Wednesday, April 22, 2015

သံဃာတော်တွေရှိရာကို လက်အုပ်ချီပြီး ကန်တော့နှုတ်ဆက်ပါတယ်

 ဒေါ်အောင်ဆန်းစုကြည် ရှေ့ဆုံးဒုတိယတန်းနားကို ရောက်လာတော့ ခရစ်ယာန်၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေက နှုတ်ဆက်ပါတယ်။ သူတို့နဲ့ လက်ဆွဲနှုတ်ဆက်ပြီးတော့ အဲဒီအတန်းမှာပဲ သံဃာတော်တွေ ရှိနေတော့ ဒေါ်အောင်ဆန်းစုကြည်က ဘာသာရေးခေါင်းဆောင်တွေနဲ့ နှုတ်ဆက်နေရင်းကပဲ သံဃာတော်တွေရှိရာကို လက်အုပ်ချီပြီး ကန်တော့နှုတ်ဆက်ပါတယ်။


Eleven Media Group
The Voice Weekly Facebook စာမျက်နှာ၌ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဖော်ပြမှုနှင့် ပတ်သက်၍ ဘာသာရေးအရ အထင်အမြင် လွဲမှားစေနိုင်သည့်အတွက် ပြန်လည်တောင်းပန်
The Voice Weekly Facebook စာမျက်နှာပေါ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဖော်ပြမှုနှင့် ပတ်သက်၍ ဘာသာရေးအရ အထင်အမြင် လွဲမှားစေနိုင်သည့်အတွက် The Voice Weekly ဂျာနယ်မှ ပြန်လည်တောင်းပန်ခဲ့သည်။
ဧပြီ ၂၁ ရက်တွင် ကျင်းပသည့် သတင်းစာဆရာ၊ စာရေးဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။
ယင်းအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည့် ဓာတ်ပုံများကို ဧပြီ ၂၁ ရက်တွင် The Voice Weekly Facebook စာမျက်နှာပေါ်၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။
The Voice Weekly Facebook စာမျက်နှာပေါ်၌ ဖော်ပြထားသည့် ဓာတ်ပုံများအနက် တစ်ပုံသည် ဒေါ်အောင်ဆန်းစုကြည်မှ အစ္စလာမ်ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များအား နှုတ်ဆက်နေသည့်ပုံ ဖြစ်သည်။ ကျန်တစ်ပုံမှာ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းပုဂ္ဂိုလ်များအနီး လက်အုပ်ချီ ရှိခိုးနေသည်ဟု ယူဆဖွယ်ရာရှိသည့် ဓာတ်ပုံဖြစ်သည်။
ယင်းဓာတ်ပုံများကို The Voice Weekly Facebook စာမျက်နှာပေါ်၌ ဖော်ပြပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပေါ် ၀ါဒဖြန့်ချိရေး အကောင့်များ အပါအ၀င် အွန်လိုင်းစာမျက်နှာအချို့ပေါ်၌ ဘာသာရေးဆိုင်ရာ ပုတ်ခတ်ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
ယင်းသို့ ပုတ်ခတ်ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ The Voice Weekly အယ်ဒီတာအဖွဲ့မှ ဧပြီ ၂၁ ရက် ည ၁၀ နာရီ ၅၂ မိနစ်တွင် “The Voice Weekly Facebook စာမျက်နှာပေါ်၌ ဦးဝင်းတင်ကွယ်လွန်ခြင်း တစ်နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား ဓာတ်ပုံများ ဖော်ပြခဲ့ရာတွင် အွန်လိုင်းအယ်ဒီတာအဖွဲ့၏ ပေါ့ဆမှုကြောင့် အများအထင်အမြင် လွဲမှားစေနိုင်သည့် အငြင်းပွားဖွယ်ရာ ဓာတ်ပုံတစ်ပုံ ပါဝင်သွားခဲ့ခြင်းအတွက် သက်ဆိုင်သူများကို အနူးအညွတ် လေးလေးစားစား တောင်းပန်အပ်ပါသည်” ဟု The Voice Weekly Facebook စာမျက်နှာပေါ်မှတစ်ဆင့် တောင်းပန်ခဲ့သည်။
The Voice Weekly ဂျာနယ်မှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက “အဲဒီပုံနဲ့ ပတ်သက်လို့ ရည်ရွယ်ချက်နဲ့လုပ်တာ မဟုတ်ဘူး။ ပုံကလည်း လုပ်ကြံဖန်တီးထားတာ မဟုတ်ပါဘူး။ အဲဒီ အခမ်းအနားထဲမှာပဲ ရိုက်ထားတာပါ။ သို့သော် ကျွန်တော့်အနေနဲ့ အငြင်းပွားဖွယ်ဖြစ်နိုင်တဲ့ပုံမျိုး မတင်သင့်ဘူးလို့ မြင်ပါတယ်။ အွန်လိုင်းအယ်ဒီတာအဖွဲ့ရဲ့ အားနည်းချက်လည်း ပါပါတယ်။ ကျွန်တော်သိသိချင်း ပြန်ဖြုတ်ခိုင်းခဲ့ပါတယ်” ဟု ပြန်လည်ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းတွင် The Voice Weekly Facebook စာမျက်နှာပေါ်၌ ၎င်းကိစ္စအပေါ် ထပ်မံတောင်းပန်ခဲ့ပြီး “အဆိုပါ ဓာတ်ပုံသည် တမင်လုပ်ကြံ ဖန်တီးထားခြင်း မဟုတ်ဘဲ ယင်းအခမ်းအနားတွင် အမှန်တကယ် ဖြစ်ပေါ်ခဲ့သော အခြေအနေမှန်ကို ပကတိအတိုင်း မှတ်တမ်းတင် ရိုက်ကူးထားခြင်း ဖြစ်ပါသည်။ စင်စစ်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ဘာသာအားလုံးမှ ဘာသာရေးခေါင်းဆောင် အားလုံးကို အရှေ့တိုင်းနိုင်ငံ အများစု၏ ထုံးစံနှင့်အညီ အပြန်အလှန် လေးစားကြောင်း လက်အုပ်ချီနှုတ်ဆက်ခြင်းသာ ဖြစ်ပါသည်။ အွန်လိုင်းအယ်ဒီတာအဖွဲ့၏ ပေါ့ဆမှုကြောင့် အပြန်အလှန် လက်အုပ်ချီနေသည့်ပုံ မတင်မိဘဲ လက်အုပ်မချီခင်ပုံ တင်မိခြင်းသာ ဖြစ်ပါသည်။ ယင်းဓာတ်ပုံများမှာ အမှန်အကန် ရိုက်ကူးထားခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများနှင့်အတူ The Voice ရုံးခန်းသို့ အချိန်မရွေး လာရောက်စစ်ဆေး အတည်ပြုနိုင်ပါသည်။ ထိုသို့ အပြန်အလှန် လက်အုပ်ချီ နှုတ်ဆက်နေသည့် ထူးခြားပုံကို အွန်လိုင်းအယ်ဒီတာအဖွဲ့က ကြည်နူးစိတ်ဖြင့် အများဆင့်ပွား ကြည်နူးနိုင်စေရန် တင်ပေးလိုက်ခြင်း ဖြစ်သော်လည်း လက်ရှိအချိန်မျိုးတွင် ဘာသာရေးဗန်းပြ အစွန်းရောက် အမြင်ရှိသူများက အလွဲသုံးသွားနိုင်သော ဓာတ်ပုံဖြစ်သောကြောင့် မတင်သင့်သော ဓာတ်ပုံဖြစ်ကြောင်း အွန်လိုင်းပေါ်မှ မှတ်ချက်များကို ကြည့်ပြီးနောက် သတိပြုမိပါသည်” ဟု တောင်းပန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးစိုးဝင်းက “အန်တီက အရင်တွေ့ရတဲ့ အဲဒီပုဂ္ဂိုလ်တွေ (အစ္စလာမ်ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ) ကို နှုတ်ဆက်တယ်။ နောက် သူတို့ဘေးမှာထိုင်နေတဲ့ ဆရာတော်ကြီးတွေကိုလည်း တွေ့လိုက်ရော အန်တီက လှမ်းပြီး ကန်တော့လိုက်တာ။ အဲဒါကို တစ်ဖက်ကနေ ဓာတ်ပုံဘယ်လို ရိုက်လိုက်လဲတော့ မသိဘူး” ဟု ပြောကြားသည်။
မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက “ကျွန်တော်သိတာက The Voice Weekly ဂျာနယ်က ဒီပုံကို တင်လိုက်တယ်။ ဝေဖန်မှုတွေ ရှိတယ်။ အွန်လိုင်းပေါ်ကနေ ပြန်ဖြုတ်လိုက်တယ်။ ပြီးတော့ ပြန်တောင်းပန်တယ်။ ဒါနဲ့ပတ်သက်လို The Voice Weekly ဒီလိုအပြုအမူမျိုးလုပ်တာ နှစ်ကြိမ်ရှိပြီလို့ သတိထားမိတယ်။ ပထမတစ်ကြိမ်က ကျောင်းသားတွေ အကြမ်းဖက် ဖြိုခွင်းခံရတဲ့ဓာတ်ပုံ ပုံစာကိုလည်း မဖွယ်မရာ ကျင့်ဝတ်နဲ့မညီ ရေးသားဖော်ပြခဲ့တာကို တွေ့ရတယ်။ သတင်းမီဒီယာဆိုတာ ကျင့်ဝတ်နဲ့ညီဖို့ လိုတယ်။ ပြီးတော့ The Voice အယ်ဒီတာချုပ် ဆိုတာကလည်း စာနယ်ဇင်းကောင်စီမှာ အတွင်းရေးမှူးတာဝန် ယူထားတယ်။ အခုလို မှားလိုက် ပြန်တောင်းပန်လိုက် လုပ်နေလို့ မလျော်ကန်ဘူးလို့ ထင်ပါတယ်။ ဒီလို တင်ပြမှုတွေက ဘယ်သူ့ကို ကိုယ်စားပြုပြီး ဘယ်လိုရည်ရွယ်ချက်နဲ့ ဖော်ပြတယ်ဆိုတာ မေးခွန်းထုတ်ဖို့ လိုမယ်။ ဒီလို ဖော်ပြမှုက ပြည်သူတွေအကြား၊ တိုင်းရင်းသားတွေအကြား၊ ပါတီတွေအကြား ယုံကြည်မှု၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခ ဖြစ်စေတာတွေကို ဦးတည်နိုင်တယ်ဆိုရင် တရားဥပဒေ စိုးမိုးရေး ရှုထောင့်အရ မဖြစ်သင့်ပါဘူး” ဟု သုံးသပ်ပြောကြားသည်။
“ကျွန်တော်တို့ ရထားတဲ့ ဗီဒီယိုဖိုင်တွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် ခန်းမထဲကို စ၀င်လာတဲ့အခါ အခမ်းအနားတက်တဲ့ ဘာသာရေးခေါင်းဆောင်တွေ အနားရောက်တော့ နှုတ်ဆက်တာ တွေ့ရတယ်။ အရင်ဆုံး သံဃာတော်တွေနဲ့ တစ်တန်းထဲ အစွန်ဘက်မှာ ထိုင်နေတဲ့ ဘာသာရေးခေါင်းဆောင်နှစ်ဦးကို လက်ဆွဲနှုတ်ဆက်ပြီး သူတို့ဘေးက တစ်ယောက်ကို ထပ်ပြီး လက်ဆွဲနှုတ်ဆက်တယ်။ ပြီးမှ လက်အုပ်ချီတာ တွေ့ရတယ်လို့” ယင်းအခမ်းအနားတွင် သတင်းသွားရောက်ယူခဲ့သည့် EMG ရုပ်သံသတင်းထောက်တစ်ဦးက ပြောကြားသည်။
“အခမ်းအနား မစခင်မှာ NLD ပြန်ကြားရေးအဖွဲ့က ဦးကြည်တိုးက ဒေါ်အောင်ဆန်းစုကြည် မကြာမီ ရောက်ရှိတော့မယ်ဆိုပြီး ကြေညာပါတယ်။ သိပ်မကြာပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ရောက်လာတော့ ကြိုဆိုနှုတ်ဆက်တဲ့သူတွေ ဖုန်းတွေ၊ ကင်မရာတွေနဲ့ မှတ်တမ်းတင်ကြတဲ့ သူတွေနဲ့ ခန်းမထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ ကြိုဆိုနှုတ်ဆက်တဲ့ သူတွေထဲမှာ ဘာသာရေးခေါင်းဆောင်ကြီးတွေလည်း ပါ,ပါတယ်။ အဲဒီ ဘာသာရေးခေါင်းဆောင်တွေရဲ့ ဘေးနားမှာ သံဃာတော်တွေလည်း ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရှေ့ဆုံးဒုတိယတန်းနားကို ရောက်လာတော့ ခရစ်ယာန်၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေက နှုတ်ဆက်ပါတယ်။ သူတို့နဲ့ လက်ဆွဲနှုတ်ဆက်ပြီးတော့ အဲဒီအတန်းမှာပဲ သံဃာတော်တွေ ရှိနေတော့ ဒေါ်အောင်ဆန်းစုကြည်က ဘာသာရေးခေါင်းဆောင်တွေနဲ့ နှုတ်ဆက်နေရင်းကပဲ သံဃာတော်တွေရှိရာကို လက်အုပ်ချီပြီး ကန်တော့နှုတ်ဆက်ပါတယ်။ ပြီးတော့ အခမ်းအနား ရှေ့ဆုံးတန်းမှာ နေရာယူပါတယ်။ ပြီးတော့ အခမ်းအနားမှာ ဟံသာဝတီ ဦးဝင်းတင်အတွက် ဂုဏ်ပြုအမှတ်တရစကား ပြောပါတယ်။ ဓာတ်ပုံဆရာ အများစုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကို ထင်ရှားစွာ ရချင်တဲ့အတွက် အနီးကပ် ဆွဲရိုက်တဲ့အခါ မြင်ကွင်းမှာ သံဃာတော်တွေရဲ့ပုံ မပေါ်ဘဲ သံဃာတော်တွေနဲ့ တစ်တန်းတည်းရှိနေတဲ့ ဘာသာရေးခေါင်းဆောင်တွေကိုသာ မြင်ရသလို ဖြစ်သွားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဟောပြောပွဲတွေမှာ သံဃာတော်တွေ လာရောက်နားထောင်တဲ့ အခါမျိုးမှာလည်း အခုလို လက်အုပ်ချီပြီး ကန်တော့တာမျိုး မြင်ဖူးပါတယ်။ အခု အခမ်းအနား အပြီးမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ရှေ့ဆုံးမှာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို နှုတ်ဆက်ပြီး ဟံသာဝတီဦးဝင်းတင် အထိမ်းအမှတ်ပြခန်းကို ကြည့်ပြီး ပြန်သွားတာပါ” ဟု Eleven Media Group မှ သတင်းထောက် ကိုအောင်ဇော်ထွန်းက ပြောကြားသည်။
ပုံ(၁) - အခမ်းအနားသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်မှ သံဃာတော်များ ရှိရာသို့ လက်အုပ်ချီ ကန်တော့ နှုတ်ဆက်နေစဉ် (ဓာတ်ပုံ - ဇာလီမြင့်ဦး)
ပုံ(၂) - အခမ်းအနားသို့ တက်ရောက်လာသော သံဃာတော်များနှင့် ဘာသာရေးခေါင်းဆောင်များအား တွေ့ရစဉ်

ပုံ(၃) - ဘာသာရေးခေါင်းဆောင် တစ်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်နေစဉ်

0 အကြံပြုခြင်း: