး
တောက်လျှောက် စော်ကားလာခဲ့တဲ့ စစ်အစိုးရဟာ
ပြည်သူ့ဘဏ္ဍာတွေကို အလွဲသုံးစားသုံးစွဲပြီး
တိုင်းတပါးက လော်ဘီအဖွဲ့ကို ငွေနဲ့ပေါက် ငှါးရမ်းလိုက်သလို၊
လူထုကိုလည်း ငွေနဲ့ပေါက်ပြီး မဲဝယ်ဖို့ကြိုးစားနေပါတယ်။
အခြား တဘက်ကလည်း ဒီအွန်လိုင်းကွန်ရက်ရဲ့ စွမ်းအားကိုသိလို့
လခစား ကီးဘုတ်စစ်သားတွေ မွေးလိုမွေး
လူထုကို အန်တီစုနဲ့ သွေးခွဲ၊ သူတို့ကို ကြည်ညိုလာအောင် အမျိုးမျိုး စည်းရုံး လှုံ့ဆော်နေပါတယ်။

ဒီတော့ ချို့တဲ့တဲ့ အန်တီစုတို့ NLD ပါတီအတွက်
ကျွန်တော်ကတော့ ကိုယ့်ထမင်းကိုယ်စားပြီးအချိန်ကုန်ခံ လူပန်းခံပြီး
စည်းရုံးပေးမယ်လို့ ဟိုအရင်ကတည်းက ဆုံးဖြတ်ထားသူမို့
ခုလိုအန်တီစု ကိုယ်တိုင်က ပြောလာတော့
ရင်ဘတ်ချင်းနီးသူတွေကိုပါ တိုက်တွန်းရပါတော့မယ်။

သူငယ်ချင်းတို့လည်း ဒီကနေ့ကစလို့ နီးစပ်ရာတွေကို စည်းရုံးပေးကြပါ။
ဒီအွန်လိုင်းက Facebook လို နွားခြေရာကွက်ကလေး ကတဆင့်
ဒို့စည်းရုံးတော့ရော နှမ်းတလုံးနဲ့တော့ ဆီမဖြစ်ပါဘူးလို့ အားမလျှော့စေချင်ဘူး။
ဘီလုံးငှက်ငယ်ဟာ အနိုင်ကျင့်စော်ကားတဲ့ သိန်းစွန်ကို
နွားခြေရာကွက်ကလေး ထဲကနေ အနိုင်ယူသွားသလို၊
အနိုင်ကျင့်စော်ကားတဲ့ သိန်းစွန်နဲ့တူတဲ့ သိန်းစိန်တို့ ပါတီကို
ဘီလုံးငှက်ငယ် နဲ့တူတဲ့ ကျွန်တော်တို့ အားနည်းတဲ့ လက်နက်မဲ့ ပြည်သူတွေက
နွားခြေရာကွက်နဲ့တူတဲ့ ဒီ Facebook ပေါ်ကနေ
ဒါမှမဟုတ် အခြားသော လူမှုကွန်ရက်တွေ မီဒီယာတွေ၊
ကိုယ့်နီးစပ်ရာပတ်ဝန်းကျင်တွေကတဆင့် တတ်နိုင်သလောက်
ကိုယ့်ဘက်သားတွေ အမြင်ကျယ်အောင်၊ စည်းလုံးအောင် စည်းရုံးပြီး
နွားခြေရာကွက်ကလေးတွေများလာအောင်လုပ်ဆောင်ခြင်းဖြင့်
၂၀၁၅ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ရဲ့ အန်တီစုနဲ့ NLD ပါတီ
အပြတ်အသတ်အောင်ပွဲခံနိုင်အောင် ကူညီပြီး တစ်ဘဝလုံးကို
ကျွန်တော်တို့ပြည်သူတွေအတွက် အနစ်နာခံပေးဆပ်ထားတဲ့
အမေစုကျေးဇူးကို တဖက်တလမ်းက
ဆပ်ကြရအောင်လားဗျာ။

Swe yu