Wednesday, April 8, 2015

တရုတ်များ လာရောက်အလံ စိုက်သည့် နေရာအား ရှမ်းကျေးရွာသားများပိတ်ဆို့ထား



နမ့်ခမ်းမြို့နယ်၊ စယ်ဟိုင်းကျေးရွာအုပ်စု၊ ကုန်းဆာကျေးရွာ ကူးတို့ဆိပ်လမ်း အား ဒေသခံကျေးရွာသားများကဧပြီလ ၄ ရက်နေ့မှ စတင်ကာ ပိတ်ဆို့ ထားလိုက်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ ကူးတို့ဆိပ်မှာ တရုတ် - မြန်မာ နှစ်နိုင်ငံမြေနေရာတွင် ပါဝင်ပြီး တရုတ်နိုင်ငံဘက်မှ တံတားဆောက်ရန် မြေတိုင်းတာမှုများ မကြာခဏ ပြုလုပ်သည့် နေရာလည်း ဖြစ်နေသည်။
"လမ်းပိတ်ထားလိုက်ပါပြီ၊ ဘယ်ကုန်တင်ကားကိုမှလဲ ဖြတ်သန်းခွင့် မပေးတော့ပါဘူး၊ နှစ်နိုင်ငံအငြင်းပွားမြေလည်း ဖြစ်နေတယ်၊တရားမ၀င်ကုန်တွေလည်း ခဏခဏဒီလမ်းကနေတင်ပို့နေတာမို့ ပိတ်ထားလိုက်တာပါ”ဟု ကုန်းဆာကျေးရွာဒေသခံ ကိုစိုင်းက ပြောသည်။
ယခင် တရုတ် - မြန်မာနယ်နိမိတ်အား ၂၀၁၄ ခုနှစ်၊ မေလ ၂၈ ရက်မှစတင်ကာ နှစ်နိုင်ငံတာဝန်ရှိသူများက ပြန်လည် တိုင်းတာခဲ့ရာတွင် မြန်မာဘက်အခြမ်း ကျေးခွန်၊ ကုန်းဆာ၊ မန့်နောင်ကျေးရွာများမှ မြေဧက (၁၃၀)ခန့်မှာ တိုင်းတာမှုအရ တရုတ်နိုင်ငံအတွင်း ပါဝင်လျက်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် ဒေသခံများက ယာယီစိုက်ထူထားသည့်မှတ်တိုင်များအား ဖျက်ဆီးကာ ကန့်ကွက်ခဲ့ကြသည်။
မြန်မာအစိုးရဘက်မှ အငြင်းပွားမြေနေရာတွင် မည်သည့်လုပ်ငန်းမှ မလုပ်ကိုင်ရန် သတင်းထုတ်ပြန်ထားသော်လည်း တရုတ်နိုင်ငံဘက်မှ ၂၀၁၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် လူအင်အား (၁၇) ဦးဖြင့် တရုတ်နိုင်ငံမှ တရုတ် - မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးတာဝန်ခံ မခင်ဖြူဝင်းဦးဆောင်၍ တံတားဆောက်ရန် မြေတိုင်းတာမှုများ လာရောက်ပြုလုပ်ခဲ့သဖြင့် ဒေသခံများက ကန့်ကွက်ခဲ့သည်။
နမ့်ခမ်းမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းမှ ညှိနှိုင်းပေးခဲ့သဖြင့် ပြန်လည်ထွက်ခွာသွားပြီးဧပြီလ (၃) ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံမှ ဦးအိုက်ပီးနှင့် ဦးစံထွမ်းဦးဆောင်သည့် အဖွဲ့မှ တရုတ်နယ်ခြားစောင့်တပ်နှင့် စုစုပေါင်းအင်အား (၂၅) ဦးခန့်ဖြင့် ကုန်းဆာ ကူးတို့ဆိပ်မြေနေရာအား တရုတ်နိုင်ငံအလံစိုက်ထူရန် ကြိုးစားခဲ့ရာ စယ်ဟိုင်းကျေးရွာအုပ်စုနှင့် မန့်နောင်ကျေးရွာအုပ်စု၊ ကုန်းဆာကျေးရွာတို့မှ ဒေသခံတောင်သူ (၅၁၂) ဦးတို့ကကန့်ကွက်ခဲ့ကြသည်။
နမ့်ခမ်း၊

စိုင်းကံသာ (လားရှိုး)

0 အကြံပြုခြင်း: