Monday, April 20, 2015

ဒေါ်လာ ၈၄၀၀၀၀



U Ravika

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနှစ် ဖြစ်လို့ အမေရိကန်အစိုးရ၊ အမေရိကန်ကွန်ဂရက်နဲ့ ဆက်ဆံရေးပြေပြစ်ဖို့ အမေရိကန်ပြည်ထောင်စုရှိ Podesta အကျိုးဆောင်အဖွဲ့ကို ဒေါ်လာ ၈၄၀၀၀၀ ပေးကာ ငှားလိုက်တယ်လို့ သတင်းထွက်တုန်းက သင်္ကြန်တွင်းကပါ။ ဒေါ်လာ ၈၄၀၀၀၀ ကို (၃)လတစ်ခါ အရစ်ကျပေးသွင်းသွားရမှာ ဖြစ်တယ်။ တစ်ခါ ၂၁၀၀၀၀ ပေးရပြီး လေးခါ ပေးသွင်းရမှာပါ။ စာချုပ်က တစ်နှစ်သက်တမ်း ရှိပါတယ်။

ဒီလော်ဘီအဖွဲ့ကို ဘာကြောင့် ငှားရသလဲလို့ မေးစရာတောင် မလိုပါ။ ငှားရတဲ့ ရည်ရွယ်ချက်ကို The Hill က ဖော်ထုတ်ထားပြီးသားပါ။ ဝါရှင်တန်က နေပြည်တော်ကို ပိုမိုနားလည်ဖို့ ဆိုတဲ့ အချက်တစ်ချက်ထဲပါ။ ပြောင်ပြောရရင် အမေရိကန်ပြည်ထောင်စုက သိန်းစိန်အစိုးရကို ထောက်ခံဖို့ ဒီအဖွဲ့က အယုံသွင်းမှာ ဖြစ်လို့ပါပဲ။

ရွေးကောက်ပွဲနှစ်မှာ ဒီလိုအဖွဲ့မျိုးကို ငှားခြင်းမှာလည်း သံသယဖြစ်စရာ ကောင်းပါတယ်။ ဖွဲ့စည်းပုံပြင်ရေးအတွက်လည်း သိပ်ပြီးတော့ အလားအလာ မကောင်းချင်ဘူး။ နောက်ပြီး ပြည်နယ်တွေမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်တွေပါ။ တိုင်းရင်းသားတွေက ပြည်မကို မတိုက်ခိုက်ခြင်းမှာ ရန်စောင်မှု မရှိလို့ ဖြစ်ကြောင်း၊ အစိုးရက ပြည်နယ်တွေကို တိုက်ခိုက်ခြင်းမှာ အကြီးစားအနိုင်ကျင့်မှုတွေ ဖြစ်ကြောင်း လူတိုင်းအသိ ဖြစ်တယ်။ ဒါကိုလည်း အမေရိကန်အစိုးရ လက်ခံလာအောင် ဒီအကျိုးဆောင်အဖွဲ့က နားချပေးမှာပါ။ ဒီတော့ ဘာဖြစ်သွားသလဲဆိုတော့ Government sponsored crimes တွေအပြင် အမေရိကန်ပြည်ထောင်စုမှာ ရှိနေတဲ့ private sector အဖွဲ့တစ်ဖွဲ့က ကျူးလွန်တဲ့ crimes တွေကိုလည်း မြန်မာပြည်သူတွေ အလူးအလဲ ခံကြရပါတော့မယ်။

မိမိတွေးတာက ဒေါ်လာ ၈၄၀၀၀၀ ပါ။ ဒီငွေဟာ နည်းနည်းနောနော မဟုတ်ပါဘူး။ နံပါတစ်အချက် ပြည်တွင်းမှာ မသမာမှု လုပ်ဖို့ စွမ်းအားရှင်တွေအပါအဝင် အမိန့်နာခံမဲ့ လှို့ဝှက်အဖွဲ့အစည်းအမျိုးမျိုးကို ထူထောင်ထားဖို့ ဘတ်ဂျက်ကို မနည်း သုံးရပါတယ်။ နောက်ပြီး အခု နိုင်ငံတော်ဘတ်ဂျတ်ကို သုံးပြီး ကိုးကန့်ကို တိုက်နေပါတယ်။ တစ်မိနစ်မှာ လက်နက်ကြီးအကြိမ်ပေါင်းရာဂဏန်းမျှ ပစ်ခတ်ခြင်းကိုပဲ ကြည့်ပါ။ ဒါဟာ တစ်မိနစ်မှာ ဒေါ်လာတွေ အများကြီး ဖြုန်းနေခဲ့ပါပြီ။

အခု ဒေါ်လာ (၈၄၀၀၀၀)ကို သုံးပြီး မုဒိမ်းမှုတွေ၊ လူသတ်မှုတွေ၊ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ၊ ရွေးကောက်ပွဲကလိမ်ကကျစ်မှုတွေကို အကာအကွယ် လုပ်ကြပါတော့မယ်။ သေသူရဲ့အလောင်း၊ မုဒိမ်းကျင့်ပြီး အသတ်ခံခဲ့ရတဲ့အလောင်း၊ လူ့အခွင့်အရေးအတွက် လှုပ်ရှားမိလို့ အသတ်ခံရသူများရဲ့အလောင်းတွေ လှဖို့တောင် မပြင်ဘဲ လူသတ်သမား မျက်နှာပန်းလှစေဖို့ သုံးတဲ့ ဒေါ်လာ (၈၄၀၀၀၀) ပါ။ ဘယ်လောက်တရားကျဖို့ ကောင်းပါသလဲ။

ကျောင်းဝယ်တဲ့နေ့မှာ အိမ်အရောင်းအဝယ်အေးဂျင့်က "မြန်မာနိုင်ငံမှာ အခြေအနေတွေ ကောင်းသွားပြီမဟုတ်လား"လို့ မေးရာ မိမိက "အခုထိ မုဒိမ်းအကျင့်ခံရနေတုန်း၊ အသတ်ခံနေရတုန်း၊ မတရားသဖြင့် အဖမ်းခံနေရတုန်း၊ ပြည်သူတွေကို ဖမ်းချင်သလိုဖမ်းနေတုန်း၊ တိုင်းရင်းသားဒေသတွေမှာ စစ်ခင်းနေတုန်းနိုင်ငံတစ်နိုင်ငံမှာ အခြေအနေကောင်းတယ်လို့ ခင်ဗျား ပြောနိုင်ပါသလား"လို့ မိမိက မေးတော့ "ဆော်ရီးပါ"တဲ့။ ဒီမိုကရေစီအတုကိုတောင် ဒီမိုကရေစီဘိုးအေတွေက မသိကြဘူး။ အခုကျတော့ ဒီမိုကရေစီဘိုးအေဆိုသူတွေကပဲ ဆေးဆိုးပန်းရိုက်ဒီမိုကရေစီကို အရောင်တင်ပေးကြပါအုံးမယ်။ စစ်အုပ်စုတွေက မြန်မာနိုင်ငံပျက်စီးစေဖို့ ဒေါ်လာ (၈၄၀၀၀၀)တောင် သုံးရပါသတဲ့။

ခင်ဗျားတို့လုပ်ရပ်တွေကို ဓာတ်ပုံထဲမှာ ပါတဲ့ ဖရဲသီးသည်ကောင်မလေးလောက်တောင် မလေးစားနိုင်ဘူးဗျ။ ဓာတ်ပုံထဲမှာ ပါတဲ့ ဖရဲသီးသည်ကို မကာကွယ်နိုင်ရင် ဒီနိုင်ငံကို ကာကွယ်နေတယ်လို့ ခင်ဗျားတို့ မပြောကြနဲ့။ အားကိုးရာမဲ့ တိုင်းရင်းသားတွေကို အကာအကွယ်မပေးနိုင်ဘဲ ပြည်ထောင်စုကို ချစ်မြတ်နိုးတယ်လို့ ခင်ဗျားတို့ မပြောကြပါနဲ့။ ဒါပဲ။

0 အကြံပြုခြင်း: