Wednesday, April 1, 2015

မြဝတီမြို့တွင် တရားမဝင် တည်းခိုနေသည့် အီရတ်နိုင်ငံသား တစ်ဦးကို ဖမ်းမိ


ကရင်ပြည်နယ်၊ မြဝတီ၊ အမှတ် (၄) ရပ်ကွက်ရှိ ရွှေစံအိမ်တည်းခိုခန်းတွင် မတ်လ ၂၉ ရက်နေ့၊ ည ၁၁ နာရီက ပြည်ဝင်ခွင့်ဗီဇာမပါဘဲ တရားမဝင် လာရောက်တည်းခိုနေသည့် အီရတ်နိုင်ငံသား တစ်ဦးကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း ယင်းအဖွဲ့အစည်းများ ထံမှ သိရသည်။
ရွှေစံအိမ်တည်းခိုခန်းတွင် နိုင်ငံခြားသားတစ်ဦး ပြည်ဝင်ခွင့်ဗီဇာမပါဘဲ လာရောက် တည်းခိုနေကြောင်း တည်းခိုခန်းပိုင်ရှင်က သက်ဆိုင်ရာသို့ သတင်းပေးပို့မှုကြောင့် မြဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန (လဝက) မှ ခေါ်ယူစစ်ဆေးမေးမြန်းရာမှ တရားမဝင် လာရောက်နေခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ယင်းတို့က ဆိုသည်။
အဆိုပါ အီရတ်နိုင်ငံသား MR.AMER UASIM YAHY (၄၁ နှစ်) သည် အိန္ဒိယနိုင်ငံ မှတစ်ဆင့် တရုတ်ပြည်တွင်းသို့ ဝင်ရောက်ခဲ့ပြီး၊ တရုတ်ပြည် မှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သော်လည်း ခိုင်မာသည့် အထောက်အထားကို မပြသနိုင်ခဲ့ ကြောင်းနှင့် ၎င်းထံမှ ထိုင်းနိုင်ငံအသုံးအဆောင် ပစ္စည်းများကို စစ်ဆေးတွေ့ရှိရသဖြင့် ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် သောင်ရင်းမြစ်မှ တရားမဝင် ဖြတ်ကျော်၍ ဝင်ရောက်ခဲ့သည်ဟု ယူဆရကြောင်း မြဝတီမြို့မ ရဲစခန်းမှ စခန်းမှူး အောင်နိုင်ရွှေက ပြောကြားသည်။
“သူဟာ အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့က ဖြစ်တယ်၊ တရားမဝင် Passport ပါတယ်၊ မလေးရှားနိုင်ငံ UNHCR ရုံးမှာ refugee ကဒ်၊ ယာယီကဒ်ပုံစံမျိုး လုပ်ထားတာရှိတယ်။ ထိုင်းနိုင်ငံက တစ်ဆင့် မလေးရှားအောက်မှာ ရှိတဲ့ UNHCR ရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါ Register သွင်းထားခြင်းသာဖြစ်တယ်၊ တရားဝင် ဒုက္ခသည်တော့ မဟုတ်သေးဘူးလို့ သိရတယ်" ဟု မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးညိုက ရှင်းပြသည်။
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် MR.AMER UASIM YAHY ကို မြဝတီမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) မှ ဦးစီးအရာရှိ ဦးထွန်းအောင်ကျော်က တရားလိုပြု၍ မြဝတီမြို့မ ရဲစခန်းတွင် (ပ)၃၇/၂၀၁၅ (လဝက)-၁၃(၁) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးညိုက ပြောသည်။
မြတ်ကို (ဒေါနမြေ)
The Voice Weekly

0 အကြံပြုခြင်း: