Tuesday, March 17, 2015

တရုတ် စစ်သူကြီး ဂါမဏိနှင့် စီးချင်းထိုးပွဲ


ရှေးသရောအခါက တရုတ် ဗမာ နှစ်နိုင်ငံကြား နယ်စပ် ပြသနာ တစ်ခုကြောင့် စစ်မက် ဖြစ်ပွားကြရာ တရုတ် တပ်မတော်ကြီးက ဗမာတို့၏ နေပြည်တော်ကို လာရောက် ၀ိုင်းရံလေသည်။ ဗမာ ရဲမက် တို့လဲ ကျုံးအထပ်ထပ် ကာရံပြီး နေပြည်တော်ကို ခုခံကြ၏။

တရုတ် စစ်သည်တို့လဲ ရက်လများစွာ ကြာသော် အိမ်ပြန်လိုသောကြောင့် ဗမာဖက်သို့ တမန်လွှတ်ပြီး အရေး ဆိုသည်။ နင်တို့ဖက်မှ သူရဲကောင်းနှင့် ငါတို့ဖက်မှ သူရဲကောင်း တစ်ဦးချင်း စီးချင်း ထိုးကြမည်။ နင်တို့ နိုင်သော် ငါတို့ ပြန်မည်။ ငါတို့ နိုင်သော် နေပြည်တော်ကို ငါတို့ သိမ်းယူမည်။ ခုနစ်ရက် တိတိ ကြာချိန်တွင် နှစ်ဖက် မင်းစစ်သည် ပရိသတ်အပေါင်း အရှေ့တွင် တိုက်ခိုက်ရန် ဟု သတင်းပါးချေသည်။

သို့နှင့် နေပြည်တော်တွင် ဗေဒင်ဆရာတို့ကို ထုံးစံအတိုင်း မေးမြန်းရာ "ဂြိုဟ်အနေအထားမှာ အားလုံး ကောင်းမွန်ပါသည်" ဟု လျှောက်တင်ကြသည်။ အဘရှင် မင်းတရားကြီးလဲ ဝမ်းသာတော်မူ၏။ ထို့ကြောင့် တရုတ်တို့၏ စိန်ခေါ်မှုကို လက်ခံလျှက် နေပြည်တော်ရှိ ဗမာ မှုးမတ် အပေါင်းတို့သည် တရုတ် သူရဲကောင်းနှင့် ယှဉ်ပြိုင်နိုင်မည့် ဗမာ စွမ်းအားရှင်ကို ခုနစ်ရက်အတွင်း အရှာထွက်ရချေတော့သည်။

ဗမာ စစ်သူရဲကောင်းတို့ကား ဦးပိုင် အပါအ၀င် စီးပွားရေး ကောင်းသည့် နေရာများနှင့် အကွက်အကွင်း ကောင်းသည့် အရပ်ဖက် ဌာနဆိုင်ရာများတွင် ရောက်ရှိနေကြသည်က များလေရာ တိုက်ခိုက်ရေးဖက်တွင် လူအနည်းငယ်သာ ကျန်ရစ်ပြီး တရုတ်ရန်ကို ကာကွယ်မည့် စွမ်းအားရှင်ကို လွယ်လင့်တကူ ရှာမတွေ့နိုင်ဘဲ ဖြစ်နေလေ၏။

နေပြည်တော် လွှတ်တော်တွင်းမှ မူးကြီးမတ်ရာ ၂၅ ရာခိုင်နှုန်းမှာလဲ ဂါမဏိအရေးတွင် စိတ်မ၀င်စားဘဲ လစာဆယ်သိန်း စားလျှက် အအိပ်မပျက် နေ့တွက် ကိုက်နေကြသည် ဖြစ်လေရာ အဘရှင် မင်းတရားကြီးနှင့် နီးစပ်သူ အကြံပေးများမှာ တရုတ်ကိစ္စ အတွက် ရတက် မအေးနိုင် ဖြစ်နေကြရလေသည်။

ထိုအချိန်တွင် ဗမာပြေကို တရုတ်စစ်သည်များ ရန်ဘေးမှ ကယ်တင်မည့် စွမ်းအားရှင် တစ်ဦး ပေါ်ထွက်လာချေပြီ။

မင်းဆက် အပြောင်းအလဲတွင် ထောက်လှမ်းရေးဖက် ဘက်မှားခစား အမျက်တော် ထားခံရသောကြောင့် ဘားတိုက်အတွင်း ခြေချင်းခတ်လျှက် နေရရှာသော စွမ်းအားရှင်ဟောင်း သမိန်ရဲမိုး ဖြစ်လေသည်။

"အဘ ကျေးဇူးတော်ကို ဆပ်သည့်အနေဖြင့်" "ဂါမဏိနှင့် စီးချင်း တိုက်မည့် တာဝန်ကို ကျွန်ုပ် ထမ်းဆောင်ပါမည်။ စိန့်ပြည့်ရှင်ကို အဘ အရှက်မရစေရပါ။ သို့သော် အဘထံမှ လားကောင်းတစ်စီးကို ကျွန်ုပ် တောင်းခံလိုပါသည်။ ကျွန်ုပ် စိတ်ကြိုက်လားကို စီးရပါမူ ဂါမဏိလောက်ကို မဆိုထားနှင့်၊ နတ်သိကြားမှ လွဲ၍ မည်သူ့ကိုမဆို ကျွန်ုပ်ရအောင် တိုက်ဝံ့သည်" ဟု သမိန်ရဲမိုးက လျှောက်ထားလေ၏။

အဘလည်း ဝမ်းသာ အားရတော်မူပြီး "ငါ့မှာ လားတွေ သောင်းသိန်းမျှ ရှိသည်။ မင်း ဘာမျှမပူနှင့်။ စိတ်ကြိုက်လားကို ရွေးစီးချေ" ဟု မိန့်တော်မူ၏။ (အတည်မပြုရသေးသော သမိုင်း အထောက်အထားများ အရ စိတ်ကြိုက်လားကို ရွေးချယ်နိုင်ရန် ထိုစဉ်က လောလောလတ်လတ် ကောက်ယူထားသည့် သန်းခေါင်စာရင်းကို အသုံးပြုခဲ့ဟန်တူသည် ဟူသော မူကွဲ တစ်မျိုးကိုလဲ တွေ့ရှိရသည်)

ထိုသို့ နေပြည်တော် တခွင်တွင် ရှိသမျှ လားပေါင်း သောင်းသိန်းမက ပြသသော်လည်း သမိန်ရဲမိုး စီးလိုသောလား တစ်ကောင်မျှ မတွေ့ရပေ။ နောက်ဆုံးအချိန် ရောက်မှ ဖွံ့ဖြိုးသန်မာသော လားနက် တစ်စီးကို ရသောအခါ သမိန်ရဲမိုး စိတ်ကြိုက် ဖြစ်သဖြင့် လားနက်ကို စီးရင်း တရုတ်ကို တိုက်မည်ဟု ကြုံးဝါးကာ ကကြိုးတန်ဆာများကို ချည်စေ၏။

သမိန်ရဲမိုးသည် တာဝန် ဟူသော စာလုံးကို မြင်သာအောင် ရေးထားသော လက်ပတ်အနီကို လက်မောင်းတွင် ပတ်သည်။ ဂျွန်သဉ္ဇာ၏ အတွင်းခံကို ခေါင်းပေါင်းလုပ်ခါ ပေါင်းပြီးလျှင် ပတ္တမြားကျောက်စီ ၀ါးရင်းတုတ်ကို ကိုင်ကာ လားနက်ကြီးကို စီးလျှက် ပရိသတ်တို့၏ အလယ်သို့ ထွက်ခဲ့လေသည်။

ဗိုလ်ဂါမဏိသည်လည်း ရွှေဖြင့်ပြီးသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်လျက် မြင်းထက်သို့ တက်ကာ စစ်ပွဲရှုမည့် ပရိတ်သတ်ထု၏ အလယ်ဗဟိုသို့ ထွက်၏။

သမိန်ရဲမိုးသည် လားရေးပြကာ စီးနင်းနေရင်းက ချပ်ဝတ်တန်ဆာဖြင့် အပြည့်အစုံနှင့် ဂါမဏိအား ၀ါးရင်းတုတ်ဖြင့် ရိုက်ရန် နေရာကို ရှာသည်။ ဂါမဏိ၏ မိတ်အင်ချိုင်းနား ဘောင်းဘီ ဂွပြဲကာ ပေါင်ခွကြား နေရာတွင် ချုပ်ရိုးပြုတ်၍ ဟနေသည်ကို အမှတ်တမဲ့ မြင်လိုက်၏။

တရုတ်စွမ်းအားရှင်နှင့် ဗမာစွမ်းအားရှင်တို့ တိုက်ခိုက်ကြသောအခါ တကြိမ်တွင် ဗိုလ်ဂါမဏိ ခြေထောက်မြှောက်လျှက် တိုက်ခိုက်စဉ် သမိန်ရဲမိုးလဲ လားစီးရင်းက တရုတ်ပေါင်ကြားသို့ ခေါင်းထိုးကာ ချုပ်ရိုးပြုတ်သော နေရာမှ တရုတ်ဘောကို ငုံလိုက်၏။ တရုတ် အငိုက်မိခိုက် အခွင့်ကောင်း ရသည်နှင့် တဆက်တည်း သမိန်ရဲမိုးသည် တရုတ်စစ်သည်၏ ညိုသကျည်းကို ၀ါးရင်းတုတ်ဖြင့် နာနာ တီးလိုက်သည်။

နာကျင်သောကြောင့် တရုတ်စစ်သူကြီး တဖက်သို့ စောင်းကျစဉ် သမိန်ရဲမိုးက တရုတ်ဘောကို လားစီးရင်းက မလွှတ်တမ်း ငုံခဲထားရာ တရုတ်လဲ ငယ်ပါပြုတ်လျှက် အောက်သို့ကျခါ ရုတ်ချည်း သေရှာလေတော့၏။

သမိန်ရဲမိုးလဲ ငုံလာသော တရုတ်ဘောအား ခံတွင်းမှ ထုတ်လျှက် အဘရှင် မင်းတရားကြီး ရှေ့တော်မှောက်သို့ ဆက်သ၏။ အဘရှင် မင်းတရားကြီးလဲ သမိန်ရဲမိုးအား ကာကွယ်ရေး (လေ) ရာထူး ခန့်အပ် မြှောက်စားပြီး လားနက်ကြီးကို အမြဲ စီးစေ၏။

ဖေ့စ်ဘွတ် စစ်မျက်နှာမှ အဘဘောမ တစ်စုလဲ သမိန်ရဲမိုးအား ကြက်ဥကြော်များ ကျွေးကာ မြှောက်စားပြီး ကောင်းချီးသြဘာ ပေးကြသည်။ ထိုသူတို့သည် သမိန်ရဲမိုး ဦးစီးသည့် နိုင်ငံတော် ကာကွယ်ရေး လေတပ်သို့ ၀င်ရောက်ကြပြီး ၀ါးရင်းတုတ် စစ်ပညာဖြင့် တိုင်းပြည်ကို အားကြိုးမာန်တက် ကာကွယ်ကြသည်။

တိုင်းရေးပြည်ရာ မသာယာခိုက် မလေးရှားသို့ ထွက်ပြေး တိမ်းရှောင်နေကြသူများလဲ ရက်အနည်းငယ်အတွင်း နေပြည်တော်သို့ ပြန်ရောက်လာကြသည်။ သမိန်ရဲမိုးအား အန်ဒါဝဲယာ ခေါင်းတွင် စည်းပေးလျှက် ကံဇာတာ တက်စေခဲ့သော ဂျွန်ကြီးလဲ များမကြာမီပင် အဘရှင် မင်းတရားကြီး ချီးမြှင့်သော စကောလားရှစ် ထူးချွန်ဆု ရရှိလေတော့သတည်း။

(မှန်နန်း ရာဇ၀င်တော်ကြီး၏ အဆက် မှားနန်းရာဇ၀င်မှ ကောက်နုတ်သည်)
Kyaw Zwa Min Htut

0 အကြံပြုခြင်း: