Wednesday, April 8, 2015

ကျောင်းသားခေါင်းဆောင်မင်းသွေးသစ်နှင့်အင်တာဗျူး


``သမ္မတ ကိုယ်တိုင် တရားဥပဒေစိုးမိုးရေးနဲ့ အမှန်တရားကို တန်ဖိုးထားပေးဖို့လိုပါတယ်´´
****************************************************************
ပင်မကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို မတ်လ(၂၅)ရက်နေ့က လက်ပံတန်းတရား ရုံးမှာရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ရုံးထုတ်စစ်ဆေးပြီးမှာ ကျောင်းသားမိဘတွေကို ကျောင်းသားတွေနဲ့ (၁၀)မိနစ်ခန့်တွေ့ဆုံစကား ပြောခွင့်ပေးခဲ့ပြီးထောင်ဝင်စာတွေကိုလည်း ပေးခွင့်ရခဲ့ပါတယ်။ အဲ့ဒီလိုတွေ့ဆုံစဉ် ကျောင်းသားခေါင်းဆောင်ကိုမင်းသွေးသစ်ရဲ့ ဖခင်ဖြစ်သူရဲ့ ကူညီမှုနှင့်လျှပ်တစ်ပြက်ဂျာနယ်က ကျောင်းသားခေါင်းဆောင် မင်းသွေးသစ် နှင့် ခဏတာ ဖုန်းနှင့်ဆက်သွယ်မေးမြန်းခွင့်ရခဲ့ပါတယ်။

မေး။ ။ဒီနေ့ရုံးထုတ်တာဘယ်နှယောက်လဲ၊ဘယ်ပုဒ်မတွေနဲ့လဲ အစ်ကို။

ဖြေ။ ။ကျောင်းသား(၆၉)ယောက်ပါ။ကျွန်တော်တို့အရင်ကလိုပဲပုဒ်မ(၅)ခုနဲ့ပါပဲ။

မေး။ ။ဖမ်းတုန်းကရိုက်နှက်ဖမ်းသွားတယ်ပေါ့။ပြီးတော့ကျောင်းသား သီချင်းတွေကိုသရော်ပြီး ထပ်ရိုက်တာတွေရှိတယ်လို့ ထွက်လာတဲ့ကျောင်း သားတွေက ပြောကြတယ်။လက်ရှိထောင်တွင်းမှာရော နေထိုင်ရတာ ဘယ်လိုပါလဲ။

ဖြေ။ ။ကျွန်တော်တို့ကိုတော့ခုချိန်ထိသာယာဝတီထောင်မှာပဲပေါ့၊ ထောင်ရောက်ကတည်းကတော့ ဘာမှမဖြစ်တော့ပါဘူး၊ဖမ်းဆီးတုန်းကတော့ ရိုက်တာနှက်တာ တွေခံထားရတယ်၊ထောင်ကနေခုချိန်ထိတော့ ဘာမှ နှိပ်စက်တာ ရိုက်တာနှက်တာတွေတော့ မရှိတော့ပါဘူး။

မေး။ ။အစ်ကို ကျန်းမာရေးရောကောင်းရဲ့လား၊ ရိုက်နှက်ခံပြီးဖမ်းဆီးခံထား ရတာဆိုတော့ ကျောင်းသားတွေအားလုံးရဲ့ ကျန်းမာရေးကို ပြည်သူအများ စုကစိုးရိမ်နေကြပါတယ်။

ဖြေ။ ။ကျန်းမာရေးလည်းကောင်းပါတယ်။စိုးရိမ်ပေးတဲ့ပြည်သူ တွေအားလုံးကိုလည်းကျေးဇူးတင်တယ်။ဝိုင်းပြီးဝန်း ရံပေးတဲ့သူတွေ ကျွန်တော်တို့လွှတ်မြောက်ရေး အတွက်လုပ်ပေးနေသူတွေအား လုံးကိုလည်း ကျေးဇူးတင်ပါတယ်။

မေး။ ။ရိုက်ခံရတုန်းက ဘယ်နားတွေထိမိခဲ့လဲ။

ဖြေ။ ။အရိုက်ခံရတုန်းကထိခိုက်မိတာကတော့တစ်ကိုယ်လုံးပဲခေါင်းတွေ၊ကျောက အများဆုံးပေါ့၊ ခါးနာတာရှိတယ်၊နောက်ပိုင်းတွေနည်းနည်းနာနေတယ်။ခေါင်းတွေကိုက နံပါတ်တုတ်တွေနဲ့ ၀ိုင်းရိုက်ထားတာဆိုတော့ နည်းနည်းတော့ထိခိုက်မှုရှိတာပေါ့၊တစ်ကိုယ်လုံးတော့ထိထားတာပဲ၊ကျောမှာဆိုခုထိ အရှိုးရာတွေရှိသေးတယ်။

မေး။ ။ဆန္ဒပြတဲ့ကျောင်းသားတွေကို အင်အားသုံး အကြမ်းဖက်ဖြိုခွင်း ခဲ့မှုအပေါ်အစ်ကိုဘာများ ပြောချင်ပါသေးလဲ။

ဖြေ။ ။အဓိကက ကျွန်တော်တို့က အာဃာတတော့မရှိပါဘူး၊ဥပဒေနဲ့ ပတ်သက်ပြီးတော့ အမှန်တရားလည်းဖြစ်စေချင်တယ်၊အကြမ်းဖက်တာ ဘယ်သူ့ဘယ်သူမှမကောင်းဘူး၊နှစ်ဖက်စလုံးဘက်မကောင်းဘူး၊အဲ့ဒီတော့ အဲ့ဒီလိုအကြမ်းဖက်တဲ့ ကိစနောက်တစ်ခါမဖြစ်စေချင်ဘူး။

မေး။ ။နိုင်ငံတော် သမတဦးသိန်းစိန်က ကျောင်းသားတွေဘက်ကစရိုက်လို့ ပြန်ရိုက်ရတဲ့ သဘောလို့ ဘီဘီစီသတင်းဌာနနဲ့တွေ့စဉ်ပြောခဲ့တာရှိတယ်။အဲ့ဒါနဲ့ ပတ်သက်ပြီးတော့။

ဖြေ။ ။အဲ့ဒီလိုတော့ မဟုတ်ပါဘူး။ဗွီဒီယိုဖိုင်မှတ်တမ်း တွေမှာလည်းကြည့် ရင်သိနိုင်ပါ တယ်။ကျွန်တော်တို့ကိုယ်တိုင်လည်း ဘာမှမဖြစ်အောင်ထိန်း ပါတယ်။မှတ်တမ်းတွေကြည့်ရင်သိပါတယ်။

မေး။ ။နိုင်ငံတော်သမ္မတဆီကိုရောဒီအင်တာဗျူးကတစ်ဆင့်ဘာများ ပြောချင်ပါသေးလဲ။

ဖြေ။ ။အမှန်တရားကိုလိုချင်တယ်၊အဲ့ဒီတော့ သမ္မတကိုယ်တိုင် အမှန်တရားနဲ့ ပတ်သက်ပြီး သမ္မတ ကိုယ်တိုင် တရားဥပဒေစိုးမိုးရေးနဲ့ အမှန်တရားကို တန်ဖိုးထားပေးဖို့လိုပါတယ်။

စောဖိုးခွားမေးသည်။
လျှပ်တစ်ပြက်သတင်းဂျာနယ်မှာဖော်ပြပြီး။
.

0 အကြံပြုခြင်း: