Wednesday, April 22, 2015

အမှန်ဆိုအကျနေ့ နောက်ဆုံးမှာထားရမှာ...

Popular Myanmar News Journal·


သင်္ကြန်ပြီးသော်လည်း အခြေခံစားကုန် ဈေးပြန်မကျ
=====================================

ဧပြီလဆန်းကတည်းက ဈေး တက်ခဲ့သော အခြေခံစားကုန် ဈေး နှုန်းများ သင်္ကြန်ပြီးသည့်တိုင် ပြန်လည် ကျဆင်းမှု မရှိသေး ကြောင်း သိရသည်။

စားဖိုဆောင် သီးနှံများ ဖြစ် သော အာလူး၊ ကြက်သွန် နှင့် အသီးအရွက်များ၊ ငါးခြောက်နှင့် သားငါးဈေးနှုန်းများမှာ အစိုးရ ဝန်ထမ်းလစာတိုးမည်ဟု ကြေညာ ခဲ့သည့် ဧပြီလဆန်းကတည်းက မြင့်တက်ခဲ့ပြီး သင်္ကြန်တွင်းတွင် ပို ဈေးမြင့်ခဲ့ကြောင်း ဈေးကွက်မှ သိရသည်။

''ဘဲဥတစ်လုံး ၁၁ဝ ကနေ သင်္ကြန်မှာ ၁၅ဝ ဖြစ်သွားတယ်။ ခုလည်း ၁၅ဝ ပဲ။ ကန်စွန်းရွက်၊ ကင်ပွန်းချဉ်ရွက်၊ ချဉ်ပေါင်၊ မုန် လာဥ အကုန်ဈေးတက်တယ်'' ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ အိမ်ရှင်မ တစ်ဦးက ပြောသည်။

ယခင်နှစ်များက သင်္ကြန်ပြီးပါ က ဈေးအနည်းငယ် ပြန်ကျလေ့ရှိ သော်လည်း ယခုနှစ်တွင်မူ လုံးဝ ဈေးမကျကြောင်း၊ စားဖိုဆောင် စားသောက်ကုန်သာမက ဘုရား ပန်းပင် တစ်စီးလျှင် ကျပ် ၂ဝဝ မှ ၅ဝဝ အထိ ဈေးတက်နေကြောင်း ရွှေပြည်သာမြို့နယ်မှ အိမ်ရှင်မ တစ်ဦးကလည်း ပြောသည်။

ရေကျော်မှ ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက ကုန်ဈေးနှုန်း တက်ရ ခြင်းမှာ ဝယ်ရင်းဈေး များနေခြင်း ကြောင့် ဖြစ်ပြီး ထိုသို့ ဈေးများခြင်း ကြောင့် အခြားပစ္စည်းအမျိုးအစား များတွင် ရင်းနှီး၍ မရတော့ ကြောင်း ပြောသည်။

''အရင်ဝယ်ဈေး ၁၄ဝဝ ဆို ရင် ခုချိန်မှာ ၁၅ဝဝ လောက်ပြတ် သွားတယ်။ ၁ဝဝဝ တန်က ၁ဝ၅ဝ လောက်ဖြစ်သွားတယ်။ ကြည့်ရင် တော့ ၅ဝ၊ ၁ဝဝ တက်တာပဲ။ အမျိုးအစား များရင် များသ လောက် ကိုယ့်အိတ်ထဲက အပိုငွေ ထွက်တာပေါ့''ဟု ၄င်းက ဆို သည်။

မေဇင်ဝင်း၊ ခိုင်သဇင်ဦး

0 အကြံပြုခြင်း: