Wednesday, March 18, 2015

မြန်မာအစိုးရ ဒေါ်လာတစ်သောင်းကျော်စီ ပေးဖို့ကမ်းလှမ်း

Kamayut Media
တရုတ်မြေပေါ် ဗုံးကျခဲ့လို့ နစ်နာသူတစ်ဦးချင်းအတွက် မြန်မာအစိုးရ ဒေါ်လာတစ်သောင်းကျော်စီ ပေးဖို့ကမ်းလှမ်း

တရုတ်နယ်စပ် စင်ကျန်းမြို့ ကြံခင်းပေါ် မြန်မာဘက်ခြမ်းကပစ်လိုက်တဲ့ဗုံး ကျရောက်ခဲ့လို့ သေဆုံးခဲ့တဲ့ တရုတ်နိုင်ငံသား ၅ယောက်နဲ့ ဒဏ်ရာရသူ ၈ယောက်အတွက် နစ်နာကြေးအဖြစ် တစ်ဦးကို ယွမ် ၇သောင်း (အမေရိကန်ဒေါ်လာ ၁၁၂ဝ၁) ပေးအပ်ဖို့ မြန်မာဘက်က ကမ်းလှမ်းခဲ့ပါတယ်။ ဒီလျော်ကြေးကို တရုတ်နိုင်ငံက လက်ခံ၊ လက်မခံအကြောင်းမပြန်သေးဘူးလို့ တရုတ်အစိုးရအာဘော် Global Times သတင်းစာက ပြောပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ (မတ် ၁၃)ရက်နေ့ညက မြန်မာဘက်ကပစ်ခတ်ခဲ့လို့ နယ်စပ်ဖြတ်ကျော်ပြီး ကျရောက်ပေါက်ကွဲမှုကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့ မြန်မာအစိုးရဘက်က မတ်လ ၁၅ရက်နေ့မှာ တရားဝင်ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ယူနန်ပြည်နယ်ကို အင်္ဂါနေ့က ရောက်ရှိလာပြီး တရုတ်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့နဲ့ နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ရေးအတွက် ရောက်ရှိလာခဲ့တယ်လို့ Yunnan Daily သတင်းစာက ရေးသားခဲ့ပါတယ်။

မြန်မာအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီပစ်ခတ်မှုကို မြန်မာ့တပ်မတော်က လုပ်ခဲ့တာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်ခဲ့တာဖြစ်မယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဗုံးကြောင့် ကနဦးမှာ လူ ၄ယောက်သေပြီး ၉ယောက်ဒဏ်ရာရခဲ့ပေမယ့် ဒဏ်ရာရသူတွေထဲကတစ်ယောက် ထပ်မံသေဆုံးခဲ့တာမို့ စုစုပေါင်း ၅ယောက်ရှိသွားပြီလို့ ဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့ ပစ်ခတ်သူတွေကို အရေးယူအပြစ်ပေးဖို့၊ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တောင်းပန်ဖို့၊ နစ်နာသူတွေကို လျော်ကြေးပေးဖို့ တရုတ်စစ်ကောင်စီ ဒုတိယဥက္ကဌက တင်းတင်းမာမာပြောဆိုခဲ့ပြီး နောက်ထပ်အလားတူ ဖြစ်ရပ်တွေဖြစ်မယ်ဆိုရင် စစ်ရေးအရ တိတိကျကျ တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရကတော့ အခြေအနေတွေ ရှုတ်ထွေးမှာစိုးတာကြောင့် ကိုးကန့်ဒေသမှာဖြစ်နေတဲ့ ပြည်တွင်းစစ်မှာ လေကြောင်းကူပစ်မှုတွေကို ယာယီရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။

0 အကြံပြုခြင်း: