Saturday, July 18, 2015

တပ်မတော်အရာရှိတစ်ဦး၏ ယာဉ်အတွင်းမှဘင်္ဂါလီလေးဦးအားဖမ်းဆီးရမိ

Eleven Media Group


တပ်မတော်အရာရှိတစ်ဦး၏ယာဉ်အတွင်းမှ နယ်စပ်ဖြတ်ကျော်သူဟုယူဆရသူ ဘင်္ဂါလီလေးဦးအား ရခိုင်ပြည်နယ်စပ်နှင့် ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်စပ်ရှိ ညောင်ကျိုးဂိတ်တွင် ဖမ်းဆီးရမိပြီး ပြစ်မှုဆိုင်ရာဥပဒေ၊ လ၀ကဥပဒေများဖြင့် သီးခြားစီ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၃ ရက်က ရခိုင်ပြည်နယ်အထွက် ရဲဂိတ်တွင် စစ်ဆေးမေးမြန်းမှုကိုလက်မခံဘဲ မောင်းနှင်ထွက်သွားခဲ့သည့် ယာဉ်တစ်စီးအား ဖုန်းဆက်အကြောင်းကြားထားမှုကြောင့် ပန်းတောင်း၊ ခ.မ.ရ (...) ကျောက်တော်မှ ဗိုလ်ကြီးကျော်ဇင်ဟိန်း (ကြည်း .......) နှင့် ယာဉ်မောင်း ဦးဝင်းဌေးမောင်းနှင်လာသည့် ကားပေါ်တွင် နယ်စပ်ဖြတ်ကျော်ဟုယူဆရသူ ဘင်္ဂါလီအမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့ကို ဖမ်းဆီးရမိသဖြင့် ယင်းဂိတ်မှ တာဝန်ကျရဲဝန်ထမ်းက ဥသျှစ်ပင်ရဲစခန်းတွင် လာရောက်အမှုဖွင့်ခဲ့ပြီး ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန လက်ထောက်ဦးစီးကလည်း အမျိုးသားမှတ်ပုံတင်နှင့်ပတ်သက်သည့် အက်ဥပဒေ၊ နည်းဥပဒေများအရ ပန်းတောင်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်တရားစွဲထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းသိရှိရသည်။

"ဖမ်းဆီးရမိတဲ့လေးဦးကို ပြစ်မှုအရ ဖမ်းချုပ်ထားတာကလွဲရင် လူ့အခွင့်အရေး၊ အကျဉ်းသားအခွင့်အရေး အကုန်ပေးပါတယ်။ အခုလည်း ဖမ်းဆီးထားတဲ့အထဲက အမျိုးသမီးတစ်ယောက်က မူးပြီးမောနေတယ်ဆိုလို့ အပြင်မှာ သူ့ကို သက်သက်သာသာထားပေးတယ်။ ဆေးကုသခွင့်လည်းပေးထားပါတယ်။ ဖမ်းဆီးခေါ်ဆောင်လာကတည်းက လ.၀.ကကိုအပ်လိုက်တယ်။ သူတို့ကတစ်ဆင့် တရားရုံးမှာဦးတိုက်လျှောက်ထားပြီး တရားသူကြီးရဲ့ချုပ်မိန့်အရ ဖမ်းဆီးချုပ်ထားတာပါ" ဟု ပန်းတောင်းမြို့မရဲစခန်းမှူး ဦးခင်မောင်ကြည်က ပြောကြားသည်။

ဗိုလ်ကြီးကျော်ဇင်ဟိန်းအား ပြည်မြို့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်က လာရောက်ခေါ်ဆောင်သွားခဲ့ပြီး တပ်တွင်းစစ်ဆေးမှုများပြုလုပ်နေကာ ယာဉ်မောင်းဖြစ်သူအား  ပ- ၁၂၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၆၇၊ ၃၆၈ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က စုံစမ်းသိရှိရသည်။

"လက်ရှိမှာတော့ သေချာအချက်အလက်နဲ့ မပြောနိုင်သေးပါဘူး။ ကျွန်တော်ကလည်း ပြောင်းလာတာက ဇူလိုင် ၁၄ ရက်က။ ဖမ်းမိတာက ၁၃ ရက်က။ ပြီးတော့ အမှုဖွင့်တာကလည်း လက်ထောက်ဦးစီးက အမှုဖွင့်ထားတာလေ။ လုပ်ထုံးလုပ်နည်းအရတော့ တရားရုံးမှာ ဦးတိုက်လျှောက်တိုင်တန်းတာပါ။ အမျိုးသားမှတ်ပုံတင်နဲ့ပတ်သက်တဲ့ အက်ဥပဒေ၊ နည်းဥပဒေတွေနဲ့ပါပဲ။ နယ်စပ်ဖြတ်ကျော်ခြင်း ရှိ၊ မရှိဆိုတာတော့ စုံစမ်းစစ်ဆေးရဦးမှာပါ" ဟု ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးအောင်ခင်က ပြောကြားသည်။

ဖမ်းဆီးချုပ်နှောင်ထားသည့်သူများ၌ သုံးနှစ်အရွယ်ကလေးတစ်ဦးလည်းပါဝင်ခဲ့ပြီး အဘိုးအဘွားများက လာရောက်ခေါ်ဆောင်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
Writer:
ဝေလင်း (ပြည်)

0 အကြံပြုခြင်း: