Wednesday, April 8, 2015

ဒုသမ္မတရဲ့တာဝန်



မြန်မာနိုင်ငံနှင့် ဆင်ဖြူ မင်းတရားမကြီး
=========================
အေးဗျာ.... ခင်ဗျားတို့ ယုံခြင်ယုံ... မယုံခြင်နေ....
ကျုပ်တို့ မြန်မာပြည်မှာ ကိုးကွယ်မှု အသစ်တစ်ခု ပေါ်နေတယ်ဗျာ....
ကျုပ်ကတော့ အံ့သြလို့မဆုံးဘူး။
လူမျိုးများမတူ လို့လားလို့ သေချာတော့ ကြည့်မိပါရဲ့။
ဒါပေမယ့် လုံချည်တွေ၊ တိုက်ပုံနေနဲ့ပါ။
ဒါကြောင့် ကိုးကွယ်မှု အသစ်လို့ ပြောတာပါ....
...
ဟဲ... ဟဲ...
ခင်ဗျားတို့... ကျုပ်ပြောတာ မယုံဘူးမဟုတ်လား...
ကဲ... ဒီနေ့ 07-04-2015 အင်္ဂါနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၊
စာမျက်နှာ (၄)၊ ကော်လံ (၄)၊ အပိုဒ် (၃)ကို ဖတ်ကြည့်...
.....
"ရှေးဦးစွာ ရတနာဆင်ဖြူတော်တင် မော်တော်ယာဉ်သည် ဥပ္ပါတသန္တိ စေတီတော် တောင်ဘက်မုခ်ဦး သို့ရောက်ရှိကြရာ ကြိုဆိုရေး အဖွဲ့များက "ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ" ဟူသော သရဏဂုံ သုံးပါး ပါဠိကို ဖြည်းညင်းစွာ ရွတ်ဆိုကြသည်" ... တဲ့ ခင်ဗျာ....
.....
ကျုပ်တော့ တော်တော်လေးဖျားသွား သဗျာ....
တော်တော် ဘုန်းကြီးတဲ့ ဆင်မ "သီရိမာလာ"။
ထိုင်ပဲ ရှိခိုးရတော့ မလိုလို....
ဘုရားစင်ပေါ်ပဲ တင်ထားရတော့မလိုလို...
....
ဟိုတနှစ်ကလည်း ဖတ်လိုက်ရသေး.... မှတ်မှတ်ရရ (၂၈.၁၁.၂၀၁၁) နေ့ထုတ် မြန်မာ့ အလင်း မျက်နှာဖုံးမှာ... သမ္မတကြီး ဦးသိန်းစိန် ဧရာဝတီတံတား(ညောင်တုန်း) ဖွင့်ပွဲ တက်ရောက် မိန့်ခွန်းချွေတဲ့ သတင်းထဲမှာ .... ဘာတဲ့..
...
"ဧရာဝတီတိုင်း ဒေသကြီးအတွင်းက တိုင်းပြည်၏ ရတနာ တစ်ပါးဖြစ်သည့် ဆင်ဖြူတော်တစ်စီး ရှားရှားပါးပါး ပေါ်ပေါက်ခဲ့ပြီး ဖြစ်ကြောင်း၊ ဆင်ဖြူတော်ကြီးကဲ့သို့ ဖြူစင်သန့်ရှင်းမွန်မြတ်သည့် စိတ်ထားများ ထားနိုင်ကြပါစေ၊ ဆင်ဖြူတော်ကြီးကဲ့သို့ အားခွန်ဗလများနှင့် ပြည့်စုံပြီး၊ ဒေသအကျိုး၊ တိုင်းပြည်အကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သည့် ဧရာဝတီ တိုင်းသားများ ဖြစ်ပါစေဟု ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်"... တဲ့ ခင်ဗျာ....
.....
အေးဗျာ... တော်တော် ကံကောင်းတဲ့ ဧရာဝတီတိုင်းသားတွေ။ ဆင်ဖြူလို ဖြစ်ဖို့ ဆုတောင်းပေးခံရတယ်ဆိုတော့.... တော်တော်ကံထူးတာပေါ့။ ခင်ဗျားတို့ သမ္မတကြီးရဲ့ ဆုတောင်း ပြည့်လို့ကတော့ ဇိမ်ပဲ....ဇိမ်ပဲ... ဘာမှ လုပ်စရာ မလိုတော့ဘူး.... ရေချိုးလိုက်.... ဒိုက်ထိုးလိုက်.... ကြံစုပ်လိုက်.... ရှယ်ပဲ.... ဆင်မဲတွေက သေလောက်အောင် သစ်ဆွဲနေရချိန်မှာ... ဆင်ဖြူတွေက တကယ့် လောကစည်းစိမ်။ အဲဒီအဟိတ် တိရစ္ဆာန်တွေက တိုင်းပြည်ကို ဘယ်လို အလုပ်အကြွေးပြုသလဲတော့ ကျု ပ်မသိဘူး။ ဒါပေမဲ့ ဒီကောင်တွေက တော်တော် ချမ်းသာသဗျ။ ဟိုအရင်တစ်ခါလည်း... ဘာတဲ့ အရှေ့ပြင်သူဌေးတွေ၊ အနောက်ပြင် သူဌေးတွေ၊ မြောက်ပြင်သူဌေးတွေ၊ အနောက်ပြင်သူဌေးတွေ (ကျနော်လည်း ပဒေသရာဇ်ခေတ်က သူဌေးတွေ နာမည်ကြားလို့ ထကြည့်တာ ခရိုနီတွေ ဖြစ်နေသဗျ) ၀ိုင်း ချည်းမြှင့်လိုက်တာ ချက်ချင်း သူဌေးဆင် ဖြစ်သွားတာပဲဗျ။
.....
အေးဗျာ... ကျုပ်လည်း ကျုပ်တို့ နိုင်ငံမှာ ငွေစက္ကူကို နိုင်ငံ့ခေါင်းဆောင်ပုံကနေ ဆင်ဖြူတော်ပုံ ပြောင်းထုတ် ကတည်းက သံသယ ၀င်နေတာ။ ဟုတ်တယ်လေ... နိုင်ငံတိုင်းမှာ သူတို့ခေါင်းဆောင်တွေကို၊ တလေးတစား၊ အမှတ်တရ၊ ဂုဏ်ပြုပြီး ငွေစက္ကူမှာ ပုံနှိပ်ကြတာ။ ကျုပ်တို့ နိုင်ငံမှာလည်း ဆင်ဖြူတော်ပုံနဲ့ ထုတ်ကတည်းက ထူးတော့ ထူးခြားတယ်လို့။ ဒီကောင် သာမန်မဟုတ်လောက်ဘူးလို့။ အလားအလာရှိတယ်လို့ တွက်ထားတာ။
....အခုတော့ သေချာသွားပြီ... ရတနာသုံးပါးနဲ့ တစ်ဂိုဏ်းထဲထား အကြိုဆို ခံရတယ်ဆိုတော့... ဘာတဲ့... " ကြိုဆိုရေး အဖွဲ့များက "ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ" ဟူသော သရဏဂုံ သုံးပါး ပါဠိကို ဖြည်းညင်းစွာ ရွတ်ဆိုကြသည်" ... တဲ့..
....
မိုးကျိုးပစ် မှာတော့ ကြောက်မိပါရဲ့....
ဒါပေမယ့်... ကျုပ်အထင် ဒီဆင်ဖြူ (မ) တော် က...
ဘုရားအလောင်းလို့ သတင်းရထားလို့များလား...
တန်ခိုးရှင်တစ်ပါးပါးများ ၀င်စားသလား...
ရွေးကောက်ပွဲ နိုင်စေတတ်တဲ့ အစွမ်းများရှိရော့လား...
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ
ဖြေးညင်းစွာ ရွတ်ပြီး ကြိုဆိုရတယ်ဆိုတော့....

....
အေးဗျာ... နောက်ဆို "နာဠာဂီရိ သရဏံ ဂစ္ဆာမိ" လို့များ နိုင်ငံတော်အမိန့်ပြန်တမ်းနဲ့ ထပ်တိုးဦးမလား...
......
ကြာပါတယ်ဗျာ... ပြောနေ နောက်ကျတယ်...
တုတ်ကောက်နဲ့ ထီးသာ ပေးပါတော့...
ညနေ ...အီလိုက်ကားနဲ့ နေပြည်တော်သွားပြီး
ဆင်ဖြူ (မ)တော် အဖူးထွက်မယ်...
ကျုပ်ကို.. ဘူမှ မတားနဲ့...
ဒါဗြဲ....
...
မောင်ငြိမ်းချမ်း
07/04/2015
......
နောက်ဆက်တွဲ....
...
ဆင်ဖြူတော် 'white elephant' ဆိုတဲ့... စကားလုံးရဲ့ အဓိပ္ပါယ်က ငွေကုန်ကြေးကျများပြီး... ဘာမှ အသုံးမ၀င်တာ ကို ဆိုလိုပါသတဲ့... ဥပမာ "A lot of the stadiums built for the Olympics are now just white elephants." လို့ပြောရင် 'အိုလံပစ်အားကစား ပြိုင်ပွဲအတွက် ငွေကုန်ကြေးကျခံပြီး တည်ဆောက်ခဲ့တဲ့ အားကစားရုံတွေဟာ အခုအခါမှာတော့ ဘာမှ အသုံးမဝင်တော့ဘူး' လို့ ပြောလိုက်တာ ဖြစ်ပါသတဲ့။
.....
အဲဒီ အသုံးအနှုန်းက ထိုင်းနိုင်ငံကနေ စတင်တာလို့လည်း ပြောကြပါတယ်။ ထိုင်းဘုရင်က သူမကြည်တဲ့ လူတွေကို ဆင်ဖြူ လက်ဆောင်ပေးလေ့ရှိတယ်တဲ့။ အကြောင်းရင်းကတော့ ဆင်ဖြူတွေဟာ ကြည့်ရှုစောင့်ရှောက်ဖို့ စရိတ်များပြီး အသုံးမကျတဲ့အတွက် ဆင်ဖြူတွေကို လက်ဆောင်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

0 အကြံပြုခြင်း: