Saturday, July 18, 2015

ကုန်းသီးလှဆွေ

r

မသိလို့..မရှင်းလို့....နား မလည်လို့ မေးပါရစေခင်ဗျာ..။ ဘူးလက်လှဆွေကို ဖေ့ဘွတ်မှာ ““ကုန်းသီးလှဆွေ”” လို့ ပြောင်းခေါ်နေကြတာ ဘာ့ကြောင့်ပါလဲခင်ဗျာ..၊တကယ်ကို မသိလို့နော်...(ဟာဂျူလီ-ကသာ)

Eleven Media Group 



Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်အား လုပ်ကြံခဲ့သူများအနက် နှစ်ဦးအား ဖမ်းဆီးရမိပြီဖြစ်ပြီး ၎င်းတို့ကို လူသတ်ရန် ကြံစည်အားထုတ်မှု ပုဒ်မ ၃၀၇ ဖြင့် ပြောင်းလဲ အမှုဖွင့်

Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်အား လုပ်ကြံခဲ့သူများအနက် နှစ်ဦးအား ဖမ်းဆီးရမိပြီဖြစ်ပြီး ၎င်းတို့ကို လူသတ်မှုအား ကျူးလွန်ရန် အားထုတ်မှု ပုဒ်မ ၃၀၇ ဖြင့် ပြောင်းလဲ အမှုဖွင့်ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဇူလိုင် ၁၅ ရက်တွင် စုံစမ်းသိရှိရသည်။

အဆိုပါ ဒေါက်တာသန်းထွဋ်အောင်အား လုပ်ကြံသူများကို အခင်းဖြစ်ပွားပြီးနောက် ဇူလိုင် ၁၄ ရက် ညပိုင်းက ပုဒ်မ ၃၃၆ (အခြားသူ၏ အသက်ကို(သို့)လုံခြုံရေးကို ဘေးဖြစ်စေသော ပြုလုပ်မှု)၊ ပုဒ်မ ၄၂၇ (အဘိုးငွေ ငါးဆယ်ကျပ်အောက်မနည်း ပျက်စီးနစ်နာစေသော အကျိုးဖျက်စီးမှု)၊ ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီသူ ကိုယ်တိုင်ရှိနေခြင်း) စသည့် ပုဒ်မများဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ပုဒ်မ ၃၃၆ နေရာတွင် ပုဒ်မ ၃၀၇ သို့ ပြောင်းလဲအမှုဖွင့်ထားပြီဖြစ်ကြောင်း သိရသည်။

လုပ်ကြံသူများထဲတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် 5D/3938 Caldina ခဲရောင်ယာဉ်မောင်း သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာနေ တီကောင်(ခ)ရန်နိုင် (၂၈)နှစ်အား ဇူလိုင် ၁၄ ရက် ည ၉ နာရီခွဲခန့်တွင် သာကေတမြို့နယ်၊ မြို့မ (၈) လမ်း၌ ယာဉ်နှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

၎င်းအား စစ်ဆေးရာ ကျူးလွန်ရာတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် စပိုက်ဒါ (ခ) အငယ်လေး (ခ) မျိုးမြင့်အောင်သည် ရန်နိုင်(၂၈)နှစ်၏ ကားကို ငှားရမ်းသဖြင့် ဗဟန်းမြို့နယ် ဦးချစ်မောင်းလမ်းရှိ အခင်းဖြစ်နေရာ အနီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် အခင်းဖြစ် နေရာသို့ အရောက်တွင် ယာဉ်အား စပိုက်ဒါမှ စက်အသင့်နှိုးထားရန် ညွှန်ကြားခဲ့ပြီး ၎င်းက ဖုန်းဖြင့်ဆက်ကာ လူငယ် နှစ်ဦးအား ထပ်မံခေါ်ဆောင်ပြီးနောက် လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်းနှင့် သာကေတမြို့နယ်၊ ၃ ရပ်ကွက်နေ စပိုက်ဒါ (၂၇)နှစ်ကို ဇူလိုင် ၁၅ ရက် နံနက် ၈ နာရီခန့်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခုမှ ဖမ်းဆီးရမိခြင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျူးလွန်သူအချို့ကို ညတွင်းချင်း ဖမ်းဆီးရမိအောင် လုပ်ဆောင်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် Yangon Police မှာ ဖော်ပြထားတဲ့ ယာဉ်ရှေ့ တံခါးမှန် လေးချက်ထိမှန် အက်ကွဲပြီး ငွေကျပ်သိန်း ၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့လို့ ကျူးလွန်သူတွေကို အရေးယူပေးဖို့ တိုင်ကြားခဲ့တယ် ဆိုတာနဲ့ လေးခွနဲ့ ချောင်းမြောင်းပစ်ခတ်တဲ့အမှု ဆိုတာကိုတော့ ကျွန်တော်ကန့်ကွက်တယ်။ အခုကိစ္စက လေးခွနဲ့ချောင်းပစ်လို့ အမှုဖွင့်တာမျိုး မဟုတ်ဘူး။ လူမြင်ကွင်းမှာ ကြိုတင်ကြံစည်မှုနဲ့ လူသတ်ဖို့အထိ လုပ်ဆောင်တာပါ။ ရန်ကုန်မြို့ရဲ့ ညနေပိုင်းအချိန် လူမြင်ကွင်း လင်းလင်းထင်းထင်းမှာ ဥပဒေမဲ့ အကြမ်းဖက်တာပါ။ တကယ်တော့ ကျွန်တော့ကို အခုလို လုပ်ကြံဖို့ လူ ၁၀ ဦးထက်မနည်း ပါဝင်ပတ်သက်နိုင်တယ်။ ကျွန်တော့ကားကို သိဖို့ ပြန်လေ့ရှိတဲ့လမ်းတွေကို သိဖို့ အချိန်တော်တော်ယူမှ ရလိမ့်မယ်။ လွန်ခဲ့တဲ့ ၂ လ ၃ လလောက်ကတည်းက လူမိုက်ဂိုဏ်းတွေနဲ့ အုပ်စုဖွဲ့ လုပ်ကြံနိုင်တယ်ဆိုတဲ့ သတင်းတွေ ကြိုတင်ရရှိထားလို့ ကျွန်တော်တို့ သတိထားပြီး နေခဲ့တာပါ။ ပြီးတော့ ကျွန်တော်က ကားတစ်စီးတည်းကို ပုံသေစီးလေ့ မရှိပါဘူး။ အခုဟာက လူသတ်ဖို့ ကြံစည်တာပါ။ ကားမှန်မကွဲခဲ့လို့ပါ။ ကားမှန်သာ ကွဲခဲ့မယ်ဆိုရင် ကျွန်တော်သေပြီ။ မနေ့က ကျွန်တော့်ကို လုပ်ကြံတဲ့ဖြစ်စဉ်မှာ ကားစထွက်လာတာကို သတင်းပေးတဲ့သူ၊ ကြိုစောင့်နေတဲ့သူတွေအပြင် ကျွန်တော့်ကားအနောက် ဒါမှမဟုတ် အရှေ့နားမှာ လိုက်ပါပြီးမှ ချိန်သားကိုက် အကွက်ချ လုပ်တဲ့သဘောပါ။ ကျွန်တော့်ကို ပစ်ခတ်တဲ့အချိန်မှာ အသေသတ် ဆိုပြီး လက်ညှိုးထိုး အော်ဟစ်ပြီး အနီးကပ် ပစ်ကြတာ။ ကားမှန် ခံနေတာကြောင့်ရယ်၊ အပစ်ခံရတဲ့ အချိန်မှာ ကားကို ညာဘက်ဆွဲလှည့်လိုက်ပြီး လူကလည်း ညာဘက်အခြမ်းကို ထွက်လိုက်နိုင်လို့ အန္တရာယ် မဖြစ်တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတဆီကို စာပို့အသိပေးသွားပါမယ်။ ရန်ကုန်မြို့ရဲ့ လုံခြုံရေး အခြေအနေဟာ ဘယ်လောက်ထိ အန္တရာယ်ရှိနေသလဲ ဆိုတာ ဒီဖြစ်စဉ်က သက်သေပါ။ ရန်ကုန်မြို့မှာ နေရာတိုင်း ကားကြပ်နေတယ်။ ဒါကို အခွင့်ကောင်းယူပြီး ဘယ်သူ့ကိုမဆို စထွက်လာတဲ့နေရာက စောင့်ပြီး သတင်းပေးမယ်၊ ကားပိတ်မယ့်နေရာမှာ အုပ်စုလိုက် ရန်ရှာပြီး အလွယ်တကူ သတ်ဖြတ် လုပ်ကြံခံရနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အခုကိစ္စက သာမာန်ဖြစ်စဉ်လို့ မယူဆဘူး။ နောက်ကွယ်က အဓိက ပါဝင်နိုင်တဲ့ ငွေကြေးနဲ့ သြဇာတိက္ကမ ရှိတဲ့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းဆိုတာ ဖော်ထုတ်အရေးယူနိုင်ဖို့ လိုပါတယ်။ နောက်ကွယ်က အဓိက လူတွေကို မဖော်ထုတ်နိုင်ဘဲ ကျူးလွန်တဲ့ လူမိုက်တွေကို အရေးယူလိုက်ရုံနဲ့ မပြီးဘူး။ နောက်ပြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ သူတို့ရဲ့ သားသမီး မြေးတွေ မိသားစုဝင်တွေ၊ နိုင်ငံရေးအရ ထင်ပေါ်ကျော်ကြားသူတွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ သူတို့ရဲ့သားသမီးတွေ၊ ထင်ရှားတဲ့ အနုပညာရှင်တွေ၊ အခြားသော ထင်ရှားကျော်ကြားသူတွေနဲ့ ရန်ကုန်မြို့မှာနေတဲ့ ဘယ်ပြည်သူမဆို အသက်အန္တရာယ်အတွက် အချိန်မရွေး ခြိမ်းခြောက်ခံရနိုင်တယ်ဆိုတာကို အဓိက သတိပြုစေချင်တာပါ။ ရန်ကုန်မြို့ရဲ့ လုံခြုံရေးက စိုးရိမ်စရာဖြစ်နေပြီ။ ကျွန်တော့်ဖြစ်စဉ်မှာ မိနစ် ၂၀ ကျော်တဲ့အထိ ရဲတပ်ဖွဲ့ဝင်တွေ မရောက်လာနိုင်ဘူး။ အားလုံးဟာ လမ်းမပေါ်မှာ လုံးဝစိတ်မချရတော့ဘူးဆိုတာကို သိစေချင်တယ်။ ရန်ကုန်မြို့ရဲ့ လူမြင်ကွင်းမှာ နေ့ခင်းကြောင်တောင် လက်ရဲ ဇက်ရဲ ကျူးလွန်မှုတွေ ဖြစ်လာတာကို ထိထိရောက်ရောက် အရေးယူ မဟန့်တားနိုင်ဘူးဆိုရင် ဝမ်းနည်းစရာ အဖြစ်ဆိုးတွေ ထပ်ဖြစ်လာနိုင်တယ်။ ဒီဖြစ်စဉ်မှာ ကျွန်တော်ပြောချင်တာ ဒါပါပဲ။” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောသည်။

ဖြစ်စဉ်မှာ Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်၏ ယာဉ်အား လူငါးဦးပါဝင်သောအဖွဲ့က ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းနှင့် အာဇာနည်လမ်းထောင့်တွင် စောင့်ဆိုင်း၍ သေစေနိုင်သော ကုန်းသီးဖြင့် နှစ်ပေခန့်အကွာမှ အနီးကပ် ပစ်ခတ်တိုက်ခိုက်လုပ်ကြံခဲ့ခြင်းဖြစ်သည်။ လုပ်ကြံသူများသည် ယာဉ်ကြောပိတ်မိနေစဉ် တစ်ဖက်ယာဉ်ကြောမှ အငှားယာဉ်ဖြင့် စောင့်ဆိုင်းပြီး CEO ဒေါက်တာသန်းထွဋ်အောင်၏ ဦးခေါင်းအား အနီးကပ် ချိန်ရွယ်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ပစ်ခတ်မှုကြောင့် ကားမှန်ထိခိုက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်အရှေ့ရှိ အခြားယာဉ်တစ်စီးအား တိုက်မိမှုဖြစ်ပွားခဲ့သော်လည်း CEO ဒေါက်တာသန်းထွဋ်အောင်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့ပေ။ ကားမှန်ခံနေသောကြောင့် ထိခိုက်ဒဏ်ရာ မရရှိခဲ့ခြင်းလည်းဖြစ်သည်။

၎င်းတို့အား ပြောင်းလဲ အမှုဖွင့်ထားသည့် ပြစ်မှုပုဒ်မ ၃၀၇ မှာ ပြုလုပ်မှု တစ်ခုခုကို ပြုရာတွင် သေခြင်းကို ဖြစ်စေခဲ့သော လူသတ်မှု မြောက်နိုင်မည့် ကြံရွယ်ချက်ဖြင့် လည်းကောင်း၊ ထိုကဲ့သို့သော (ပြုလုပ်မှု တစ်ခုခုကို ပြုရာတွင် သေခြင်းကို ဖြစ်စေခဲ့သော လူသတ်မှု မြောက်နိုင်မည့်)ပတ်ဝန်းကျင် အကြောင်းအခြင်းရာဖြင့် လည်းကောင်း၊ မည်သူမဆို ပြုလုပ်မှု တစ်ခုခုကို ပြုလျှင် ထိုသူကို ထောင်ဒဏ် ၁၀ နှစ်အထိ တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်အနေနဲ့လည်း ချမှတ်နိုင်သည်။ ထို့အပြင် ထိုပြုလုပ်မှုဖြင့် တစ်ဦးတစ်ယောက်သော နာကျင်စေလျှင် ထိုသူကို တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ၊ အထက်ကဆိုခဲ့သော ပြစ်ဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

ယာဉ်မောင်း တီကောင် (ခ) ရန်နိုင် (၂၈) နှစ်အား ပြစ်မှုကျူးလွန် ခဲ့သည့် မော်တော်ယာဉ်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - Yangon Police)
 
မြောက်ဥက္ကလာပ မြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် ဖမ်းဆီးရမိခဲ့သည့် စပိုက်ဒါ (ခ) အငယ်လေး (ခ) မျိုးမြင့်အောင် (အသက် ၂၈ နှစ်) အားတွေ့ရစဉ် (ဓာတ်ပုံ - Yangon Police)

Eleven Media Group ၏ ဂုဏ်သိက္ခာ ထိခိုက်စေမှုအတွက် ရှင်းလင်းရန် တောင်းဆိုမှုအပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ရှင်းလင်းရန် ငြင်းဆန်နေသောကြောင့် ဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမည်

Eleven Media Group ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော ရေးသားမှုများကြောင့် လာရောက်ရှင်းလင်းရန် ရှေ့နေ့မှတစ်ဆင့် အသိပေး ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုမှုအပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ရှင်းလင်းရန် ငြင်းဆန်သောကြောင့် ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးလှဆွေက ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ရေးသားခဲ့မှုသည် မမှန်မကန် ဖော်ပြ ရေးသားခဲ့ခြင်းဖြစ်ပြီး၊ ကောင်းသော သတင်းမီဒီယာတစ်ခု အနေဖြင့် ရပ်တည်နေသော Eleven Media Group ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသောကြောင့် လာရောက်ရှင်းလင်းရန် အသိပေးကြေညာခြင်း ပြုလုပ်ခဲ့သည်။

ယင်းကြေညာချက်ကို ဇူလိုင်လ ၁၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာတွင် “ဦးလှဆွေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)နှင့် အများသိစေရန် ကြေညာခြင်း” “လွှဲညွှန်ကြားချက်အရ ဦးကျော်စိုးမိုး တရားလွှတ်တော်ရှေ့နေ” ဟူ၍ ထည့်သွင်းခဲ့ပြီး ဖြစ်သည်။ သို့သော် ဦးလှဆွေ အနေဖြင့် ဖြေရှင်းရန် အကြောင်းမရှိကြောင်း မီဒီယာအချို့ကို ပြန်လည်ဖြေကြားထားကြောင်း သိရသည်။ ဦးလှဆွေက “ဖြေရှင်းစရာအကြောင်း မရှိဘူး။ သူတို့ တရားရုံးမကလို့ မိုးပေါ်တက်တက် ကျွန်တော်က လိုက်မယ်” ဟူ၍ ဖြေကြားထားကြောင်း ဇူလိုင် ၁၄ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။ အလားတူပင် RFA သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားရာတွင်လည်း တရားပြန်စွဲမည်ဟု ဖြေကြားထားသည်ကို တွေ့ရသည်။

“ကျွန်တော်တို့အနေနဲ့ ရှေ့နေ ကြေညာချက်ကို ဇူလိုင် ၁၁ ရက်နေ့က ထည့်သွင်းခဲ့တယ်။ ယခု မီဒီယာတွေကို ဦးလှဆွေဖြေသလို မရှင်းလင်းဘူး ဆိုရင်တော့ ဥပဒေအတိုင်းပဲ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု The Daily Eleven အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

“ဦးလှဆွေက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့အတွက် သူ့ရဲ့ ပြောဆိုမှုတွေက လက်လွတ်စပယ် မဖြစ်သင့်ဘူး။ အလွန်စက်စုပ်ဖွယ်ကောင်းလို့ဗျဆိုတဲ့ စကားလုံးက ဘယ်လောက်ရင့်သီးပြီး တစ်ဖက်သားကို ထိခိုက်နစ်နာ စေတယ်ဆိုတာ သိသင့်တယ်။ ပြီးတော့ အခု ကိစ္စမှာ သူပြောတဲ့ အချက်တွေ မှားနေတယ်။ ဒေါက်တာသန်းထွဋ်အောင်က သစ်ကွက်ရပြီး သစ်ထုတ်ခဲ့တာမျိုး မရှိပါဘူး။ သစ်ထုတ်တဲ့ လူတွေဆီက ၀ယ်ပြီး နိုင်ငံခြားကို Export လုပ်ခဲ့တာမျိုးပါ။ ဂန့်ဂေါမှာ ၉၂၊ ၉၃ လောက်က ဒါမျိုးလုပ်ခဲ့တာပါ။ သူ့အဖေနဲ့လည်း ဘာမှမဆိုင်ဘူး။ သူ့အဖေ တာဝန်ထမ်းဆောင်ခဲ့တာက ၁၉၇၀-၁၉၇၄ ပါ။ ပြီးတော့ သစ်လုပ်ငန်း လုပ်ပြီးတာနဲ့ ဂျာနယ်တန်းထုတ်တယ် ဆိုတာလည်း လုံးဝမဟုတ်ဘူး။ ဂျာနယ် စထုတ်တဲ့ အချိန်က ၂၀၀၀ ပြည့်နှစ် ဇွန်လမှပါ။ ဂန့်ဂေါမှာ သစ်ဝယ်တာတွေ နောက်ဆုံးလုပ်ခဲ့တာ ၉၂၊ ၉၃ ပါ။ ဦးလှဆွေ အနေနဲ့ အချက်အလက် အမှားတွေနဲ့ ဂုဏ်သိက္ခာ ထိခိုက်အောင် ရေးခဲ့တာပါ။ ဒေါက်တာသန်းထွဋ်အောင် ဘာတွေလုပ်ခဲ့သလဲ ဆိုတာကို ကာယကံရှင်ကိုယ်တိုင် သူရေးတဲ့ စာတွေမှာ တရားဝင် ထုတ်ဖော်ရေးသား ထားပြီးသားပါ။ ဦးလှဆွေ အနေနဲ့ အချက်အလက် အမှန်တွေကို သေချာ မစုံစမ်းဘဲ ရေးတာလား၊ သူသိထားတွေကဘဲ အမှားတွေလား ဆိုတာကိုတော့ မသိဘူး။ ကျွန်တော်တို့ကို ပြန်ကြားရေးက တရားမစွဲခင် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလလောက်မှာ ရဲသတင်းတပ်ဖွဲ့ (SB) က ဒေါက်တာသန်းထွဋ်အောင် သစ်လုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဂန့်ဂေါမှာ လိုက်စုံစမ်းနေတယ်လို့ ကျွန်တော်တို့ အယ်ဒီတာတစ်ဦးကတစ်ဆင့် သိရလို့ ကျွန်တော်တို့ တင်ပြဖူးတယ်။ အဲဒီနောက်ပိုင်း ကျွန်တော်တို့ သတိထား စောင့်ကြည့်နေပါတယ်။ အခုတော့ ဦးလှဆွေဆီမှာ ဒီလို ရေးလာတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဦးလှဆွေ အနေနဲ့ သူမမှန်တာ ရေးခဲ့တာတွေအတွက် တာဝန်ယူ ဖြေရှင်းဖို့ လိုပါတယ်။ ကျွန်တော်တို့က တရားစွဲဆိုတဲ့ အခြေအနေမျိုးတွေအထိ မလုပ်လိုလို့ ရှေ့နေစာနဲ့ အသိပေးတာပါ။ ဒီလို မဟုတ်ဘဲ မီဒီယာတွေကို သူဖြေနေတဲ့အတိုင်း တာဝန်ယူ မဖြေရှင်းဘူး ဆိုရင်တော့ ဥပဒေအတိုင်း ဆက်လုပ်သွားမှာပါ။ ပြီးတော့ The Voice Daily မှာရေးတဲ့ သတင်းမှာ ပါသလို လွှတ်တော်ကိုယ်စားလှယ်ကို တရားစွဲရင် လွှတ်တော်ဥက္ကဋ္ဌဆီ ခွင့်ပြုချက် တောင်းရတယ်ဆိုတာ မဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၃၃ (က)၊ (ခ)၊ (ဂ)၊ ပုဒ်မ ၁၃၄ (က)၊ (ခ)၊ (ဂ)နဲ့ ပုဒ်မ ၁၃၅ တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ဥပဒေအရ အရေးယူတာ၊ အရေးမယူနိုင်တာတွေနဲ့ ပတ်သက်၍ အတိအလင်း ပြဋ္ဌာန်းထားတာပါ။ အဲဒီမှာ လွှတ်တော်ဥက္ကဋ္ဌဆီ ခွင့်တောင်းဖို့လိုတာ ဖမ်းမယ်ဆိုမှပါ။ တရားစွဲဖို့ ခွင့်တောင်းရမယ်လို့ မပါဘူး။” ဟု ကိုဝေဖြိုးက ဆက်လက်ပြောကြားပါသည်။

Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်နှင့် ပတ်သက်၍ သတင်းတပ်ဖွဲ့မှ စုံစမ်းခဲ့မှုအပေါ် “၂၀၁၄ စက်တင်ဘာလောက်က SB က ရဲအုပ်တစ်ယောက် (ကိုဝင်းလွင်)က ဂန့်ဂေါမြို့နယ် အတွင်းမှာ CEO ဒေါက်တာသန်းထွဋ်အောင် သစ်လုပ်ငန်း လုပ်ခဲ့တဲ့ အချိန်က ပြစ်မှုဟောင်း ရှိ၊ မရှိ လာရောက် မေးမြန်းခဲ့တယ်လို့ မုံရွာ သစ်ထုတ်လုပ်ရေး ၀န်ထမ်းဟောင်းတစ်ဦးက ကျွန်တော့်မိသားစုဝင် တစ်ဦးကို ဆက်သွယ်ပြောကြားပါတယ်။ သူဟာ ဒီကိစ္စ တစ်ခုတည်းအတွက် ရန်ကုန်ကနေ မုံရွာကို ပြောင်းရွှေ့လာတာလို့လည်း သိရပါတယ်။ ကျွန်တော့်မိသားစုနဲ့ ရင်းနှီးတဲ့ ၀န်ထမ်းဟောင်း (ယာဉ်မောင်း) တစ်ဦးက CEO ရဲ့ဖခင် ဦးအောင်သင်းရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပေမယ့် သူ့အနေနဲ့ ပြောတာထက် ဂန့်ဂေါမှာ အခုထိ သက်ရှိထင်ရှား ရှိနေသေးတဲ့ ဆရာဦးအောင်သင်းရဲ့ ယာဉ်မောင်းခေါင်းဆောင် ဦးချစ်တင်ဆီမှာ သွားမေးတာက ပိုပြီး သိရမယ်လို့ ပြန်ပြောလိုက်တယ်လို့ သိရပါတယ်” ဟု Eleven Media Group ၏ အကြီးတန်း အယ်ဒီတာတစ်ဦးဖြစ်သူ ကိုစိုးထက်ခိုင်က ပြောပြပါသည်။

0 အကြံပြုခြင်း: