Monday, June 29, 2015

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆန္ဒခံယူပွဲပြုလုပ်ရန် သင့် မသင့်




ဇွန် ၂၅ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရာတွင် လုံလောက်သည့် ထောက်ခံမဲ ရရှိခဲ့ခြင်းမရှိဘဲ ပုဒ်မ ၅၉(ဃ) တစ်ခုတည်းအတွက်သာ လုံလောက်သည့် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့သည်။ ပုဒ်မ ၅၉ (ဃ) ၏ မူလပြဋ္ဌာန်းချက်မှာ “နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမည်” ဟူ၍ဖြစ်ပြီး ပြင်ဆင်ချက်မှာ “နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး စသည့် အမြင်များရှိရမည်” ဟူ၍ ဖြစ်သည်။ ယင်းတွင် “စစ်ရေး” ဟူသည့် စကားလုံးနေရာ၌ “ကာကွယ်ရေး” ဟူသည့် စကားလုံး အစားထိုးလိုက်ခြင်းသာဖြစ်ပြီး ထူးခြားမှုများစွာ မရှိလှပေ။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ (ခ) ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဇွန် ၃၀ ရက် (ယနေ့) တွင် စတင်ဆွေးနွေးမည်ဟု သတင်းရရှိသည်။ ပုဒ်မ ၄၃၆ (ခ) နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၆၃ ဦးက ဆွေးနွေးမည်ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၈ ဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၈ ဦး၊ တပ်မတော်မှ ၁၂ ဦးနှင့် အခြားပါတီများနှင့် တစ်သီးပုဂ္ဂလ ၁၅ ဦးတို့ ဆွေးနွေးမည်ဟု သိရသည်။ မူလက ဆွေးနွေးရန်အတွက် လွှတ်တော်ကိုယ်စားလှယ် ၁၁၂ ဦး အမည်စာရင်း ပေးသွင်းထားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ရွေးကောက်တင်မြှောက်ခံ မဟုတ်သော တပ်မတော်သား ကိုယ်စားလှယ်များက အဓိကကျနေကြောင်း တွေ့ရှိရသည်။ ပြည်ထောင်စု လွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အရေအတွက်မှာ ၁၆၆ ဦးဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိရမည်ဖြစ်ရာ တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမဲ မရရှိပါက မည်သည့်ပုဒ်မကိုမျှ ပြင်ဆင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် တပ်မတော်သား ကိုယ်စားလှယ်များအား ဗီတိုအာဏာ ပေးထားသကဲ့သို့ ဖြစ်နေသည်။

တပ်မတော်သား ကိုယ်စားလှယ်များ အနေဖြင့် ပြုပြင်ပြောင်းလဲရေးကို လိုလားသည့် စိတ်မရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မှန်သမျှကို ထပ်တလဲလဲ ကန့်ကွက်နေမည်ဆိုပါက ပြင်ဆင်ရေးအတွက် ဆွေးနွေးခြင်းသည် လည်းကောင်း၊ ဆုံးဖြတ်ရန် မဲခွဲနေခြင်းသည် လည်းကောင်း မည်သည့်အဓိပ္ပာယ်မျှ မရှိသည့် နည်းတူ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခြင်းသည်လည်း ဘာမျှအဓိပ္ပာယ် မရှိပါ။ ပုဒ်မ ၅၉(ဃ) ၌ “စစ်ရေး” ဟူသည့် စကားလုံးနေရာတွင် “ကာကွယ်ရေး” ဟူသည့် စကားလုံးဖြင့် အစားထိုးရန် ကိစ္စကဲ့သို့သော အသေးအဖွဲ ကိစ္စလေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်မည် ဆိုပါလျှင် ရယ်ဖွယ်ရာသာ ဖြစ်လိမ့်မည်။ ဆန္ဒခံယူပွဲအတွက် ပြည်သူများ အချိန်ကုန် လူပန်း ဖြစ်ခြင်းသာ အဖတ်တင်မည်ဖြစ်ပြီး ဆန္ဒခံယူပွဲ ကျင်းပရေးအတွက် နိုင်ငံတော် ဘဏ္ဍာများ အလဟဿ ဆုံးရှုံးရုံသာ ရှိလိမ့်မည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မများ ဆက်လက်ပြင်ဆင်ရာ၌ တပ်မတော်သား ကိုယ်စားလှယ်များက တစ်ဆင့်ချင်း ဆက်တိုက်ကန့်ကွက် နေမည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို လွှတ်တော်အတွင်း၌ ကြိုးပမ်း၍ မရကြောင်း ပြည်သူများ သဘောပေါက် သွားကြမည်ဖြစ်သည်။ ယခုလက်ရှိ အနေအထား၌ မဲစာရင်းမှားယွင်းမှု အများအပြား ပေါ်ပေါက်နေရာ လိုအပ်သော ပြင်ဆင်မှုများ အချိန်မီ မပြုလုပ်နိုင်ပါက မဲလိမ် မဲခိုး မဲမသမာမှုများ ဖြစ်ပေါ်လာနိုင်သည့်အပေါ် စိုးရိမ်မှုများ ရှိနေသည်။ ထိုသို့ ဖြစ်ပေါ်ခဲ့ပါက တရားမျှတသော ရွေးကောက်ပွဲ ဖြစ်နိုင်ခြေအပေါ် မျှော်လင့်ချက်လည်း လျော့နည်းသွားမည်ဖြစ်သည်။ ယင်းအခြေအနေများအရ ပြည်သူများ အနေဖြင့် လွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးထက် ရွေးကောက်ပွဲအပေါ်သာပို၍ အာရုံစိုက်ရတော့မည် ဖြစ်သည်။

ထို့ကြောင့် လွှတ်တော်အတွင်း၌ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ထိရောက်စွာ ပြင်ဆင်နိုင်ခြင်းမရှိ၊ ရွေးကောက်ပွဲသည်လည်း တရားမျှတမှုမရှိ ဖြစ်ခဲ့မည်ဆိုပါက ပြည်သူများအနေဖြင့် ရွေးကောက်ပွဲ ပြီးသည့်အခါ လွှတ်တော်ပြင်ပ နည်းဖြင့်သာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးပမ်းလာကြဖွယ်ရှိကြောင်း The Daily Eleven သတင်းစာက သုံးသပ်ရေးသား အပ်ပါသည်။

(ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ဝေမည့် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်)


-

0 အကြံပြုခြင်း: