Saturday, July 18, 2015

မောင်တောမြို့နယ်အတွင်းကျေးရွာများမှ ဆရာမအချို့ မြို့သို့ပြန်



Eleven Media Group

လုံခြုံရေးမရရှိပါက ကျောင်းမတက်ကြရန် မောင်တောမြို့နယ်အတွင်း သတိပေးချက်ထုတ်ပြန်ထားပြီး လုံခြုံရေးနှင့်ဝေးသည့် ကျေးရွာများမှ ဆရာမအချို့နေရပ်ပြန်မှုများရှိနေကြောင်း သတင်းရရှိသည်။

ဆရာဆရာမများနှင့် ကျောင်းအုပ်ကြီးများအနေဖြင့် ကျောင်းတက်ရန်သွားသည့် အခါလုံခြုံရေးများဖြင့် သွားလာကြရန်နှင့် လုံခြုံရေးမရရှိပါက ကျောင်းမတက်ကြရန် ကြိုတင်သတိပေးအကြောင်းကြားစာကို ဇူလိုင် ၁၄ ရက်က မြို့နယ်ပညာရေးမှူးရုံးမှ ထုတ်ပြန်ထားကြောင်း သိရသည်။

တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့တွင် RSO အဖွဲ့နှင့် အကြမ်းဖက်အဖွဲ့များပူးပေါင်း၍ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီလူမျိုးများကို ဥပုသ်ကာလအပြီး ၂၀၁၅ ဇူလိုင် ၁၉ ရက်နှင့် နောက်ပိုင်းကာလများတွင် ဌာနဆိုင်ရာရုံးများနှင့် ရခိုင်တိုင်းရင်းသားများ စုဝေးနေထိုင်သည့်နေရာများ၌ ဖောက်ခွဲရေးလုပ်ငန်းများ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် အောင်မြင်မှုမရှိပါက ဌာနဆိုင်ရာဝန်ထမ်းများအား ခေါင်းဖြတ်လုပ်ကြံသွားရန် ပြင်းထန်စွာတိုက်တွန်းထားကြောင်း၊ သတင်းများထွက်ပေါ်နေခြင်းကြောင့် ယခုလိုသတင်းထုတ်ပြန်ရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

"ဘင်္ဂါလီတွေ ဥပုသ်ထွက်တဲ့ ၁၉ ရက်နဲ့ နောက်ပိုင်းမှာ ဖောက်ခွဲရေးတွေလုပ်မယ်။ ဆရာဆရာမတွေကိုပြန်ပေးဆွဲမယ်ဆိုပြီး သတင်းထွက်လို့ မြို့နယ်ပညာရေးမှူးရုံးကလည်း သတိပေးချက်ထုတ်ထားတာကြောင့် နယ်ကဆရာဆရာမတွေ ပြန်လာတာတွေရှိတယ်" ဟု မောင်တောမြို့နယ် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးမောင်အုန်းကပြောကြားသည်။

ယင်းနှင့်ပတ်သက်၍ မောင်တောမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းလှိုင်က "ကျွန်တော်တို့ဌာနအပါအ၀င် ဌာနအားလုံးကို လုံခြုံရေးသတိပေးတာတွေထုတ်တဲ့အတွက် ကျွန်တော်တို့ကလည်း သွားလာရာမှာ လုံခြုံရေးနဲ့သွားဖို့ ထပ်ပြီးထုတ်ပြန်တာဖြစ်ပါတယ်။ နေရပ်ပြန်ဆိုပြီး သတိပေးတာမဟုတ်ပါဘူး။ အခု အဲဒီအပေါ်မှာ ဆရာ၊ ဆရာမအချို့က မြို့ကိုပြန်တယ်လို့ သတင်းထွက်လာတာကြောင့် ကျွန်တော်တို့က ကျောင်းအုပ်ကြီးတွေကို  ဆရာဆရာမတွေကိုစာမသင်ကြားဘဲ မပြန်စေဖို့ အခုပဲပြောနေတာဖြစ်ပါတယ်။ တောင်ပိုင်းက အင်းဒင်ကျောင်းက ဆရာမတွေပြန်တယ်ကြားလို့မေးတော့ မပြန်ဘူးလို့ ဆရာကြီးကအကြောင်းပြန်တယ်။ နောက်ကြိမ်ချောင်းဘက်က ဆရာဆရာမတွေတချို့ မြို့ပြန်တယ်လို့ကြားတယ်။ အဲဒါကလည်း တချို့တွေသာဖြစ်တယ်။ အားလုံးမဟုတ်ပါဘူး။ အခုအချိန်အထိ ကိုယ့်အလုပ်ကိုပုံမှန်လုပ်နေပါတယ်။ မောင်တောမှာက လုံခြုံရေးအခြေအနေက အမြဲတမ်းသတိထားရတဲ့အနေအထားပါ။ အခုမှမဟုတ်ပါဘူး။ ကျောင်းဖွင့်ကတည်းက တစ်ဦးတစ်ယောက်တည်း မသွားမလာဖို့ ညွှန်ကြားထားတာဖြစ်ပြီး နယ်ခြားစောင့်လုံခြုံရေးလည်းပေးထားပါတယ်။ အခု ရာမဒန်ဥပုသ်ကာလအပြီးပွဲနဲ့နီးလာပြီဆိုရင် ဘင်္ဂါလီကျေးရွာတွေမှာ ကလေးတွေကျောင်းမတက်တာရှိတယ်။ အခုလည်း မနက်ဖြန် စနေ၊ တနင်္ဂနွေဖြစ်လို့ ကိုယ့်အိမ်ပြန်တာလဲဖြစ်နိုင်ပါတယ်" ဟု ပြောကြားသည်။

"ဘာမှတော့မဖြစ်ပါဘူး။ အခု တနင်္လာနေ့ကစပြီး ကျောင်းသားတွေ ကျောင်းကိုမလာတော့ဘူး။ ဒါကြောင့် ဆရာဆရာမတွေလည်း ဘာမှအလုပ်မရှိသလိုဖြစ်နေတယ်။
အခုသတိပေးစာလည်းထွက်တော့ ကျောင်းကိုမသွားဘဲ တချို့က မြို့ပြန်လာတာဖြစ်တယ်။ အခုမြို့ကိုပြန်တာက အားလုံးပြန်လာတာမဟုတ်ပါဘူး။ နယ်မြေစခန်းထဲစုရပ်မှာရှိနေကြပါတယ်" ဟု မောင်တောမြောက်ပိုင်းမှ ဆရာတစ်ဦးကပြောကြားသည်။

နယ်ခြားစောင့်ရဲများအနေဖြင့် ကျောင်းတက်သွားရာတွင် လုံခြုံရေးလိုက်ပေးသော်လည်း စာသင်ကျောင်းများတွင် အမြဲတမ်းလုံခြုံရေးချနေထိုင်ခြင်းမဟုတ်သဖြင့် ဗုံးခွဲ၊ ပြန်ပေးဆွဲနိုင်သည့် သတင်းများကြောင့် မသွားဝံ့မလာဝံ့ဖြစ်နေကြကြောင်း၊ ကျေးလက်တွင် အမြဲတမ်းနေထိုင်ကြရသည့် ကျန်းမာရေးဝန်ထမ်းများအတွက်လည်း စိုးရိမ်ရကြောင်း ကျောင်းဆရာမတစ်ဦးက ပြောကြားသည်။
Writer:
သားရွှေဦး (ကစ္ဆပ)

0 အကြံပြုခြင်း: