Friday, March 20, 2015

ပုဒ်မ ၁၈ကို ယုံကြည်မှုမရှိသည့်အတွက် တရားရင်ဆိုင်မည် မဟုတ်


ပုဒ်မ ၁၈ကို ယုံကြည်မှုမရှိသည့်အတွက် တရားရင်ဆိုင်မည် မဟုတ်ကြောင်း ဧရာဝတီ သပိတ်စစ်ကြောင်း ဦးဆောင်သူကပြော

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ မတ် ၁၈

ဧရာဝတီ သပိတ်စစ်ကြောင်းကို ဦးဆောင်လှုပ်ရှားသူ (၃)ဦးအား ဧရာဝတီတိုင်းအတွင်း သပိတ် စစ်ကြောင်း ဖြတ်သန်းရာမြို့နယ် (၁၀)မြို့နယ်မှ ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုမည့် သတင်းများ ထွက်ပေါ် နေခြင်း အပေါ် အမှန်တကယ် တရားစွဲဆိုခံရပါက ပုဒ်မ(၁၈)ကို အယုံအကြည် မရှိသည့်အတွက် ရဲစခန်း၊ တရားရုံးနေရာ များသို့ သွားရောက် ရင်ဆိုင်မည် မဟုတ်ကြောင်း ဧရာဝတီ သပိတ်စစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် ကိုအောင်ကျော်ကျော်က မတ်လ ၁၈ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

ဒီမိုကရေစီ ပညာရေးအတွက် ဧရာဝတီ သပိတ်စစ်ကြောင်းမှ ဦးဆောင်သူများဖြစ်သည့် ကိုအောင်ကျော်ကျော်၊ ကိုအောင်ခန့်ဇော်နှင့် ဆရာဦးဝေယံအောင်တို့သည် ဖေဖော်ဝါရီ ၃၀ ရက်၌ ပုသိမ်မြို့မှ စတင်ကာ ကန်ကြီး ထောင့်၊ ကျောင်းကုန်း၊ ပန်းတနော်၊ ညောင်တုန်း၊ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေး စသည့် မြို့နယ်(၁၀)မြို့နယ်များကို စစ်ကြောင်းချီတက်ခဲ့ရာ ၎င်းတို့ ဖြတ်ကျော် ချီတက်ခဲ့သည့် မြို့နယ် ရဲစခန်းများက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ(၁၈)ဖြင့် အရေးယူ ထားမှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

““ကျွန်တော်တို့ဆီကိုတော့ လူကိုယ်တိုင်သော်လည်းကောင်း စာနဲ့သော်လည်းကောင်း တရားဝင် အကြောင်း ကြားတာမျိုးတော့ မရှိသေးပါဘူး။ တကယ်လို့ပုဒ်မ (၁၈)နဲ့ တရားစွဲလာခဲ့ရင်လည်း ကျွန်တော်တို့က ပုဒ်မ (၁၈)ကို နဂိုကတည်းက အယုံအကြည် မရှိကြောင်း ပြောလာတာ ဖြစ်တဲ့အတွက် ရဲစခန်းတွေ၊ တရားရုံးတွေမှာ သွားပြီး ရင်ဆိုင်မှာ မဟုတ်ပါဘူး။ ဖမ်းချင်ရင်တစ်ခါတည်း အဖမ်းခံလိုက်မှာပါ။ အစိုးရ အနေနဲ့က ၄ ပွင့်ဆိုင် ကတိက၀တ်တွေကို နဂိုကတည်းက ချိုးဖောက်ပြီးသား ဖြစ်နေတဲ့အတွက် ထပ်မံ ချိုးဖောက်ဖို့တော့ ၀န်လေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဧရာဝတီ သပိတ်စစ်ကြောင်းကို ဧရာဝတီတိုင်းအတွင်း လှည့်လည်ဖို့ တိုင်းဒေသ ကြီး အစိုးရအဖွဲ့နဲ့ သဘောတူညီမှုရ ရှိပြီးသားပါ။ ဒါပေမဲ့ ဒီကိစ္စမှာ ရဲတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက် ကိုင်တွယ်နေတော့ပုဒ်မ (၁၈)နဲ့ တရားစွဲမယ် ဆိုရင်တော့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သြဇာအာဏာ နဲ့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရဲ့ သြဇာကတော့ ဘယ်သူပိုကြီးသလဲ ဆိုတာ ပြသရာရောက်မှာပါ””ဟု ဧရာဝတီ သပိတ်စစ်ကြောင်းတွင် ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်သူ ကိုအောင်ကျော်ကျော်က မြန်မာ သံတော်ဆင့် သို့ ပြောသည်။

ဧရာဝတီ သပိတ်စစ်ကြောင်းကို ဦးဆောင်သူများသည် မတ်လ ၁၀ရက်တွင် လက်ပံတန်းမြို့နယ်၌ ဖြစ်ပွား ခဲ့သည့်ပင်မ ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု မတိုင်မီ မတ်လ ၁၅ ရက်တွင် ပုသိမ်မြို့ မြို့တော် ခန်းမရှေ့၌ ထိုင်သပိတ် ဆင်နွှဲခဲ့သဖြင့် ဦးဆောင်သူ တစ်ဦးဖြစ်သူ ပုသိမ် နည်းပညာတက္ကသိုလ် ဓာတုဗေဒ ဌာန သရုပ်ပြဆရာ ဦးဝေယံအောင်အား ပုဒ်မ(၁၈)ဖြင့် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကျော်စိုးက တရားလို ပြုလုပ်၍ ပုသိမ် အသည်ကြီး ရဲစခန်းတွင် အမှုဖွင့် အရေးယူခဲ့သဖြင့် လက်ရှိအချိန်တွင် တရားရင်ဆိုင်ဆဲ ဖြစ်သည်။

““သူတို့အခုလို အရေးယူနေတာတွေဟာ ဟိုတလောက ပြန်ကြားရေး ၀န်ကြီးဌာန ဦးရဲထွဋ်ပြောခဲ့တဲ့ သဘော တူညီချက်တွေကို ကျောင်းသား ဘက်က ဖောက်ဖျက်တယ်ဆိုတော့ စတင်ကြေညာတယ်။ အဲဒီအပေါ် အခုလိုမျိုး အရေးယူတာ တွေရှိတာပေါ့။ ဒါတွေအကုန်လုံးဟာ ကျွန်တော်တို့ဘက်က ၄ပွင့် ဆိုင် သဘောတရား တွေကို ဖောက်ဖျက်လား မဖောက်ဖျက်လား ဆိုတာကို တစ်နိုင်ငံလုံးက ပြည်သူတွေ အသိလေ။ အဲဒီ အပေါ်မှာပဲ မိမိလိုရာ ခေါင်းစဉ်တွေ တပ်ပြီးတော့ လုပ်နေတဲ့ အပေါ်မှာတော့ ဒီအမှုတွေကို တရားစွဲဆိုတဲ့ အတွက် ဖြစ်လာရင် ဒါတွေအကုန်လုံးကို အမှုရင်ဆိုင်သွားဖို့ရှိမှာ မဟုတ်ပါဘူး””ဟု ဧရာဝတီ သပိတ် စစ်ကြောင်းမှ ဦးဆောင်သူ တစ်ဦးဖြစ်သည့် ပုသိမ်နည်းပညာ တက္ကသိုလ် ဓာတုဗေဒဌာနမှ သရုပ်ပြဆရာ ဦးဝေယံအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၃၀ ရက်မှ စတင်၍ ဖြတ်သန်း ချီတက်ရာ မအူပင်မြို့နယ်တွင် ပါဝင် ဖြတ်သန်းခဲ့သည့်အတွက် မတ်လ ၁၆ ရက်၌ ဧရာဝတီ သပိတ်စစ်ကြောင်းမှ ဦးဆောင်သူ ၃ ဦးကို မအူပင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝေက တရားဝင် ဖြတ်သန်းသွားလာခွင့်ကို ခွင့်ပြုချက် ရယူခြင်း မရှိသည့်အတွက် ပုဒ်မ ၁၈ ဖြင့် တရားလိုပြု အမှုဖွင့် အရေးယူထားပြီး ဖြစ်သည်။

““ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်လေ။ တကယ်လို့ စုဝေးမယ်ဆိုရင် ဥပဒေ အရခွင့်ပြုချက် ယူရပါတယ်။ ခွင့်ပြုချက် မယူလို့ တရားစွဲတာပါ့။ ၃ ယောက် တရားစွဲထားပါတယ်။ သူ တို့ကိုတော့ ပြောတော့ ပြောထားပြီးပါပြီ။ အမှုဖွင့်ထားတယ်ဆိုတဲ့ အကြောင်း လက်ခံတည်းခိုတဲ့ နေထိုင်တဲ့ အိမ်ကို ပြောထားပါတယ်။ ဥပဒေအရ ခွင့်ပြုချက် တင်ရပါတယ်။ အမှုဖွင့်ပြီးတော့ အရေးယူထားတဲ့ အဆင့်ပဲ ရှိပါသေးတယ်””ဟု မအူပင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝေက မြန်မာသံတော်ဆင့်သို့ ပြောသည်။

လတ်တလောတွင် ဧရာဝတီသပိတ်စစ်ကြောင်းမှ ဦးဆောင်သူ ၃ ဦးကို ၎င်းတို့ ဖြတ်သန်း ချီတက်ခဲ့သည့် မြို့နယ် ၁၀ မြို့နယ်မှ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားသည့် သတင်းများ ထွက်ပေါ် နေသော်လည်း ဦးဆောင်သူ (၃)ဦး၏ လှည့်လည် သွားလာ ဟောပြောမှုများကို မှတ်တမ်းအဖြစ် ပြုစုထားခြင်းသာ ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ပြောဆိုမှုများရှိသည်။

““ကျွန်တော်တို့ အခုလောလောဆယ် အစီအစဉ်အရတော့ ပုဒ်မ ၁၈ နဲ့ တရားစွဲဖို့ အစီအစဉ် မရှိသေးပါဘူး။ သူတို့ရဲ့ သွားလာလှုပ်ရှား မှုတွေ၊ ဟောပြောမှုတွေကို မှတ်တမ်းတင် ပြုစုထားတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ အခြားအစီအစဉ် မရှိပါဘူး””ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးဦးစီး ကိုအောင်နိုင်မိုးက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

၎ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ၏ အကြိုသဘောတူညီချက် ၉ ချက်တွင် သပိတ်မှောက် ကျောင်းသားများနှင့် ၀န်းရံသည့် ပြည်သူများအား အရေးယူခြင်းမပြုရန် သဘောတူထားသော်လည်း အစိုးရမှ သပိတ်ေ မှာက် ကျောင်းသား များအား ဖမ်းဆီးထားခြင်း၊ သပိတ်မှောက် စစ်ကြောင်းများတွင် ပါဝင်သည့် ကျောင်းသားများ အား အမှုဖွင့် အရေးယူခြင်းများ ပြုလုပ်လျက် ရှိသည်။

ဧရာဝတီတိုင်းအတွင်း သပိတ်မှောက် ကျောင်းသားများ ချီတက်ခဲ့စဉ်အချိန်က ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်ကလည်း သပိတ်မှောက် ကျောင်းသားများကို မည်သည့် အရေးယူမှုမျိုးမှ ပြုလုပ် သွားမည် မဟုတ်ကြောင်း ပြောကြားခဲ့ဖူးသည်။

ရဲရင့်ထွန်း(ပုသိမ်)


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

0 အကြံပြုခြင်း: