Saturday, July 18, 2015

ဆောင်းညအိပ်မက်

r


BrainWave ဉာဏ်လှိုင်း
==============

ဒီညတော့ ဘာမှ မရေးလို့ ဆုံးဖြတ်ထားသော်လည်း အမြှီးအမောက်မတည့်၊ အနက်အဓိပ္ပာယ်လည်း မသိသော သူရူးတစ်ယာက်၏ ဂယောင်ဂတမ်း ပြောဆိုနေခြင်းကို ဖတ်ရ၍ သည်းမခံနိုင်တော့ပေ။

ဖတ်ကြည့်ပါ၊ အီသီယိုးပီးယားနိုင်ငံထက် အဆင့်နိမ့်သွားသော်လည်း ဆိုမာလီယာအထက်တွင် ရှိနေသေး၍ များစွာ ဂုဏ်ယူနိုင်ကြောင်း ဆိုပါ့လား။

ဆိုမာလီယာသည် နိုင်ငံပျက်လုမတတ်ဖြစ်ကာ ပါလီမန်ပင်လျှင် ဟော်တယ်လိုနေရာမျိုး၊ လေဆိပ်အဆောက်အအုံဝင်း အတွင်း ကြုံသလို ကျင်းပနေရသော နိုင်ငံမျိုး။ လူငယ်အတော်များများက ပင်လယ်ဓါးမြဖြစ်နေသော နိုင်ငံမျိုးဆိုတဲ့ အခြေခံ ဗဟုသုတ ရှိမှရှိပါလေစ။

ယခင် ဗိုလ်သန်းရွှေလက်ထက်ကလည်း ကြက်တုတ်ကွေးရောဂါနှင့် ပါတ်သက်၍ ယိုးဒယားနှင့် မြန်မာပြည်အကြားတွင် မြင့်မားလှသော တောင်တန်းကြီးများ ကာရံထားမှုကြောင့် ငှက်များ တောင်ကျော်၍ မပျံသန်းနိုင်သဖြင့် ကူးစက်မည်ကို စိုးရိမ်စရာမရှိဟူ၍ ပြောခဲ့ခြင်းမှာလည်း ဒင်းပင်။

အဆိုပါလူသည် စိတ္တဇဆေးရုံတွင်ရှိနေက အကြောင်းမဟုတ်သော်လည်း သာမန်လူများရှိရာ အရပ်သို့ ရောနှောဝင်ရောက်နေရုံသာမက ၀န်ကြီးဌာနကြီးတစ်ခုကိုပင် အခန့်သား ဦးဆောင်နေပြီဆိုတော့ သံပုံးတီးပြီး တောထုတ်ရုံသာ ရှိပေတော့သည်။

တိုင်းပြည်၏ တိုးတက်စည်ပင်ရာ စည်ပင်ကြောင်း လုပ်နိုင်သည့် အခွင့်အလမ်းများစွာ ရှိပါလျက် ယခုကဲ့သို့ ဖြစ်နေခြင်းမှာလည်း အဆိုပါသူရူးများ ကြီးစိုးနေခြင်းကြောင့်သာ ဖြစ်သည်မှာ လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားလှပေသည်။
ဤသို့ဖြစ်လာရခြင်း အခြေခံအကြောင်းတရားမှာလည်း ၎င်းတို့အား ဒေါ်စိန်အေး စစ်ကျောင်းတော်ကြီးမှ "မင်းတို့ဟာ နိုင်ငံကို အသက်ပေးကာကွယ်ဖို့ တပ်မတော်ထဲကို ၀င်လာကြတာ၊ မင်းတို့ရဲ့ စွန့်လွှတ်အနစ်နာခံတဲ့ စိတ်ဓါတ်က သာမန်လူတွေထက် မြင့်မြတ်တယ်။ ဒါကြောင့် ဘယ်လိုအကြောင်းနဲ့မှ မင်းတို့ကို ဘယ်သူမှ ဝေဖန်စရာ အကြောင်းမရှိ။ နိုင်ငံတော်က မင်းတို့ကို အပြည့်အ၀ အခွင့်အရေးပေးပြီး အကာအကွယ်ပေးသွားမယ်" ဟူသော စကားမျိုးများဖြင့် ပြည်သူနှင့် တပ်မတော်ကို သွေးခွဲခဲ့ကြသည်။

အမှန်တကယ်လည်း သူတို့အဖို့က သေရင် 'မြေကြီး၊ ရှင်ရင် ရွှေထီး' ဖြစ်ခဲ့ကြသည်မှာလည်း အားလုံးအသိပင်။
၎င်းတို့အား ကာကွယ်စောင့်ရှောက်ပေးနေသည်ဟူသော နိုင်ငံတော်ဆိုသည်မှာလည်း လက်တဆုပ်စာ အာဏာရ လူတန်းစားများပင် ဆိုသည်ကို ဝေခွဲရန် စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိကြတော့။ ဝေခွဲနိုင်စွမ်း ရှိသူများအဖို့ ကြာရှည်နေ၍ မရတော့။ နည်းအမျိုးမျိုးဖြင့် တပ်မတော်က ထွက်အောင် ပြုလုပ်ခဲ့ကြသည် မဟုတ်ပါလား။ အချို့ကလည်း ဝေခွဲနိုင်စွမ်း ရှိပါသော်လည်း ရွှေထီးဆောင်းရမည့် ဘ၀ကို တွေးကာ ရေလိုက်ငါးလိုက် နေလာကြရင်း အသိညဏ်များ သံချေးတက်ခဲ့ရပေတော့သည်။

သို့အတွက် ပုလင်းတူ၊ ဗူးဆို့များသာ စုကျန်ခဲ့တာ့ပြီး တစ်သွေး၊ တစ်သံ၊ တစ်မိန့် ပြန်လည် ဝေဖန်အကြံပေးမှုလည်း မရှိသည့် ဘ၀မျိုးဖြင့် ပြောချင်ရာ ပြော၊ လုပ်ချင်ရာ လုပ်လာကြကာ အခုလို ပေါချာချာ ဘ၀ကြီးဖြင့် ဆက်လက်ရှင်သန်ခဲ့ကြသည်။

ဤကဲ့သို့ သူတို့ဘာသူတို့ သီးခြားလူတန်းစားအဖြစ် ရပ်တည်နေက အရေးမကြီးသော်လည်း နိုင်ငံတော်၏ အရေးအရာများကို ၀င်ရောက်စီမံခန့်ခွဲလာကြသည့်အခါ တိုင်းပြည်ပျက်ကိန်း ဆိုက်ခဲ့ရသည်မှာလည်း အားလုံးအမြင်ပင်။

အခုလည်း နောက်ထပ် ၅ နှစ် တိုင်းပြည်အရေးကို ဆက်လက်စီမံခန့်ခွဲရန် လုံးပမ်းနေကြပြန်၍ မိမိတို့နိုင်ငံသည် ဆိုမာလီအောက် မရောက်သရွေ့ တိုးတက်နေသည်ဟု ယူဆ၍သာ စိတ်ဖြေကြကုန်လော့။

HSW

0 အကြံပြုခြင်း: