Saturday, March 28, 2015

နိုင်ငံတကာမီဒီယာဆွေးနွေးပွဲ ကျင်းပစဉ် မီဒီယာလွတ်လပ်ခွင့်အတွက် ဆန္ဒပြ

Yangon Media Group

စိုးမြင့်နိုင်
ရန်ကုန်မြို ချတ်ထရီယံဟိုတယ် တွင် ပြုလုပ်ကျင်းပနေသည့် International Press Institute (IPI) ကွန်ဖရင့် ပထမနေ့တွင် သတင်းမီဒီယာ လွတ်လပ်မှု ကို လိုလားသည့် သတင်းမီဒီယာ သမားအချို့မှ မီဒီယာဖိနှိပ်မှု ရပ်တန့်ပေး ရန်အတွက် တောင်းဆိုဆန္ဒပြခဲ့ကြောင်း သိရသည်.။

မတ်လ ၂၇ရက်နေ့ကစတင်ကျင်းပသော IPI ကကျင်းပသည့်မြန်မာနိုင်ငံ၏ သတင်း လွတ်လပ်ခွင့် ဆိုင်ရာဆွေးနွေးပွဲတွင် တက်ရောက်လာ မည့်ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီးသတင်းမီဒီယာများအပေါ် ဆက်ဆံ ပုံနှင့်ပြည် ထဲရေးဝန်ကြီးဌာနအားကန့်ကွက်ကြောင်းကို နံနက် ရှစ်နာရီခွဲ ခန့်ကချက်ထရီယံ ဟော်တယ်ရှေ့တွင်ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့သည်။
ယင်းဆန္ဒထုတ်ဖော်ပွဲဦးဆောင်သည့်အလွတ်တန်းသတင်းထောက်ကိုကျော်ဇေယျက “ အစိုးရအ နေနဲ့မီဒီယာတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ ဖိနှိပ်နေတယ် လို့ပြောလို့ရတယ်။လက်ပံတန်းအကြမ်းဖက်မှုမှာ အဖမ်းခံရပြီးပြန် လွတ်လာတဲ့ သတင်းထောက်တစ်ဦးရဲ့ ပြောတာဆိုရင်ရဲတွေက မင်းတို့ မီဒီယာတွေ ကြောင့်ဒီလိုဖြစ်ရတာဆိုပြီး သိသိကြီးနဲ့ရိုက် တာတွေတောင်ရှိ လို့ပြောတယ်။နောက်လည်းဒါမျိုးကိစ္စ တွေလည်းရှိလာအုံးမှာဖြစ်တဲ့အတွက် ဒီလိုလှုပ်ရှားမှုလုပ်တာဖြစ်ပါတယ်။” ဟုပြောသည်။

ယင်းဆန္ဒထုတ်ဖော်မှုကိုမော်ကွန်းမဂ္ဂဇင်းမှအယ်ဒီတာတစ်ဦးနှင့်အလွတ်တန်းသတင်းထောက် တစ်ဦးတို့ကဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ယင်းလှုပ်ရှားမှု တွင်မီဒီယာဖိနှိပ်မှုရပ်ဆိုသည့်စတေကာများ ဝေခြင်း ဂျာနယ်စာမျက်နှာ တစ်ချို့တွင် သတင်းဖော်ပြထားခြင်းမရှိသည့် ဂျာနယ်များဝေခြင်း များ ပြုလုပ်ခဲ့သည်။

ယင်းအပြင် ဆွေးနွေးပွဲ ခန်းမအတွင်း ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ် အဖွင့်အမှာစကားပြောနေချိန်တွင် လွတ်လပ်မှုကို လိုလားသည့် သတင်းထောက်အချို့မှ မီဒီယာဖိနှီပ်မှုရပ်တန့်ပေးဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် သတင်းမီဒီယာလျွတ်လပ်ခွင့်မှာ အတန်သင့်ရရှိလာခဲ့သော်လည်း ၂၀၁၃ ခုနစ်နှောင်းပိုင်းမှ စတင်ဖြစ်ပေါ်လာ သည့် နိုင်ငံရေးအကျပ်တည်းများနှင့်အတူ မီဒီယာဖိနှိပ်မှု များ သတင်းမီဒီယာသမားများကို ထောင်ချမှုများမှာ မကြာခဏဆို သလို ဖြစ်ပေါ်လာခဲ့သည်.

မတ်လ ပထမပတ်အတွင်းနှင့် မတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် အလုပ်သမားနှင့် ကျောင်းသား သပိတ်အကြမ်းဖက်ဖြိုခွင်းမှုများတွင် သတင်းထောက်အချို့မှာ လုံထိန်းများ၏ ရိုက်နှက်မှုကို ခံခဲ့ရပြီး ထိန်းသိမ်းခံရမှုများလည်း ရှိခဲ့သည်.။

လက်ရှိကျင်းပပြုလုပ်နေသည့် မီဒီယာဆွေးနွေးပွဲကို နိုင်ငံတကာမှာ အထင်ကရ ဂျာနယ်လစ်များ သတင်းမီဒီယာ ဖောင်ဒေးရှင်းနှင့် အဖွဲ့စည်းများမှ တာဝန်ရှိသူများ တက်ရောက်နေကြောင်းလည်း သိရသည်။

0 အကြံပြုခြင်း: