Sunday, May 31, 2015

မြကျွန်းသာပေါ်က နောက်တစ်မှု




=======================
ရေကူး ပြီးတော့ မြကျွန်းသာ၊ ဦးရဲထွဋ်ပဲရှင်းရတော့မယ်
---------------------------------------------------------------------
■ မြကျွန်းသာဇစ်မြစ်

၁၉၉၀ ခုနှစ် ၀န်းကျင်လောက်က မြကျွန်းသာကို အပန်းဖြေစခန်းအဖြစ်စပြီး အကောင်
အထည်ဖော် လုပ်ကိုင်ခဲ့တယ်။ နောက်ပိုင်းမှာ လုံးဝမကိုက်တော့လို့ ပြန်အပ်၊ အဲ့ဒီ
ကနေ တပ်မတော်လက်ထဲရောက်တယ်။တပ်မတော်ကနေမှ စည်ပင်ကို ပြန်လွှဲခဲ့ပြီး
တဲ့နောက် ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှာ မြကျွန်းသာကို အများပြည်သူ အပန်းဖြေ
နားနေရာ နေရာအဖြစ် အဆင့်မြှင့်တင်ဖို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို လွှဲခဲ့တာပါ။ အရင်အစိုးရလက်ထက် ဦးအောင်သိန်းလင်း မြို့တော်ဝန်အဖြစ် တာဝန်ယူတဲ့အချိန်
က ပုဂ္ဂလိကကို လွှဲခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတုန်းကတော့ အများပြည်သူ အပန်းဖြေ၊ အနားယူမှုနဲ့ဆိုင်တဲ့ လုပ်ငန်းတွေပဲ
လုပ်ရမယ်၊ နှစ်ပေါင်း ၃၀ အထိ (၂၀+၅+၅) အထိပဲ လုပ်ကိုင်ခွင့်ပေးမယ် ဆိုတဲ့
အချက်တွေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ကို ငှားရမ်းခဲ့တာဖြစ်ပါတယ်လို့ သိရတယ်။ အရင်အစိုးရလက်ထက်က ဘာပဲငှားငှား နှစ် ၃၀ မူနဲ့ပဲ ငှားလေ့ရှိပါတယ်။အဲ့ဒီအတွက်
လည်း ရတဲ့လုပ်ငန်းရှင်တွေက ရေပေါ်ဂေါက်ကွင်း၊ ချားရဟတ်တွေလို အများပြည်သူ
အပန်းဖြေနိုင်မယ့် လုပ်ငန်းတွေ၊ အများပြည်သူ နားနေစားသောက်နိုင်မယ့် ဆိုင်
တစ်ချို့ကိုပဲ ဖွင့်လှစ် လုပ်ကိုင်ခဲ့ကြပါတယ်။

အရင်အစိုးရလက်ထက်က ချုပ်ခဲ့တဲ့ စာချုပ်ကို ဦးရဲထွဋ်တို့ အခုအစိုးရလက်ထက်
ရောက်တော့ ၂၀၁၃ ခုနှစ်၊ ဧပြီလမှာ ပြန်ပြင်ချုပ်လိုက်ကြပါတယ်။အရင်အစိုးရ
လက်ထက်က နှစ် ၃၀ အထိပဲ လုပ်ကိုင်ခွင့်ပေးထားတာကို အခု အစိုးရလက်ထက်
ရောက်တော့ နှစ် ၆၀ အထိ လုပ်ပိုင်ခွင့် ပေးပစ်လိုက်တယ်။ နှစ် ၆၀ ဆိုတာ
တစ်သက်လုံး လုပ်စားဖို့ ပေးလိုက်တာနဲ့ သိပ်မခြားနားဘူး၊ တစ်ဖက်ကကြည့်ရင် အပြတ်ရောင်းစားလိုက်သလိုပါပဲ။အဆိုးဆုံးက အများပြည်သူ အပန်းဖြေ၊ အနားယူမှု
နဲ့ လုံးဝမသက်ဆိုင်တဲ့ ရှော့ပင်းစင်တာလို စီးပွားဖြစ်အဆောက်အအုံတွေကိုပါ
တရားဝင်တည်ဆောက်လုပ်ကိုင်ခွင့်တွေကိုပါ တရားဝင်စာချုပ်ထဲ ထည့်ချုပ်ပြီး ခွင့်ပြုပေးလိုက်ကြတာပါ။

အများပြည်သူပိုင်၊ အများပြည်သူ အပန်းဖြေတဲ့နေရာကို ဒီလိုစာချုပ်ပြန်ပြင်ချုပ်ပြီး
ပေးတဲ့နေရာမှာလည်း အများပြည်သူကို လုံးဝချပြခြင်းမရှိဘဲ ပြန်ပြင်ချုပ်ပစ်
လိုက်ကြတာပါ။အသိပေးထုတ်ပြန်ခြင်းမရှိပဲ စာချုပ်ပြန်ပြင်ချုပ်ပစ်လိုက်ကြတဲ့အပြင် အခု မြကျွန်းသာထဲမှာ စီးပွားဖြစ်အဆောက်အအုံတွေ ဆောက်တော့လည်း စာချုပ်
ပါ စည်းကမ်းချက်တွေကို ဘယ်လောက်အထိချိုးဖောက်ပြီး လုပ်နေတယ်၊ ငှားရမ်းခ
အပေါ်မှာလည်း နိုင်ငံတော်ဘယ်လောက်အထိ နစ်နာခဲ့တယ်၊ တယ်ဆိုတာကို
Eleven Media Group ၀က်ဘ်ဆိုက်နဲ့ Facebook မှာ တင်ထားတဲ့ စာချုပ်ပါ စည်းကမ်းတွေကိုကြည့်ရင်လည်း အားလုံးသိနိုင်ပါတယ်။

အဲဒီနစ်နာမှုတွေထဲမှာ အဆိုးဆုံးက ငှားရမ်းခကိုကျတော့ “အများပြည်သူအတွက်”
ခေါင်းစဉ်တပ်ထားပြီး မတန်တဆလျော့ပေးထားတယ်၊ တကယ်လုပ်တော့ စီးပွားဖြစ်
လုပ်စားကြတဲ့အချက် ဖြစ်ပါတယ်။ ဒီအခါ အများပြည်သူအတွက်ရော၊ နိုင်ငံတော်
အတွက်ပါ နစ်နာမှုတွေ ပေါ်လာတယ်။

■ မြကျွန်းသာမှာ ဘာဖြစ်နေပြီလဲ

လက်ရှိ မြကျွန်းသာထဲကိုသာ ၀င်ကြည့်လိုက်ရင် မြကျွန်းသာဟာ အများပြည်သူ အနားယူအပန်းဖြေမှုနဲ့ မဆိုင်တဲ့ ရှော့ပင်းစင်တာတွေ အပြိုင်အဆိုင်တည်ဆောက်မှု
ဒဏ်ကို ခံနေရတာ တွေ့ကြရမှာပါ။ဝင်လိုက်တာနဲ့ အ၀င်အ၀က အရင်ရေလွှာလျှောစီး
နေရာကစပြီး တစ်ခြမ်းလုံးမှာ အပင်အချို့ကို ခုတ်၊ ဖောင်ဒေးရှင်းတွေကို အခိုင်
အမာချ၊ အထပ်မြင့်အဆောက်အအုံတွေ ဆောက်၊ တစ်ချို့နေရာတွေမှာ ၁၈ ပေ၊
ပေ ၂၀ လောက်အထိ နက်မယ် လို့မှန်းဆရတဲ့ မြောင်းကျယ်ကြီးတွေ နှိုက်တူးနဲ့ ကိုယ်ပိုင်မြေလိုသဘောထား လုပ်နေလိုက်ကြတာ အပြိုင်အဆိုင်ပါပဲ။

ဖောင်ဒေးရှင်းချတယ်ဆိုတဲ့ နေရာမှာလဲ တစ်ကယ့်ကို အခိုင်အခံ့ အောက်ကိုနှိုက်
တူးပြီး အထပ်မြင့် အဆောက်အအုံဆောက်ဖို့ ဖောင်ဒေးရှင်းကို ချထားကြတာ။
သုံးထပ်ခွဲမြင့်တဲ့ အဆောက်အအုံတစ်လုံးဆို ပြီးတောင်ပြီးတော့မှာပါ။မြောင်းကျယ်
ကြီးလို့ဆိုတဲ့ နေရာမှာ အခုတူးထားတဲ့ မြောင်းထဲမှာ ဘက်ဟိုးတစ်စီးဆင်းပြီး
မြေတူးနေတာ လမ်းပေါ်ကကြည့်ရင် ဘက်ဟိုးခေါင်မိုးတောင် မမြင်ရပါဘူး။ ကျယ်လည်းကျယ်ပါတယ်။ တစ်ချို့နေရာမှာ ၁၈ ပေ၊ ပေ ၂၀ လောက်အထိ
အောက်ကိုထပ်နှိုက် တူးနေကြပါသေးတယ်။

မြကျွန်းသာရှေ့ဖက်၊ လက်ရှိဆောက်နေတဲ့ နေရာနဲ့ ကပ်လျက်မှာရှိတဲ့ အများပြည်သူ ကားရပ်နားတဲ့နေရာ၊ နံနက်စောစော အများပြည်သူ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်တဲ့နေရာကလည်း အခုဆို ဆောက်လုပ်တဲ့ကုမ္ပဏီရဲ့ အုတ်၊ သံချောင်း၊ သစ် စတဲ့ ဆောက်လုပ်ရေးပစ္စည်း ပုံတဲ့နေရာ၊ သံချည်သံကွေး လုပ်နေတဲ့နေရာ၊ လက်သမားလုပ်တဲ့ နေရာအဖြစ် ကုမ္ပဏီက ကိုယ်ပိုင်တဲ့မြေလို အသုံးချပြီး
လုပ်ကိုင်ခြင်း ခံနေရတယ်။

ထပ်ပြီး မြင်လို့မကောင်းဆုံး အရာကတော့ အင်းယားကန်စပ်ထဲအထိဆင်း၊
အင်းယားကန်ရေပြင်ထဲ အုတ်တံတိုင်းဆင်းခတ်၊ အုတ်တံခတ်ထားတဲ့ရေပြင်ကို
မြေပြန်ဖို့ပြီး မြေနေရာချဲ့ထွင် တည်ဆောက်နေမှုပါပဲ။ တိတိကျကျ ပြောရမယ်
ဆိုရင်တော့ အင်းယားကန်ရေပြင်ပေါ်ကို ခိုးချဲ့ထားတယ်လို့ ပြောရမှာပါ။

မြကျွန်းသာဟာ အများပြည်သူ အပန်းဖြေနားနေရာဖြစ်လို့ အများပြည်သူ နားနေဖို့
အတွက်ဆိုပြီး ဒါတွေကို ဆောက်နေကြတာတော့ မဟုတ်ပါဘူး။ အများပြည်သူ
အပန်းဖြေမှုနဲ့ မသက်ဆိုင်တဲ့ ရှော့ပင်းစင်တာတွေပါတဲ့ စီးပွားဖြစ် အထပ်မြင့် အဆောက်အအုံတွေ ဆောက်လုပ်နေကြတာဖြစ်ြ ပီးလုပ်ငန်းရှင်သုံးဦးက တည်ဆောက်နေကြတာပါ။

ကမ္ဘာအေးစေတီလမ်းဘက် မြကျွန်းသာ မျက်နှာစာထိပ်မှာ တည်ဆောက်နေတာက
Mandalay Golden Wing ကုမ္ပဏီပါ။ Inya Palace ကုမ္ပဏီအမည်နဲ့ တည်ဆောက်
နေပါတယ်၊ သူ့ရဲ့ နောက်ဘက်တွေမှာ တည်ဆောက်နေတာကတော့ Magic Land
ကုမ္ပဏီနဲ့ တခြားလုပ်ငန်းရှင်တစ်ဦးလို့ သိရပါတယ်။အင်းယားကန်စပ် ရေပြင်ထဲ
အထိဆင်းပြီး ခြံခတ်တာကတော့ အဲ့ဒီသုံးဦးစလုံးပါပဲ။ ဒါက လက်ရှိမြကျွန်းသာရဲ့ အခြေအနေမှန်တွေပါ။

ချုပ်လိုက်ရင် အများပြည်သူ အပန်းဖြေနားနေရာ၊ အများပြည်သူပိုင်နေရာမှာ
မဆောက်သင့်တဲ့ အထပ်မြင့်တွေ ဆောက်၊ အပန်းဖြေမှုနဲ့ မသက်ဆိုင်တဲ့ ရှော့ပင်း
စင်တာပါတဲ့ စီးပွားဖြစ်လုပ်ငန်းတွေအဖြစ် မြကျွန်းသာကိုလည်း ပြောင်းလဲ
ပစ်နေကြပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

■ အကြီးမားဆုံး စာချုပ် ချိုးဖောက်မှုများ

၂၀၁၃ ခုနှစ်မှာ ဧပြီလ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့တော် စည်ပင်ပင်သာယာရေး
ကော်မတီနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်းက
မြေငှားရမ်းမှုအတွက် အချက် ၂၄ ချက်ပါ စာချုပ်ကို ပြင်ဆင်ချုပ်ဆိုကြပါတယ်။
၂၄ ချက်ထဲကမှ လုပ်ငန်းရပ်ဆိုင်းတဲ့အထိ အရေးယူလို့ရတဲ့ စည်းကမ်းချက်
ချိုးဖောက်မှုကြီး အချို့ကိုပဲ ထုတ်နှုတ်ပြချင်ပါတယ်။

စာချုပ်ရဲ့ စည်းကမ်းချက်အမှတ် ၇ အငှားချထားခြင်း ခံရသူ၏ တာဝန်ဆိုတဲ့ အချက်
ရဲ့ အပိုဒ်(ဒ) မှာ ‘ရေပြင်ပေါ်တွင်ဖြစ်စေ ရေပြင်ကိုမြေဖို့၍ဖြစ်စေ အသုံးချခြင်း
မပြုရ၊ မြေဧရိယာ ကျယ်ဝန်းလာအောင် မပြုလုပ်ရ’ ဆိုပြီး သတ်မှတ်ထားပါတယ်။

အခု လက်ရှိ ဆောက်နေတဲ့ အဆောက်အအုံ သုံးခုစလုံးဟာ အင်းယားကန်ရေထဲ
အထိဆင်း၊ အုတ်တံတိုင်းခတ်မြေဖို့ပြီး မြေနေရာချဲ့ထွင်ထားတဲ့အတွက် စည်းကမ်း
ချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ထားတာ ဘယ်သူမှ ငြင်းမရပါဘူး။

ဒါ့အပြင် အဲ့ဒီစည်းကမ်းချက် အမှတ် (၇)ရဲ့ အပိုဒ် (က)မှာပဲ ‘ပထမအဆင့် လုပ်ငန်း
တည်ဆောက်မှုများကို ၃၁-၃-၂၀၁၅ ရက်နေ့အပြီး ဆောင်ရွက်ပြီး ဖွင့်ပွဲအခမ်း
အနား ပြုလုပ် ၂၀၁၃ ခုနှစ်မှာ ဧပြီလ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့တော် စည်ပင်ပင်
သာယာရေးကော်မတီနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ မြကျွန်းသာအပန်းဖြေဥယျာဉ်
အတွင်းက မြေငှားရမ်းမှုအတွက် အချက် ၂၄ ချက်ပါ စာချုပ် ချုပ်ဆိုနိုင်ရမည်။
မပြီးပါက လုပ်ငန်း လုပ်ကိုင်ခွင့် ရုပ်သိမ်းကာ စာချုပ်ကို ဖျက်သိမ်းမည်’ ဆိုပြီး
ဖော်ပြထားပါတယ်။အခု ၂၀၁၅ ခုနှစ် မေလ ၂၇ ရက်နေ့အထိ ရောက်နေပါပြီ။
ခုထိ မပြီးသေးတဲ့အတွက် ပြန်သိမ်းလို့ ရနေပါပြီ။ ဒါပေမဲ့ အခုထိ ဘယ်သူမှ
အရေးမယူပါဘူး။

စည်းကမ်းချက် ၂ ဖြစ်တဲ့ ရည်ရွယ်ချက်ဆိုတဲ့ အပိုဒ်မှာ ‘မြကျွန်းသာ အပန်းဖြေ
ဥယျာဉ်အား နိုင်ငံတကာအဆင့်မီ သဘာဝဥယျာဉ်ကြီး (Natural Park) အသွင်
သဏ္ဍာန် ဖြစ်စေပြီး အများပြည်သူ အပန်းဖြေနိုင်သည့် Recreation Centre ဖြစ်ရန်၊ အများပြည်သူ လွတ်လပ်စွာ အနားယူနိုင်မည့် Relaxation Centre ဖြစ်စေရန်
ရည်ရွယ်ပါသည်’ ဆိုပြီး ဖော်ပြထားပါတယ်။

အဲ့လို ဖော်ပြထားပြီး အထဲကျတော့ အများပြည်သူနဲ့ ပတ်သက်တဲ့ အနားယူတာနဲ့
လည်း မဆိုင် အပန်းဖြေတာနဲ့လည်း မပတ်သက်တဲ့ သုံးထပ်ခွဲရှိတဲ့ ရှော့ပင်း
စင်တာတွေ ထည့်သွင်းတည်ဆောက်ခွင့်ကို စည်ပင်က ခွင့်ပြုထားတယ်၊ အဲ့ဒီမှာ
တင်စာချုပ်ရဲ့ ရည်ရွယ်ချက်နဲ့ ခွင့်ပြုပေးတဲ့လုပ်ငန်းက တစ်ခြားစီဖြစ်နေတာ
ရှင်းရှင်းကြီးပါပဲ။

ဆိုလိုရင်းကတော့ အများပြည်သူ အပန်းဖြေမြေနေရာကို စီးပွားဖြစ် ဈေးဆိုင်ခန်း
တွေပါတဲ့ အထပ်မြင့် အဆောက်အအုံအဖြစ် လုပ်ကိုင်တဲ့အပြင် စည်းကမ်းတွေ
ကိုပါ ချိုးဖောက်ပြီး လုပ်နေကြတာလို့ ပြောရမှာပါ။

■ နိုင်ငံတော် နစ်နာခဲ့မှု

အစိုးရသစ်လက်ထက် ၂၀၁၃ ခုနှစ်ထဲမှာချုပ်တဲ့ မြကျွန်းသာငှားရမ်းတဲ့ စာချုပ်ဟာ
မြေငှားရမ်းခနဲ့ ငှားရမ်းခွင့်ပြုလိုက်တဲ့ သက်တမ်းစည်းကမ်းချက်နဲ့တင် နိုင်ငံတော်က ကျပ်ဘီလျံပေါင်းများစွာ နစ်နာသွားရတဲ့ စာချုပ်တစ်ခုလည်း ဖြစ်ပါတယ်။မြေတစ်
ဧကကို တစ်လ ကျပ် ၁၀ သိန်းနဲ့ ငှားလိုက်တာဖြစ်ပြီး နှစ်ပေါင်း ၆၀ အထိ လုပ်ကိုင်
ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

မြကျွန်းသာနေရာဟာ လက်ရှိအနေအထားမှာ အတင်းထိုးရောင်းရင်တောင်
တစ်စတုရန်းပေ အနည်းဆုံး ပျမ်းမျှ ကျပ် ၄ သိန်းတန်ဖိုး ရှိပါတယ်။ မြေ ၄၄
ဒသမ ၅၁၆ ဧက ဖြစ်တဲ့အတွက် ကျပ်ဘီလျံ ၈၀၀ နီးပါးအထိ တန်ဖိုးရှိတဲ့
နေရာ ဖြစ်ပါတယ်။ ဒါတောင် လုံးဝအနိမ့်ဆုံးနှုန်းနဲ့ တွက်ထားတဲ့ တန်ဖိုးပါ။

တစ်ဧက ကျပ် ၁၀ သိန်းနဲ့ နှစ်ပေါင်း ၆၀ ငှားလိုက်တဲ့အတွက် နိုင်ငံတော်အနေနဲ့
နှစ်ပေါင်း ၆၀ စာ ငှားရမ်းခ စုစုပေါင်းက ကျပ် ၃၂ ဘီလျံကျော်ပဲ ရပါမယ်။ ငှားရမ်းခ
ကို နှစ်တိုင်း ၁၀ ရာခိုင်နှုန်းတိုးတောင်းလို့ ရတယ်ထားဦး ကျပ်ဘီလျံ ၅၀ ထက်
နိုင်ငံတော်က ပိုရစရာ မရှိပါဘူး။ နှစ်ပေါင်း ၆၀ လုပ်ကိုင်ခွင့် ဆိုတာကလည်း တစ်သက်လုံးလုပ်ကွာဆိုပြီး အပိုင်ပေးလိုက်တာနဲ့ ဘာမှမကွာပါဘူး။ ဒီတော့
ကျပ်ဘီလျံ အနည်းဆုံး ၈၀၀ နီးပါး တန်ဖိုးရှိတဲ့ မြကျွန်းသာကို ကျပ်ဘီလျံ ၅၀
လောက်နဲ့ လုပ်ငန်းရှင်တွေလက်ထဲ ထိုးအပ်လိုက်တဲ့အတွက် နိုင်ငံတော် ဘယ်လောက်နစ်နာမလဲ တွက်လို့ရမှာပါ။

အများပြည်သူ အပန်းဖြေတဲ့ လုပ်ငန်းတွေပဲ လုပ်ရမှာမို့ ဒီလောက် ငှားရမ်းခလောက်
ပဲ ယူတယ်ဆိုရင်လည်း ရှော့ပင်းစင်တာလို စီးပွားဖြစ်လုပ်ငန်းမျိုး ခွင့်ပြုဖို့ မလို
ပါဘူး။ ဒါပေမယ့် အခုတည်ဆောက်နေတဲ့ လုပ်ငန်းရှင်သုံးဦးက နိုင်ငံတော်ကို
ကျတော့ အပန်းဖြေတဲ့ လုပ်ငန်းအတွက်လောက်ပဲ ငှားခပေးတယ်၊ လုပ်တော့ စီးပွားဖြစ်လုပ်တယ်ဆိုတဲ့ ပုံစံပါ။

မြကျွန်းသာ မြေနေရာကို အခုလို စီးပွားဖြစ် လုပ်မယ်ဆိုရင် ဒီငှားရမ်းခနဲ့ မရပါဘူး။
တစ်ဧကကို အနည်းဆုံး ကျပ်သိန်း ၁၀၀ နဲ့အထက် ငှားရမ်းခရမှာပါ။ ဘာကြောင့်လဲ
ဆိုတော့ မြကျွန်းသာရှေ့မှာ လုပ်နေတဲ့ ဗီယက်နမ်က Hoang Anh Gia Lai ရင်းနှီး
မြှုပ်နှံထားတဲ့ နေရာဟာ တစ်စတုရန်း မီတာကို အနည်းဆုံး ဒေါ်လာ ၂၀ ၀န်းကျင် ငှားရမ်းခပေးရတာကို ကြည့်ရုံနဲ့ သိနိုင်တယ်။

အခုလို မြကျွန်းသာမှာ တစ်ဧကကို တစ်လ ငွေကျပ် ၁၀ သိန်းနဲ့ ငှားရမ်းခွင့်ပေးတဲ့
အပေါ်၊ စာချုပ် ပြန်ပြင်ချုပ်တဲ့အပေါ် သက်ဆိုင်ရာ ကုမ္ပဏီနဲ့ စည်ပင်အကြား
အဂတိလိုက်စားမှု ဘယ်လောက်ရှိလဲ ဆိုတာကို မဖြစ်မနေ စစ်ဆေးဖို့ လိုပါတယ်။

■ မြကျွန်းသာကို ဘယ်သူတွေ လုပ်နေတာလဲ

မြကျွန်းသာကို စာချုပ်ချုပ်ဆိုပြီး အပိုင်းလိုက်ပေးတော့ Magic Land၊ MGS၊
GSB၊ Inya Palace၊ နေလပွင့်၊ ရူဂျီ၊ မက်စ်မြန်မာနဲ့ ဧဒင်ကုမ္ပဏီ ရှစ်ခုက အပိုင်း
လိုက်ခွဲပြီး လုပ်ကိုင်ခွင့် ရခဲ့ကြပါတယ်။

ဧဒင်အုပ်စုကုမ္ပဏီရဲ့ တာဝန်ရှိသူကတော့ လက်ရှိ သူတို့လုပ်ကိုင်ခွင့်ရထားတဲ့ အပိုင်း
မှာ အများပြည်သူ အပန်းဖြေခြင်း၊ အနားယူခြင်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းကလွဲပြီး
အခုလို အများပြည်သူ အပန်းဖြေမှု၊ အနားယူမှုနဲ့ မသက်ဆိုင်တဲ့ ရှော့ပင်းစင်တာ
လို စီးပွားဖြစ်လုပ်ငန်းတွေ လုံးဝလုပ်ဖို့ မရှိဘူးလို့ တရားဝင် ထုတ်ဖော်ပြောပါတယ်။
အကယ်၍ စီးပွားဖြစ်လုပ်ငန်းတွေ လုပ်မိတယ်လို့ အများပြည်သူက ဆုံးဖြတ်ရင် သူတို့လုပ်ကိုင်ခွင့်ရထားတဲ့ အပိုင်းကို ပြန်သိမ်းယူနိုင်တယ်လို့တောင် ထုတ်ဖော်
ပြောပြခဲ့ပါတယ်။

ဒီလိုပဲ မက်စ်မြန်မာကုမ္ပဏီ တာဝန်ရှိသူကို မေးမြန်းတဲ့အခါမှာလဲ သူတို့အနေနဲ့ သူတို့လုပ်ကိုင်ခွင့်ရတဲ့ အပိုင်းမှာ ကလေးကစားကွင်း၊ စားသောက်ဆိုင်၊ ပြခန်း
လိုမျိုး အများပြည်သူ အပန်းဖြေခြင်း၊ အနားယူခြင်းနဲ့ဆိုင်တဲ့ လုပ်ငန်းပဲလုပ်ဖို့
စည်ပင်ကို တင်ပြမှာဖြစ်တယ်၊ အခုလို ရှော့ပင်းစင်တာတွေပါတဲ့ စီးပွားဖြစ်
လုပ်ငန်းမျိုး၊ အများပြည်သူ အပန်းဖြေမှုနဲ့ လုံးဝမသက်ဆိုင်တဲ့ လုပ်ငန်းမျိုးတွေ
မလုပ်ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မက်စ်မြန်မာကုမ္ပဏီ အနေနဲ့ မြကျွန်းသာကို Green Zone အဖြစ် အများပြည်သူ အပန်းဖြေဖို့သက်သက် လုပ်ငန်းတွေပဲလုပ်ဖို့ ရည်ရွယ်ပြီး လုပ်ကိုင်နေတာဖြစ်
တယ်၊ အများပြည်သူအမြင်မှာ မြင်ခဲ့ရင်၊ အများပြည်သူက ဆုံးဖြတ်ချက်ချခဲ့ရင်
အများပြည်သူ ဆန္ဒအတိုင်း လုပ်ပိုင်ခွင့်ကို ချက်ခြင်းပြန်သိမ်းပေးမယ်လို့
ပြောခဲ့ပါသေးတယ်။

လက်ရှိ ရှော့ပင်းစင်တာပါတဲ့ အထပ်မြင့်တွေ တည်ဆောက်နေတာက Inya
Palace ကုမ္ပဏီနဲ့ Magic Land ကုမ္ပဏီတို့ ရထားတဲ့အပိုင်းမှာ အများစု တည်
ဆောက်နေကြတာ ဖြစ်ပါတယ်။Inya Palace ကုမ္ပဏီက MGW ဦးဝင်းအောင်
နဲ့ ဆက်စပ်ပတ်သက်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ MGW ကုမ္ပဏီဟာ စီမံကိန်း
ပေါင်းများစွာ တည်ဆောက်ခွင့်ရထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

Diamond Inya Palace ကွန်ဒိုစီမံကိန်း၊ ပါရမီလမ်းပေါ်မှာ အထပ်မြင့် Diamond
Parami Business Centre စီမံကိန်း၊ ဖိုးစိန်လမ်းပေါ်မှာ Garden Kandawgyi
Tower အမည်ဖြင့် ၂၇ ထပ်အမြင့်ရှိ တာဝါတစ်ခုနှင့် ၂၁ ထပ်အမြင့်ရှိ တာဝါ
စီမံကိန်း၊ ရန်ကင်းမြို့နယ် ဆရာစံလမ်းပေါ်မှာ ၂၂ ထပ်အမြင့်ရှိသော Yankin
Condominium စီမံကိန်း၊ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားအနီးမှာ Bahan
Servic Apartment အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်း၊
မန္တလေးမှာ MGW Inter Continental Hotel အမည်ဖြင့် အထပ်မြင့်ဟိုတယ်
စီမံကိန်း၊ ပုဂံဗူးဘုရားအနီးက မြေ ၁၀ ဧက၀န်းကျင်ပေါ်မှာ အခန်း ၂၅၀ ပါ
MGW INDIGO Resort (Bagan) စီမံကိန်းတွေကို တည်ဆောက်လုပ်ကိုင်ခွင့်
ရထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

MGW ဟာ ငွေကြေးပမာဏ မြောက်များစွာ မြှုပ်နှံရမယ့် စီမံကိန်းပေါင်းများစွာ လုပ်ခွင့်ရထားပေမယ့် ထိပ်တန်းအခွန်ဆောင်တဲ့ စာရင်းမှာတော့ အခုနောက်ဆုံး ထုတ်ပြန်ထားတဲ့ အခွန်အများဆုံး ပေးဆောင်သူ ၁၀၀၀ ဦးစာရင်းထဲမှာတောင်
ပါမလာခဲ့ပါဘူး။

မြကျွန်းသာထဲမှာ စီးပွားဖြစ်အဆောက်အအုံ နောက်ထပ် တည်ဆောက်နေတဲ့
ဒေါက်တာကျော်ဝင်းရဲ့ Magic Land ကုမ္ပဏီ ဆိုတာလည်း အခု နောက်ဆုံး
ထုတ်ပြန်တဲ့ ထိပ်တန်းအခွန်ထမ်း ၁၀၀၀ ဦး စာရင်းမှာတောင် ပါမလာတဲ့
ကုမ္ပဏီ ဖြစ်ပါတယ်။ Magic Land ဒေါက်တာကျော်ဝင်းဆိုတာ Game City
လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့သူလည်း ဖြစ်ပါတယ်။ Magic Land ကုမ္ပဏီဟာ
မြကျွန်းသာထဲမှာ မြေနေရာ ၁၃ ဧကကျော်နဲ့ အများဆုံးရထားတဲ့ ကုမ္ပဏီဖြစ်ပြီး အကွက်အကွင်း အကောင်းဆုံးနေရာကို ရထားတဲ့ ကုမ္ပဏီပါ။ ဆိုလိုတာကတော့ လုပ်ပိုင်ခွင့်တွေသာ ရယူခဲ့ကြတယ် နိုင်ငံအတွက် အခွန်ပြန်ပေးတဲ့ အပိုင်း
မှာတော့ ထိပ်တန်းမှာ ရှိမနေခဲ့ပါဘူး။

■ စည်ပင်ဖြေရမယ့် မေးခွန်းများ

သာမန်မြေဖို့တာ မဟုတ်ပဲ ကန်ရေပြင်ပေါ်ကို ပေါ်ပေါ်တင်တင် မြေချဲ့ထွင်တာကို
မသိတာလား၊ သိသိနဲ့ ခွင့်ပြုလိုက်သလား၊ ဘာကြောင့် အရေးမယူတာလဲ။ ဓာတ်ပုံအထောက်အထားတွေက ငြင်းလို့ မရပါဘူး။နောက်ပြီး ၂၀၁၅ ခုနှစ် မတ်လ
၃၁ ရက်နေ့ အပြီးမသတ်ရင် လုပ်ငန်းရပ်ဆိုင်းမယ်ဆိုပြီး အခုဘာကြောင့် ပြန်မသိမ်း
ပဲ ဆက်လုပ်ခွင့်ပြုထားသလဲ။

အရင်အစိုးရ လက်ထက်တုန်းက နှစ် ၃၀ လောက်ပဲ လုပ်ကိုင်ခွင့်ပေးတာကို အစိုးရ
သစ်လက်ထက် ၂၀၁၃ ခုနှစ် စာချုပ်ပြန်ပြင်ချုပ်တဲ့အခါ ဘာကြောင့် နှစ် ၆၀ အထိ လုပ်ကိုင်ခွင့်ပေးခဲ့တာလဲ။ ဘယ်သူ့အမိန့်နဲ့ ပေးတာလဲ။

အများပြည်သူ အပန်းဖြေ၊ အနားယူမှုနဲ့ သက်ဆိုင်တဲ့လုပ်ငန်း လုပ်ရမယ်လို့ ရည်ရွယ်
ထားပြီး ဘာကြောင့် အနားယူ အပန်းဖြေခြင်းနဲ့ မသက်ဆိုင်တဲ့ အခုလို အထပ်မြင့်
ရှော့ပင်းစင်တာ တည်ဆောက်လုပ်ကိုင်ခွင့် ပေးခဲ့ကြသလဲ။

ဒီလို လုပ်ကိုင်ခွင့်ပေးတာ၊ ဒီလိုအချက်တွေနဲ့ စာချုပ်ချုပ်ဆိုတာကို ရန်ကုန်တိုင်း
ဒေသကြီးလွှတ်တော်ကို တင်ပြခဲ့သလား၊ ပြည်ထောင်စုအစိုးရအဖွဲ့ဆီ တင်ပြ
ခဲ့သလား၊ ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့သလား၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
ကော်မရှင်ကို တင်ပြခဲ့သလား၊ နောက်ဆုံး နိုင်ငံတော်သမ္မတဆီ တင်ပြပြီးမှ
ချုပ်တာလား။

နှစ်ဖက်သဘောတူညီချက်တစ်ခုတည်းနဲ့ ချုပ်ခဲ့တာ၊ ပေးခဲ့တာ၊ လုပ်ငန်းရပ်ဆိုင်း
ရမယ့် စည်းကမ်းချိုးဖောက်မှုတွေရှိလျက်နဲ့ အခုလိုအရေးယူရမှာမယူပဲ မျက်ကွယ်
ပြုထားတာဆိုရင်တော့ အဂတိလိုက်စားထားတဲ့ သဘောသက်ရောက်သွား
လိမ့်မယ်။

ဒါဆိုရင်တော့ မြကျွန်းသာတစ်ခုတည်းမဟုတ်ဘူး စည်ပင်က တစ်ခြားအများ
ပြည်သူ အပန်းဖြေရမယ့်နေရာတွေ၊ အများပြည်သူပိုင်မြေတွေကို ဘယ်လိုပေး
ထားသလဲဆိုတာကိုပါ အားလုံးကိုပြန်ပြီးချ ပြရမှာပါ။ ချမပြဘူးဆိုရင်တော့ အဂတိတရားမကင်းလို့ နိုင်ငံတော်နစ်နာအောင်လုပ်ထားလို့လို့ အားလုံးက
သတ်မှတ်ကြမှာပါ။ သမ္မတအနေနဲ့ရော အခုလို ပေးလိုက်ကမ်းလိုက် လုပ်နေ
တာတွေကို သိပါရဲ့လား။

■ အရင်အစိုးရနဲ့ အခုအစိုးရ ဘာကွာသွားလဲ

ဦးရဲထွဋ်ခင်ဗျာ။ အရင်အစိုးရလက်ထက်နဲ့ အခုအစိုးရလက်ထက်မှာ ဘာထူးသွားလဲ
ဆိုတာ မြကျွန်းသာကိစ္စက သက်သေတစ်ခုပါပဲ။အရင်အစိုးရလက်ထက်နဲ့ အခု
အစိုးရလက်ထက် ဘာထူးသွားသလဲဆိုတာကတော့ အရင်အစိုးရလက်ထက်
စာချုပ်မှုနဲ့ အခုအစိုးရလက်ထက်စာချုပ်ကပဲ သက်သေခံနေပါတယ်။အရင်အစိုးရ
လက်ထက်မှာချုပ်ဆိုခဲ့တုန်းက နှစ်၃၀လောက်ပဲ လုပ်ကိုင်ခွင့်ပေးခဲ့တယ်၊ ဒီအစိုးရ
လက်ထက်မှာ ပြန်ပြင်ချုပ်လိုက်တဲ့အခါ နှစ် ၆၀ အထိတိုးပေးလိုက်တယ်။

အရင်အစိုးရလက်ထက်မှာချပေးတုန်းက ကုမ္ပဏီအားလုံးက အများပြည်သူနဲ့ဆိုင်တဲ့
အပန်းဖြေ၊ အနားယူတဲ့လုပ်ငန်းလုပ်ဖို့အတွက်ပဲယူကြတယ်၊ အခုအစိုးရလက်ထက်
မှာတော့ အများပြည်သူအပန်းဖြေမှု အနားယူမှုနဲ့မဆိုင်တဲ့ ရှော့ပင်းစင်တာပါတဲ့ အဆောက်အအုံတွေ တည်ဆောက်ခွင့်ကို စည်ပင်ကိုယ်တိုင်က တရားဝင်ထည့်သွင်း
စာချုပ်ချုပ်ဆိုပေးပြီး လုပ်ခွင့်ပေးလိုက်တယ်။ဒါကိုကြည့်တာနဲ့တင် အများပြည်သူပိုင်
နေရာတွေကို ပုဂ္ဂလိကကိုချထားပေးတဲ့နေရာမှာ အရင်အစိုးရလက်ထက်က ထက်
အခုအစိုးရလက်ထက်မှာ ခွင့်ပြုပေးတာတွေက ပိုတောင်ဆိုးသွားတယ်လို့ ပြောရမလို
ဖြစ်နေတယ်။

■ သမ္မတကြီးရဲ့ ကတိပြု မိန့်ခွန်းတွေ ပြန်သတိရ

ရေကူးအသံလွှင့် စက်ရုံတင်ဒါကိစ္စ၊ မြကျွန်းသာကိစ္စတွေပေါ်လာတဲ့အခါ ၂၀၁၁ ခုနှစ် အစိုးရအဖွဲ့စတင်ချိန်မှာ သမ္မတဦးသိန်းစိန်ပြောခဲ့တဲ့ ကတိပြုမိန့်ခွန်းတွေကို ပြန်
သတိရပါတယ်။အခုပေါ်ပေါက်နေတဲ့ အခြေအနေတွေက သမ္မတကြီးမိန့်ခွန်းမှာပါတဲ့ အချက်အလက်တွေနဲ့ကွဲပြီး ဘယ်လောက်တောင်ဖြစ်နေပြီလဲဆိုတာ ဦးရဲထွဋ်ကပဲ
ဖြေကြားပေးပါ။

သမ္မတဦးသိန်းစိန်ဟာ သူ့ရဲ့ပထမဆုံးမိန့်ခွန်းမှာ နိုင်ငံ့စီးပွားရေးကဏ္ဍမှာ အခွင့်ထူးခံ
တွေ လက်ဝါးကြီးအုပ်ခြယ်လှယ်တာမျိုးမဖြစ်အောင် လုပ်သွားမယ်လို့ ပြောခဲ့ဖူး
ပါတယ်။၂၀၁၁ ခုနှစ်၊ မတ် ၃၀ ရက်မှာပြုလုပ်တဲ့ ပထမအကြိမ် ပြည်ထောင်စု
လွှတ်တော် ပထမအကြိမ်ပုံမှန်အစည်းအဝေးမှာ သမ္မတဦးသိန်းစိန်ပြောခဲ့တာပါ။

"ကျွန်တော်တို့အနေနဲ့ကတော့ အစိုးရက အတိုင်းအတာတစ်ရပ်အထိ ထိန်းသိမ်း
ပံ့ပိုးဆောင်ရွက်ပေးတဲ့ ဈေးကွက်စီးပွားရေးစနစ်မျိုးကို ရည်မှန်းပါတယ်။ ၀င်ထိန်း
ပေးမယ်ဆိုတာလည်း ဈေးကွက်ရဲ့လွတ်လပ်မှုကို ထိန်းချုပ်လိုတဲ့သဘောမျိုး
မဟုတ်ဘဲ အရင်းရှင်၊ ဓနရှင်ကြီးများ၊ အခွင့်ထူးခံများက လက်ဝါးကြီးအုပ်ခြယ်
လှယ်တာမျိုးမဖြစ်အောင် ထိန်းကျောင်းတည့်မတ်ပေးတာမျိုးကိုသာ ရည်ရွယ်
ပါတယ်" လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

ဒါ့အပြင် ၂၀၁၁ ခုနှစ် မေ ၃၁ ရက် ပြည်ထောင်စုလွှတ်တော်ခမ်းမမှာပြုလုပ်တဲ့ မိန့်ခွန်းနာခံခြင်းနဲ့ ကတိသစ္စာပြုခြင်း အခမ်းအနားမှာလည်း သမ္မတဦးသိန်းစိန်က သန့်ရှင်းတဲ့အစိုးရ (Clean Government) ဖြစ်ဖို့ အဂတိတရားကင်းရှင်းဖို့လိုကြောင်း၊ မိမိအပေါင်းအသင်းရောင်းရင်းတွေဖြစ်လို့ အခွင့်အရေးပိုပေးတာမျိုးတွေ၊ ဆွေမျိုး
သားချင်းတွေဖြစ်လို့ အခွင့်အလမ်းပိုမိုဖန်တီးပေးတာမျိုးတွေ မလုပ်မိဖို့ အရေးကြီး
တဲ့အကြောင်းပြောခဲ့ပါသေးတယ်။

"မိမိတို့အစိုးရဟာ အုပ်ချုပ်မှုစနစ်ကောင်းမွန်တဲ့ (Good Governance) အစိုးရ
ကောင်းတစ်ရပ်ဖြစ်ရပါမယ်။ သန့်ရှင်းတဲ့ (Clean Government) အစိုးရဖြစ်ဖို့
လိုပါတယ်။ အစိုးရကောင်းတစ်ရပ်ဖြစ်ဖို့အတွက် စီမံခန့်ခွဲမှုကောင်းဖို့လိုပါတယ်။ အုပ်ချုပ်မှုကောင်းဖို့လိုပါတယ်။ ပြည်သူတွေအပေါ် စေတနာထားရပါမယ်။ ပြည်သူ
ရဲ့အကျိုးစီးပွားကို အကာအကွယ်ပေးရပါမယ်။ ပြည်သူကို အလုပ်အကျွေးပြုကြ
ရမှာဖြစ်ပါတယ်။ သန့်ရှင်းတဲ့ (Clean Government) ဖြစ်ဖို့အတွက်တော့ အဂတိတရားကင်းရှင်းဖို့လိုအပ်ပါတယ်။ လာဘ်ပေးလာဘ်ယူခြင်းဟာ တိုင်းပြည်နဲ့ လူမျိုးရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းကြောင့် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိတာဝန်ယူရတဲ့အဖွဲ့အစည်းအားလည်းကောင်း ကင်းကင်းရှင်းရှင်းရှိအောင် ထိန်းကျောင်းကြပ်မတ်သွားဖို့လိုအပ်ပါတယ်။ နိုင်ငံတော်ကအပ်နှင်းထားတဲ့
လုပ်ပိုင်ခွင့်ကို တလွဲအသုံးချပြီး မိမိအပေါင်းအသင်းရောင်းရင်းတွေဖြစ်လို့ အခွင့်
အရေးပိုပေးတာတွေ၊ မိမိရဲ့ဆွေမျိုးသားချင်းတွေဖြစ်လို့ အခွင့်အလမ်းတွေ ပိုပြီး
ဖန်တီးပေးတာတွေမလုပ်မိဖို့ အထူးအရေးကြီးပါတယ်။ဒါတွေကိုရှောင်ကြဉ်နိုင်
မှသန့်ရှင်းတဲ့ (Clean Government) အဖြစ် မှတ်ကျောက်တင်ခံရမှာဖြစ်ပါတယ်"
လို့ သမ္မတဦးသိန်းစိန်က ပြောခဲ့ပါတယ်။

သမ္မတကြီးက ဒီလိုပြောခဲ့ပေမယ့် ဦးရဲထွဋ်တို့ အစိုးရသက်တမ်း လေးနှစ်တာ
ကာလအတွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ဖြစ်စဉ်တွေကြောင့် ကျွန်တော်တို့ဘက်မှာ မေးခွန်း
ထုတ်စရာတွေ ဖြစ်ခဲ့ပါတယ်။

■ စုံစမ်းစစ်ဆေးအရေးယူပေးပါ

ရေကူးအသံလွှင့်စက်ရုံဟောင်းတင်ဒါကိစ္စကို ပြန်ကြည့်ပါ။
ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်းနှစ်ရာကျော်ရဲ့ နှစ်ပေါင်းရာချီတဲ့သက်တမ်းအတွင်းမှာ ဘယ်အစိုးရကမှ ပုဂ္ဂလိကမီဒီယာလုပ်ငန်းတစ်ခုကို မီဒီယာဖွံ့ဖြိုးရေးဆိုတဲ့ခေါင်းစဉ်နဲ့
ပြည်သူ့ဘဏ္ဍာထဲကနေ ဒေါ်လာ သန်း ၃၀၀ အနစ်နာခံပြီး ကူညီခဲ့ဖူးတာရှိသလဲ။

အခုမြကျွန်းသာကိစ္စမှာလည်း ပြည်သူ့ဘဏ္ဍာဆုံးရှုံးမှုဟာ နှစ် ၆၀ မှာ ဒေါ်လာ
သန်း ၃၀၀ တောင်မကပါဘူး။ ခရိုနီစီးပွားရေးစနစ်တွေ ရှင်သန်နေတယ်။ အဂတိ
လိုက်စားမှုတွေ ပိုများလာတယ်။ ထိန်းမနိုင် သိမ်းမရဖြစ်နေတယ်။ ဒါကြောင့်
ငွေကြေးဖောင်းပွမှုတွေ၊ စီးပွားရေးမတည်ငြိမ်မှုတွေကနေ လူထုက စီးပွားရေး
ကြပ်တည်းလာတယ်။

စီးပွားရေးဆိုးဝါးမှုကြောင့် မကျေမနပ်ဖြစ်မှုတွေ၊ အဲဒီကနေ နိုင်ငံရေးမတည်မငြိမ်မှု
ကတစ်ဆင့် လာဘ်စား၊ စီးပွားဖြစ်သူ၊ အကျင့်ပျက်အရာရှိတွေ၊ ခရိုနီတွေက သူတို့ရဲ့
အပြစ်တွေကိုပျောက်ချင်လို့ ငါးတကာယိုတဲ့ချီး၊ နောက်ဆုံး တပ်မတော်အပေါ်
ပုံချလိုက်မှာကို လူထုကစိုးရိမ်နေပါတယ် ဦးရဲထွဋ်ခင်ဗျာ။

ဒါကြောင့် ရေကူးအသံလွှင့်စက်ရုံကိစ္စနဲ့ မြကျွန်းသာကိစ္စတွေဟာ ရပ်ဆိုင်းရုံတင်
မကဘဲ နိုင်ငံတကာမှာလို စုံစမ်းစစ်ဆေးပြီး ဥပကြောင်းနဲ့ပါ အရေးယူပေးပါလို့
လူသန်းပေါင်း ၅၀ ကျော်ကို သက်သေထားလို့ တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။

(Green Zone ၊ Relaxation Zone အဖြစ် ပုဂ္ဂလိကများအား ၂၀+၅+၅ (နှစ် ၃၀) အငှားချစာချုပ်အား ယခုအစိုးရလက်ထက်၌ ၄၅+၅+၅+၅ (နှစ် ၆၀) စာချုပ်
ပြင်ဆင်ချုပ်ဆိုကာ တစ်ဧက ၁၀ သိန်း (ပြင်ပပေါက်ဈေး မတန်တဆ လျှော
နည်းသောဈေး) ဖြင့် ငှားရမ်းထားသော မြကျွန်းသာဥယျာဉ်အား စီးပွားဖြစ်
အဆောက်အဦးများ ဆောက်လုပ်မှုကြောင့် ၀န်းကျင်အလှ ပျက်ပြားနေသည့်
မြင်ကွင်းများ နှင့် မြကျွန်းသာ အပန်းဖြေဥယျာဉ်မြေနေရာ ငှားရမ်းခြင်း သဘောတူ
စာချုပ် )

Written by : မာန်သူရှိန်
ဓာတ်ပုံနှင့်သတင်း - အောင်ရဲကို၊ အောင်မျိုးသန့်

0 အကြံပြုခြင်း: