Saturday, June 20, 2015

၁၄ဒေါ်လာသုံးတဲ့အချိန်မှာသူတို့က ဒေါ်လာ၈ဝဝဝလောက်သုံးတယ်




Yangon Media Group

အစိုးရမှ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် ဘတ်ဂျက်ငွေအသုံးစရိတ် တိုးမြှင့်သုံးစွဲထားသည်ဆိုသော်လည်း၊စုစုပေါင်းအသုံးစရိတ်အားလုံး၏ လေးရာခိုင်နှုန်းပင်မပြည့်ချေ။ ယင်းအသုံးစရိတ်ငွေသည် ကျန်းမာရေးကဏ္ဍအတွက် လုံလောက်နိုင်ခြင်းရှိ၊မရှိကို ကလေးအထူးကုဆရာဝန်ကြီးဒေါက်တာဖေသက်ခင်နှင့် ယခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

ဖြူသစ်လွင် တွေ့ဆုံမေးမြန်း သည။်
======================================
ကျွန်တော်တို့ ကျန်းမာရေးအတွက် တစ်ယောက်ကို ၁၄ဒေါ်လာ သုံးတဲ့အချိန်မှာသူတို့က ဒေါ်လာ၈ဝဝဝလောက် သုံးတယ်
======================================
Question:: WHO ရဲ့ဖော်ပြချက်တွေမှာ မြန်မာနိုင်ငံရဲ့ရောဂါဖြစ်ပွားမှု နှုန်းတွေ၊ သေဆုံးမှုနှုန်းတွေဟာ မြင့်တဲ့အထဲမှာ ပါနေသေး တာတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာဘယ်လိုမှတ် ချက်ပေးချင်ပါသလဲ။

Answer :: ကျတော့ ကျလာတယ်။ ဒါပေမဲ့ ဒီထက်ကျအောင်လုပ် ဖို့လိုနေတယ်ပေါ့။ လွန်ခဲ့သောနှစ်ပေါင်း၂ဝ က မိခင်သေ ဆုံးမှုနှုန်းကိုကြည့်မယ်ဆိုရင် လူတစ်သိန်းမှာ ၅ဝဝ၊ ၆ဝဝ ကျော်လောက်ရှိတယ်။ အခုဒီဘက်နှစ်ပိုင်းတွေမှာ ၂ဝဝနဲ့ ၂ဝဝအောက်ကို ကျလာတယ်။ ဒါပေမဲ့ တကယ့်ဖွံ့ဖြိုးတဲ့နိုင်ငံ တွေ၊ ကျွန်တော်တို့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အာဆီယံနိုင်ငံ တွေနဲ့ယှဉ်ရင် မြန်မာနိုင်ငံက များနေသေးတယ်။ သဘော ကတော့ ဒီထက်ကျအောင် လုပ်လို့ရသေးတယ်။ လုပ်ဖို့ လည်း လိုအပ်သေးတယ်။ တိုးတက်မှုမရှိဘူးမဟုတ်ဘူး၊ ရှိတယ်။ ဒါပေမဲ့ တချို့ဖွံ့ဖြိုးပြီးတိုင်းပြည်တွေမှာ ကိုယ်ဝန် ဆောင်တစ်သိန်းမှာ ဆယ်ဂဏန်း၊ ခုဂဏန်းကိုရောက်သွား ပြီ။ ကျွန်တော်တို့မှာ ၂ဝဝလောက်တင်နေတုန်းပဲ။ များနေ တာပေါ့။ ဒါပေမဲ့ တစ်သိန်းမှာ ၆ဝဝ လောက် သေခဲ့တာက နေ ဆင်းလာတာဆိုရင်တော့ တိုးတက်မှုတွေရှိနေတယ်။ ဒါပေမဲ့ ဒီတိုးတက်မှုသည် ကျေနပ်ဖွယ်ရာကောင်းသော တိုးတက်မှုတော့မဟုတ်ဘူး။ ဒီထက်ပိုပြီးကျဆင်းအောင် လုပ်ရဦးမယ်။ ကလေးသေဆုံးနှုန်းကအစ ကျဆင်းလာတာ မှန်တယ်။ ဒါပေမဲ့ ဒီထက်ပိုပြီးတော့ကျအောင်လုပ်ဖို့ လိုအပ် နေသေးတယ်။
နောက်ပြီး နည်းလာတာ၊ များနေသေးတာ ငြင်းနေလို့ ဘာမှအကျိုးမရှိဘူး။ သေနှုန်းနည်းရင် ပြန်များမလာအောင် ထိန်းထားမယ်။ ဒီထက်နည်းအောင်လုပ်မယ်။ မသေသင့် တာတွေကို မသေအောင်လုပ်မယ်ပေါ့။ နည်းတယ်၊ များ တယ် အခြေခံနေရင်းနဲ့လုပ်စရာရှိတာ မလုပ်ရင် ဆက် သေနေမှာပေါ့။ လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ လုပ် ရမယ်။

Question:: ကျန်းမာရေးဘတ်ဂျက်ဟာ ဘတ်ဂျက်သုံးငွေ စုစုပေါင်းရဲ့ သုံးရာခိုင်နှုန်းကျော်နဲ့ အနည်းဆုံး ဖြစ်နေတယ်ဆိုတော့ ဆရာရေ ဒီအပေါ်မှာ သုံးသပ်ပေးပါ။

Answer::ဒီနှစ်မှာ ဘီလီယံ ၇ဝဝ ကျော်သုံးနေတယ်လို့ပြော ကြားထားတယ်။ ကျွန်တော်တို့ သိသလောက်ပြောရရင် လွန်ခဲ့တဲ့ ၂ဝ၁ဝ-၂ဝ၁၁ အခြေခံနှစ်တွေပေါ့။ အစိုးရဘတ် ဂျက်မှာ မြန်မာနိုင်ငံရဲ့ အစိုးရကကျခံတဲ့ ကျန်းမာရေး အသုံးစရိတ် မြန်မာကျပ်ငွေ ၇၄ ဘီလီယံလောက်ပဲသုံး တယ်။ အထွေထွေကျန်းမာရေးအသုံးစရိတ်ပေါ့။ အစိုးရ ကျခံမှုက နှစ်ဒေါ်လာနဲ့ မိမိကိုယ်တိုင်ကျခံတာရော၊ အဖွဲ့ အစည်းတွေ၊ အလှူရှင်တွေကျခံတာရော လူတစ်ယောက် ကျန်းမာရေးအသုံးစရိတ်က အဲဒီတုန်းက ၁၄ ဒေါ်လာ လောက်ပဲရှိတယ်။ အဲဒီအချိန်မှာ အမေရိကန်နိုင်ငံက တစ်ယောက်ကို တစ်နှစ်ကို ဒေါ်လာ၈ဝဝဝကျော်လောက် ရှိတယ်။ အစိုးရကချည်း ၈ဝဝဝ ကျော်လောက်စိုက်တာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကျန်းမာရေးအတွက် တစ်ယောက်ကို ၁၄ ဒေါ်လာသုံးတဲ့အချိန်မှာ သူတို့က ၈ဝဝဝ လောက်သုံးတယ်။ ယူရိုမှာရှိတဲ့ လူဇင်ဘတ်ဆိုတဲ့ နိုင်ငံမှာဆိုရင် အစိုးရကချည်းပဲ လူတစ်ယောက်အတွက် ကို တစ်နှစ်ကျန်းမာရေးအတွက် ဒေါ်လာ၈ဝဝဝကျော် လောက်စိုက်တယ်။ သူက အစိုးရက စိုက်ထုတ်မှုအများ ဆုံးပေါ့။

Question::ဒီလိုနိုင်ငံတွေရဲ့ ကျန်းမာရေးအဆင့်အတန်းအခြေအနေ ကရော ဘယ်လိုရှိပါသလဲရှင်။

Answer::ဒါပေမဲ့ တစ်ဖက်ကပြန်ကြည့်ရင် ပိုက်ဆံများတိုင်း ကျန်းမာရေးအဆင့်အတန်း မြင့်လာတယ်လို့ ပြောလို့ တော့မရဘူး။ အမေရိကန်နိုင်ငံနဲ့ စင်ကာပူနိုင်ငံကို ကြည့် မယ်ဆိုရင် အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်မှာ စီးပွား ရေးအကောင်းဆုံး၊ဂျီဒီပီအများဆုံးပါ။ သူတို့ဂျီဒီပီရဲ့၁၅ ရာခိုင်နှုန်းနဲ့ ၁၇ ရာခိုင်နှုန်းကြားမှာ ကျန်းမာရေးအသုံး စရိတ်သုံးတယ်။ စင်ကာပူသည် အမေရိကလောက် မချမ်း သာဘူး။ သူ့အသုံးစရိတ်က ဂျီဒီပီရဲ့ လေးရာခိုင်နှုန်းပဲရှိ တယ်။ ဒါပေမဲ့ စင်ကာပူရဲ့ ကျန်းမာရေးအဆင့်အတန်းက အမေရိကထက်မြင့်တယ်လို့ ပြောလို့ရတယ်။
ဘာကြောင့်လဲဆိုတော့ အမေရိကမှာ လူဦး ရေသန်း ၄ဝ ကျော်ဟာ ကျန်းမာရေးအာမခံ မရှိဘူး။ ကျွန်တော်တို့နိုင်ငံလို မဟုတ်ဘူး။ ကျွန် တော်တို့နိုင်ငံက အာမခံထားထား၊ မထား ထား ဆေးရုံလာရင်ကုပေးတယ်။ ဟိုမှာက အာမခံမရှိရင် ဘယ်ဆေးရုံကမှမကုဘူး။ ဒီ တော့ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံ၊ ကမ္ဘာ ပေါ်မှာ ကျန်းမာရေးအသုံးစရိတ်အများဆုံး နိုင်ငံမှာ သန်း ၄ဝ ကျော်ဆေးကုသမှု ခံစားပိုင် ခွင့်မရှိဘူး။ ဒါကြောင့်ပိုက်ဆံများတိုင်း ကျန်း မာရေးအဆင့်အတန်းမြင့်တယ်လို့တော့ ပြော လို့မရဘူးပေါ့။ တိုက်ရိုက်တော့ အချိုးမကျဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့ရဲ့ ၁၄ဒေါ်လာဆို တာဟာ အဲဒီအခြေခံနှစ်မှာ နည်းလွန်းအား ကြီးတယ်လို့ ပြောလို့ရတယ်။ ကမ္ဘာပေါ် မှာ အစိုးရရဲ့ ကျန်းမာရေးထောက်ပံ့မှု အနည်းဆုံး နိုင်ငံသည် ၁ဝ၊ ၁၁ ဒေါ်လာမှာပဲ။ ကျန်းမာရေး အသုံးစရိတ် အနည်းဆုံးမဟုတ်ဘူး။ ကျန်းမာ ရေးအသုံးစရိတ်မှာ ကျွန်တော်တို့ထက်နည်းတဲ့ အာဖရိကနိုင်ငံတွေရှိတယ်။ ကျွန်တော်တို့က ၁၄ ဒေါ်လာသုံးတယ်ဆိုမှ သူတို့က အထွေထွေ ကျန်းမာရေးအသုံးစရိတ်က ၁၂ဒေါ်လာပဲရှိ တယ်။ အဲဒီတော့မနှစ်ကဘတ်ဂျက်ကြည့်ရင် သန်း ၅ဝဝ ကျော်၊ ဒီနှစ်သန်း ၇ဝဝကျော် လူ ဦးရေနဲ့တွက်ရင် ၁၁ ဒေါ်လာ၊ ၁၂ဒေါ်လာ လောက်ဖြစ်သွားပြီ။ နှစ်ဒေါ်လာကနေတက် လာတာဒီအစိုးရသက်တမ်းမှာ ၁၂ဒေါ်လာ လောက်အထိ။ ဒါပေမဲ့လူဦးရေကဂဏန်းမငြိမ် တော့ ဒါလေးကတော့ ရှိတာပေါ့။ ဒီနှစ်မှာ တစ် ဦးချင်းကျန်းမာရေးအသုံးစရိတ်ကို အစိုးရရဲ့ ကျခံမှုဟာ အခုဘီလီယံ ၇ဝဝ ဆိုရင်၁၄ဒေါ် လာလောက်အထိဆိုတော့ အဲဒီနှစ်နဲ့စာရင် တော့ အသုံးစရိတ်တိုးလာတယ်လို့ ပြောလို့ရ တယ်။ ဒါပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့သတ် မှတ်ချက်က အနိမ့်ဆုံးတစ်ယောက်ကို ၄၅ ဒေါ်လာလောက်သုံးမှ အခြေခံလိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးနိုင်မယ်ဆိုပြီးတော့ အဆိုပြု ထားတယ်။ ဒီလိုပြောရင်တော့ ကျွန်တော်တို့ ကျန်းမာရေးအသုံးစရိတ်ကို နိုင်ငံတော်က တိုး တက်သုံးစွဲလာပေမယ့်လည်း မမီသေးဘူးလို့ ပြောရမယ်။ အစိုးရအဖွဲ့ရဲ့ ကျန်းမာရေးအသုံး စရိတ်ကြည့်မယ်ဆိုရင် ဘတ်ဂျက်ရဲ့လေးရာ ခိုင်နှုန်း မပြည့်ဘူး။
အခု အာဖရိကနိုင်ငံတချို့က ၁၅ ရာခိုင် နှုန်းလောက် သုံးဖို့လုပ်နေတယ်။ အမေရိကဆို ရင် အစိုးရဘတ်ဂျက်ရဲ့ရာခိုင်နှုန်း ၃ဝလောက် အထိ သုံးကြတယ်။ ဒီဂျီဒီပီကြီးတစ်ခုလုံးရဲ့ ၁၅ရာခိုင်နှုန်း၊ ၁၇ရာခိုင်နှုန်းတောင်သုံးသေး တာပဲ။ ကျွန်တော်တို့က ဂျီဒီပီရဲ့တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်းပဲ သုံးတယ်။ အစိုးရဘတ်ဂျက်နဲ့ ဂျီဒီပီနဲ့ မတူဘူး။ တစ်မျိုးသားလုံးထုတ်ကုန် တန်ဖိုးရဲ့ တစ်ရာခိုင်နှုန်းကျော်ကျော်လောက် ဝန်းကျင်မှာပဲ ကျွန်တော်တို့က သုံးတယ်။ ဒီ တော့ အများကြီးတော့ တိုးတက်သုံးလာတယ်။ တကယ်လိုအပ်နေတဲ့ ပမာဏကိုတော့ မသုံး နိုင်သေးဘူး။

Question::လိုအပ်တဲ့ပမာဏကို မပြည့်မီသေးတဲ့အတွက် ဘယ်လိုနေရာတွေမှာ အဓိကဦးစားပေးသုံးစွဲ ဖို့လိုပါသလဲ။

Answer::ကျန်းမာရေးဆောင်ရွက်မှု လုပ်ငန်းတွေ မှာ ကျွန်တော်တို့ဟာ ဦးစားပေးမှန်ဖို့၊ အလေ အလွင့်နည်းဖို့၊ မကုန်သင့်တာမကုန်ဖို့ လုပ်ရ မယ်။ အရေးကြီးတာက ဒါပဲ။ ဦးစားပေးမှန် တယ်ဆိုတာ အဓိကလိုအပ်နေတဲ့ နေရာတွေ၊ မဖြစ်မနေသုံးရမယ့်နေရာတွေမှာ မှန်မှန်ကန် ကန်သုံးစွဲဖို့လိုတယ်။ အရင်ကထက်စာရင် တိုး တက်ရရှိလာတာမှန်ပေမယ့် တကယ့်လိုအပ် ချက်ကို မရောက်သေးတဲ့အတွက်ကြောင့် ဦး စားပေးမှန်မှန်နဲ့ အလေအလွင့် မရှိအောင် တစ်ဖက်ကလည်း ကုသရေး၊ တစ်ဖက်ကလည်း ကာကွယ်ရေးပေါ့။ ရောဂါတွေကိုဖြစ်မှကုရင် ပိုက်ဆံပိုကုန်တာဆိုတော့ ဒီကာကွယ်ရေး၊ ရော ဂါနှိမ်နင်းရေးတွေမှာကအစ ဂရုစိုက်ဖို့လိုအပ် ပါတယ်။ ဥပမာ- အသားဝါဘီပိုးကာကွယ်ဆေး ဟာ အပြင်မှာထိုးရင် ပိုက်ဆံကုန်တယ်။ ဈေး ကြီးတယ်။ ဒါပေမဲ့ အသည်းရောင်ရင် အဲဒါ ထက် ပိုကုန်မယ်။ တကယ်ရောဂါဖြစ်ရင် အဲဒါ ထက် ပိုကုန်တယ်။ သေလည်းသေနိုင်တယ်။
နောက် ကျွန်တော်တို့လူတွေက နေ ကောင်းနေတဲ့အချိန်မှာ ဒီထက် ပိုကောင်း အောင်လုပ်ဖို့ စိတ်ဝင်စားမှုနည်းတယ်။ နေ မကောင်းမှပဲ ကုတော့တယ်။ ကျန်းမာရေးကို ကောင်းသထက်ကောင်းအောင်လုပ်ဖို့ အစား အသောက်၊ အနေအထိုင်၊ ကိုယ်လက်လှုပ်ရှား အားကစား၊ အဆီတွေလျှော့ဖို့၊ အချိုတွေလျှော့ ဖို့၊ အငန်တွေလျှော့ဖို့ကိစ္စတွေ၊ ကျန်းမာရေး နှင့်ကိုက်ညီသော အစားအသောက်တွေကို၊ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို အလုံအလောက်စားဖို့ဆိုရင် ဒါတွေကပြော မယ်ဆိုရင် အများကြီးပဲ။ ကျန်းမာရေးစောင့် ရှောက်မှုဆိုတာ ကျန်းမာရေးဌာနကပဲ လုပ်ရ မယ့်ကိစ္စမဟုတ်ဘူး။ လူတွေအားလုံး လုပ်ရ မယ့်ကိစ္စ။ လူတစ်ယောက် မကျန်းမာဘူးဆို တာ ကျန်းမာရေးဌာနကလုပ်လို့ မကျန်းမာတာ မဟုတ်ဘူး။ ဥပမာ-မူးယစ်ဆေးဝါးပပျောက် အောင်လုပ်ဖို့ လုပ်ဆောင်ရာမှာ ကျန်းမာရေး ဌာနက ဆေးမစွဲအောင် မလုပ်နိုင်ဘူး။ အဲဒီ တော့ ဘိန်းတွေစိုက်နေတယ်။ မူးယစ်ဆေးဝါး တွေ ရောင်းဝယ်ဖောက်ကား ဖြန့်ဖြူးနေတယ်။ ဒါတွေရှိနေရင် ဆေးစွဲတဲ့သူတွေရှိမှာပဲ။ အဲဒါ တွေကိုမထိန်းနိုင်ဘဲနဲ့ စွဲလာတဲ့သူကိုမှ ဆရာ ဝန်တွေကုဆိုရင်၊ ဆရာဘယ်လောက်ကုကု ဒီမူးယစ်ဆေးဝါးတွေ အလွယ်တကူနဲ့ဝယ်လို့ ရနေတာ။ ဒါတွေကိုကျတော့ မတားဘဲနဲ့ ကျန်း မာရေးဝန်ကြီးဌာနကကုပါဦးဆိုရင် ဆေးဖြတ် ပေးတဲ့ဆရာဝန်တွေအိုသေသွားမယ်။ ဆေးစွဲ တဲ့သူက ကုန်မှာမဟုတ်ဘူး။ ဒီတော့ ကျန်တဲ့ ဝန်ကြီးဌာနတွေ၊ ကျန်တဲ့ကဏ္ဍတွေမှာ ဖွံ့ဖြိုး တိုးတက်မှုမရှိရင် ကျန်းမာရေးဝန်ကြီးဌာနက ဘယ်လိုမှမအောင်မြင်နိုင်ဘူး။

Question::ဆရာ့အနေနဲ့ရော ကျန်းမာရေးကဏ္ဍနဲ့ပတ် သက်ပြီး ဘာများ ထပ်မံဖြည့်စွက်ပြောကြား လိုပါသလဲ။

Answer::ကဏ္ဍတိုင်း၊ ကဏ္ဍတိုင်းမှာ ဘာပဲလုပ် လုပ် ကျန်းမာရေး၊ ပညာရေးစတာတွေပါနေ တာ။ ဒီနေရာမှာ ဆည်ဆောက်ရင် ကျန်းမာ ရေးကဏ္ဍကိုစဉ်းစားရမယ်။ ဆည်ဆောက်ရင် လူတွေရွှေ့မယ်။ လူတွေရွှေ့လို့ ငှက်ဖျားရှိတဲ့ ဒေသကိုသွားရွှေ့မိရင် လူတွေ ငှက်ဖျားရောဂါ ဖြစ်မယ်။ ဆည်ကြီးဆောက်လိုက်တယ်၊ နဂို က ရေမရှိတဲ့ နေရာတွေက ရေတွေရှိလာပြီး ခြင်တွေပေါက်လာပြီး ခြင်က တစ်ဆင့်ဖြစ်တဲ့ ရောဂါတွေဟာ အရင်ကမရှိတဲ့နေရာမှာ ရှိ လာနိုင်တယ်။ ဒါဆည်ကိုပဲပြောတာပါ။ ဒီလိုပဲ ရွှေတူးတဲ့အခါ၊ စက်မှုလုပ်ငန်းတွေလုပ်တဲ့အခါ ဒီစက်မှု လုပ်ငန်းက အညစ်အကြေးတွေ ရေ ထဲကိုစွန့်ပစ်ရင် ရေတွေညစ်ညမ်းပြီး လူတွေ ရောဂါရစရာဖြစ်မယ်။ အဲဒီတော့ ဘယ်ဌာန ကပဲ ဘာလုပ်လုပ် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နစ်နာမှုမရှိအောင် ကာကွယ်ရမယ်။လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်သလား။ လူမှုပတ်ဝန်းကျင်ကိုထိခိုက်နိုင်သလား။ ဒါတွေ အားလုံးကို ဆက်စပ်စဉ်းစားပြီးတော့လုပ်ကြ ဖို့လိုတယ်။ လက်ရှိပြဿနာတွေကိုတောင်မှ ဖြေရှင်းလို့မပြီးသေးဘူး။ ဥပမာ-ကလေးသေ နှုန်းလည်း ကျသင့်သလောက်မကျသေးဘူး။ အခြားရောဂါတွေကလည်း ရှိနေသေးတယ်။ ဖြစ်လာမှ ထလုပ်ရင် ကိုယ်က နောက်ကနေ အမြဲလိုက်လုပ်သလို ဖြစ်နေတယ်။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင် ပါတယ်။ ။

0 အကြံပြုခြင်း: