Wednesday, April 1, 2015

လေးပွင့်ဆိုင်ဆွေးနွေးပွဲ၏ သဘောတူညီချက်များနှင့် ကွဲလွဲနေကြောင်း NNER ထုတ်ပြန်

rအမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်သည် လေးပွင့်ဆိုင်ဆွေးနွေးပွဲ၏ သဘောတူညီချက်များနှင့် ကွဲလွဲနေကြောင်း NNER ထုတ်ပြန်

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်သည် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ၏ တောင်းဆိုချက်များ၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်များနှင့် ကွဲလွဲနေသည်ကို ဝမ်းနည်းဖွယ် တွေ့ရှိရသည်ဟု ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်က ဧပြီ ၁ ရက်က သဘောထား ထုတ်ပြန်ခဲ့သည်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲမှ သဘောတူထားသည့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ပြင်ဆင်ရေးသားပြီး အမျိုးသားလွှတ်တော်မှ မတ် ၂၆ ရက်က အတည်ပြုလိုက်သည့်အပေါ် NNER ၏သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လေးပွင့်ဆိုင်ဆွေးနွေးပွဲ၏ သဘောတူညီချက်များနှင့် ကွဲလွဲနေသည့် အချက်များကို အသေးစိတ်ဖော်ပြခဲ့သည်။

ကွဲလွဲချက်များနှင့် ပတ်သက်ပြီး ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်ကို တက္ကသိုလ်ပဋိဥာဉ်၊ ပညာရေးဆိုင်ရာ အခြားဥပဒေများနှင့် ပြန်လည်ချုပ်ကိုင်ထားသဖြင့် ကျောင်းသားများနှင့် ဆရာများ၏ လွတ်လပ်ခွင့်ကို ချုပ်ကိုင်ရာရောက်ကြောင်း၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် သဘောတူခဲ့သည့် “ဒီမိုကရေစီ ပညာရေး လွတ်လပ်ခွင့်ကို အာမခံခြင်း” အခန်းအား အမျိုးသားလွှတ်တော်က ပယ်ဖျက်ပြီး “အမျိုးသားပညာရေး မူဝါဒကော်မရှင်” နှင့် အစားထိုးလိုက်ခြင်းသည် ဒီမိုကရေစီပညာရေးစနစ်ကို ငြင်းပယ်ပြီး ဗဟိုချုပ်ကိုင်သည့် ပညာရေးစနစ်ကိုသာ ကျင့်သုံးခြင်းဖြစ်ကြောင်း၊ ထို့ပြင် လေးပွင့်ဆိုင်ဆွေးနွေးပွဲက ပယ်ဖျက်ပြီးဖြစ်သည့် အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီကိုလည်း အမျိုးသားလွှတ်တော်က ပြန်လည်ထည့်သွင်းထားသဖြင့် တက္ကသိုလ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ချုပ်ကိုင်ရာရောက်သည်ဟု NNER ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက တောင်းဆိုပြီး လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် သဘောတူခဲ့သည့် “ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ကို ပယ်ဖျက်ပြီး ဗဟိုချုပ်ကိုင်မှုစနစ်ကိုသာ ပြန်လည်အတည်ပြုထားကြောင်း၊ ဒေသအလိုက် ကျောင်းအလိုက် သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်ကိုလည်း ပယ်ဖျက်ပြီး ဗဟိုမှချမှတ်သည့် သက်ရိုးညွှန်းတမ်းစနစ်ကိုသာ ကျင့်သုံးထားကြောင်း၊ စာမေးပွဲစနစ်များနှင့် ပတ်သက်၍ ကျောင်းသားများ၏ သင်ယူမှုကို အားပေးသော စစ်ဆေးနည်းကို အမျိုးသားလွှတ်တော်က ပယ်ဖျက်ထားကြောင်း၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်ဖြစ်သည့် “လွတ်လပ်စွာ တွေးခေါ်စဉ်းစားနိုင်ပြီး ကိုယ်ပိုင်လေ့လာ သင်ယူနိုင်သည့် သင်ကြားနည်းစနစ်များ” မရရှိတော့ဘဲ အသင့်ရေးထားသည့် ဖတ်စာများကိုသာ အလွတ်ကျက်၊ အလွတ်ဖြေရသည့် စာမေးပွဲစနစ်များသာ ပြန်လည်ကျင့်သုံးခြင်းဖြစ်၍ အမျိုးသားလွှတ်တော်သည် အရည်အသွေးမရှိသည့် ပညာရေးကိုပေးရန် ဆုံးဖြတ်ခြင်းသာ ဖြစ်နေသည်ဟု NNER ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပညာရေး အသုံးစရိတ်ကို ငါးနှစ်အတွင်း တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂ဝ ရာခိုင်နှုန်း အနည်းဆုံး သုံးစွဲမည်ဟု လေးပွင့်ဆိုင် အစည်းအဝေးတွင် သဘောတူညီခဲ့ကြသော်လည်း အမျိုးသားလွှတ်တော်က “ ... ငါးနှစ်အတွင်း သင့်လျော်သည့် ရာခိုင်နှုန်းအထိ နှစ်စဉ်တိုးမြှင့် သုံးစွဲရန် ရည်မှန်းဆောင်ရွက်ရမည်” ဟု ပြောင်းလဲလိုက်ကြောင်း၊ အမျိုးသားလွှတ်တော်သည် ပညာရေးအသုံးစရိတ် တိုးမြှင့်လိုစိတ် မရှိကြောင်း ဝမ်းနည်းဖွယ် တွေ့ရကြောင်း၊ ထို့ပြင် အမျိုးသားလွှတ်တော်သည် ပညာရေးအသုံးစရိတ်နှင့် ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့တွင် သဘောတူညီခဲ့သည်ကိုလည်း ချိုးဖောက်ရာရောက်ကြောင်း၊ UNESCO က ဦးဆောင်ခဲ့သည့် The Muscat Agreement (2014) တွင် ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအထိ သုံးစွဲရန် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက သဘောတူညီခဲ့ပြီးဖြစ်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

0 အကြံပြုခြင်း: