Saturday, March 7, 2015

မအိသဉ္ဇာမောင် နှင့် အင်တာဗျူး ။



မအိသဉ္ဇာမောင်(မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ PGDE)
မန္တလေးခရိုင်(ဗကသ)အဖွဲ့ဝင် နှင့် အင်တာဗျူး ။
===============================================
ရန်ကုန်မြို့တွင် ဆန္ဒပြသူများအားဖမ်းဆီးမှုနှင့် လက်ပံတန်းတွင် သပိတ်မှောက်
ကျောင်းသားများအား ပိတ်ဆို့ထားမှုအပေါ် ကန့်ကွက်သည့်အနေဖြင့် သပိတ်စခန်းနှင့် တစ်မိုင်ခန့်ဝေးသော လက်ပံတန်းမြိုလယ်၊ မြို့မဈေးရှေ့တွင် ဆန္ဒထုတ်ဖော်သည့် သပိတ်စခန်းမှကျောင်းသား ၄ဦးနှင့် ကျောင်းသူ ၁ဦးကို မတ်လ ၆ရက်၊ မနက် ၉နာရီ
တွင် မြို့နယ်ရဲတပ်ဖွဲ့က ကားပေါ်ဆွဲတင်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
၎င်းတို့ကို မတ်လ ၇ရက်၊ နေ့လည်ပိုင်းတွင် အာဏာပိုင်များက ပြန်လွတ်ပေးခဲ့သည့်
အတွက် ၎င်းတို့အားလုံး ပင်မသသပိတ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ ဖမ်းဆီးခံရသူများအနက် မန္တလေးနိုင်ငံခြားဘာသာတက္က သိုလ်မှ မအိသဉ္ဇာမောင်ကို
ထိုနေရာတွင် သွားရောက်သတင်းယူနေသည့် မဇ္ဈိမသတင်းထောက် မင်းမင်းက
တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ မအိဉ္ဇာမောင်တို့ ဘယ်လိုပြန်လွတ်လာတာလဲ။
ဖြေ။ ။ ဖြစ်စဉ်ကနေ ပြန်ပြောရရင် မနေ့က ရဲတွေကနေ ဖမ်းခေါ်သွားပြီးတော့
လက်ပံတန်းရဲစခန်းကို ပို့လိုက်တယ်။ အဲ့ဒီကနေတစ်ဆင့် သာယာဝတီ ရဲစခန်းကို
ပို့တယ်။ ည၁၀နာရီလောက်ကျတော့ လက်ပံတန်းရဲစခန်းကို ပြန်လွှဲတယ်။
ဒီနေ့မနက် ကိုးနာရီလောက်မှ ထွေ/အုပ်ရုံးကို ပြန်လွှဲတယ်။ အဲ့ဒီကနေပြီးတော့
လွတ်လာတာ။
မေး။ ။ အခု ပြန်လွတ်လာတာက ဝန်ခံကတိလက်မှတ်ထိုးပြီးတော့ ပြန်လွတ်လိုက်
တာလား။ ဘယ်လိုပြောပြီး ပြန်လွတ်တာလဲ။
ဖြေ။ ။ ကျောင်းသားတွေမို့လို့ အရေးမယူဘူးပေါ့။ အကယ်၍ တစ်ခြားအရပ်သားသာ
လုပ်မယ်ဆိုရင် အရေးယူဆောင်ရွက်မယ်။ ညီမတို့ကို နောက်နောင် ဒီလိုမျိုးကိစ္စ
မလုပ်တော့ပါဘူးဆိုတဲ့ ခံဝန်ကတိထိုးခိုင်းတယ် ။ ညီမတို့ ပြန်ပြောတာက ခံဝန်
ကတိကို မထိုးနိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ညီမတို့ ဒီမှာပိတ်မိနေတာ သုံးလေးရက်လောက်ရှိနေပြီ။ ကျောင်းသူ၊ ကျောင်းသားတွေ ချို့တဲ့တဲ့သူတွေလည်း
အများကြီးပဲ။ ပြီးတော့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးမှာ သပိတ်စစ်ကြောင်းက
လူတွေနဲ့ ထောက်ခံအားပေးတဲ့သူတွေကို အရေးမယူဘူးလို့ ပြောထားတယ်။
အဲ့ဒါကြောင့် ခံဝန်ကတိမထိုးနိုင်ဘူးလို့ ပြောခဲ့တယ်။
မေး။ ။ ညတုန်းက ဘယ်မှာအိပ်ရလဲ။ နေရေး၊ စားရေးရော အဆင်ပြေလား။
ဘယ်လိုအခြေအနေရှိလဲ။
ဖြေ။ ။ ညတုန်းက လက်ပံတန်းရဲစခန်းမှာ အိပ်တာပါ။
မေး။ ။ လက်ပံတန်းမှာ ဖမ်းပြီးတော့ သာယာဝတီကိုခေါ်သွားတာက ဘာကြောင့်လို့
သူတို့ပြောလဲ။
ဖြေ။ ။ ဘာကြောင့်ခေါ်သွားလဲလို့တော့ ရှင်းရှင်းလင်းလင်းမပြောဘူး။ လက်ပံတန်း
ရဲစခန်းကိုရောက်တော့ ကိုယ်ရေးရာဇဝင် အချက်အလက်တွေတောင်းတယ်။ ညီမတို့
ဘက်ကလည်း နာမည်ကလွှဲရင် ကျန်တာမပေးနိုင်ဘူးလို့ ပြောလိုက်တယ်။ အဲ့ဒီမှာ သူတို့ဘာမှဆက်မေးလို့လည်းမရရော သာယာဝတီရဲစခန်း ကို ပို့လိုက်တယ်။ ကားပေါ်တက်လို့ပဲပြောပြီး ဘာမှမပြောဘူး။
မေး။ ။ ဖမ်းသွားတဲ့အချိန်ကနေ ပြန်လွတ်ပေးတဲ့အထိ ထိခိုက်နာကျင်အောင်
တစ်ခုခုလုပ်တာရှိလား။
ဖြေ။ ။ ကားပေါ်ပစ်တင်တာကလွှဲပြီး ကျန်တာမရှိပါဘူး။
မေး။ ။ မအိသဉ္ဇာမောင်တို့ ငါးယောက်က မြို့ထဲကိုသွားပြီးဆန္ဒပြကြတာ ဘယ်သူ့ကို
မှအသိမပေးဘဲ ထွက်သွားကြတာလို့ကြားတယ်။ ဘယ်လိုဖြစ်ပြီး ထွက်သွားဖြစ်ကြ
တာလဲ။
ဖြေ။ ။ ညီမတို့က အကြီးပိုင်းတွေနဲ့ တိုင်ပင်ပြီးမှ ထွက်သွားတာရှင့်။ ဘာဖြစ်လို့လည်း
ဆိုတော့ လမ်းမှာ ပိတ်မိနေတာက သုံးလေးရက်ရှိပြီ။ အကယ်၍ ကျောင်းသူတွေ၊
ကျောင်းသားတွေ တစ်ခုခုဖြစ်သွားရင် ထောက်ခံအားပေးတဲ့သူတွေတစ်ခုခုဖြစ်သွားရင် ဘယ်သူတာဝန်ယူမှာတုန်း။ ဘယ်အစိုးရက တာဝန်ခံမှာတုန်း။ တားတဲ့သူတွေက
တာဝန်ခံမှာလား။ လမ်းကိုပိတ်တာကကော ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ။ ညီမတို့က သည်းမခံနိုင် တော့ဘူး။ ဘာလို့ ကျောင်းသားတွေနဲ့ ပြည်သူတွေကို အဆက်အသွယ်
ဖြတ်ထားတာတုန်း။ ပြီးတော့ ရန်ကုန်က ထောက်ခံအားပေးတဲ့သူတွေကို တုတ်နဲ့
ရိုက်တာတုန်း။ အဲ့ဒါကြောင့် လူကြီးပိုင်းနဲ့တိုင်ပင်ပြီးမှ လုပ်စရာရှိတာကို ထွက်
လုပ်တာ။
မေး။ ။ အရေးမယူဘဲ အိမ်ပြန်ပို့မယ်ဆိုပြီး မနေ့ကညှိတာကို မအိသဉ္ဇာမောင်တို့
ဘက်က လက်မခံခဲ့တာ ဘာကြောင့်ပါလဲ။
ဖြေ။ ။ ညီမတို့ဘက်က တောင်းဆိုထားတာတွေရရင် ရန်ကုန်ကိုအောင်ပွဲခံပြီး
သွားမယ်။ တောင်းဆိုတာမရရင် ရန်ကုန်ကိုသိပတ်အနေနဲ့ချီတက်ပြီး သွားမယ်။ ရန်ကုန်ကိုရောက်ရင် ကိုယ့်နေရာကို ပြန်ကြမယ်။ တောင်းဆိုချက်(၈)ချက်ထဲမှာ
လည်း ပါပြီးပြီ။ အဲ့တော့ ရန်ကုန်မရောက်မချင်း အိမ်ပြန်ပို့မယ်ဆိုတာမျိုးကို
လက်မခံဘူး။
မေး။ ။ ဖမ်းသွားတဲ့အချိန်ကနေ ပြန်လွတ်တဲ့အထိ မိသားစုနဲ့အဆက်အသွယ်ရလား။ လက်ကိုင်ဖုန်းရော သုံးလို့ရလား။
ဖြေ။ ။ မနေ့တုန်းကအထိတော့ ဖုန်းပေးကိုင်တယ်။ ည၁၀နာရီလောက်ကျတော့ ဖုန်းတွေအကုန် ပြန်သိမ်းတယ်။ မနက်ကတောင်းတဲ့အထိ မပေးဘူး။ သူတို့ပြောတာ
ကတော့ အကယ်၍ ညီမတို့ရှိတဲ့နေရာကို သိသွားရင် တစ်ခုခုဖြစ်လာမှာစိုးလို့ဆိုပြီး အကြောင်းပြချက်နဲ့ ဖုန်းမပေးဘူး။ လွတ်ခါနီးမှပြန်ပေးတာ။
မေး။ ။ အခု အဖမ်းခံရတာကို မိသားစုတွေ သိလား။
ဖြေ။ ။ အမေ သိပါတယ်။ ညီမပုံတွေ အင်တာနက်ထဲကနေ တက်လာတယ်တဲ့။
အခု ဘာမှမဖြစ်တော့ဘူးလို့ ပြောထားတယ်။ အိမ်ကိုရောက်အောင် ပြန်လာမယ်လို့
အမေ့ကို ကတိပေးထားတယ်။

Minzzima

0 အကြံပြုခြင်း: