Friday, March 20, 2015

လောက်ကိုင်ဒေသတွင် စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေသော တပ်မမှူးသုံးဦးကို လက်ရှိရာထူးများမှ ဖယ်ရှား ။

r

လောက်ကိုင်ဒေသကို ပြန်လည်သိမ်းပိုက်ပြီး ကိုးကန့်သောင်းကျန်းသူ အဖွဲ့များကို
စစ်ဆင်ရေး ဆင်နွှဲနေသော မြန်မာ့တပ်မတော်မှ တပ်မမှူး သုံးဦးကို လက်ရှိတပ်မမှူး
ရာထူးများမှ မတ်လ ၅ ရက်နေ့တွင် ဖယ်ရှားလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ တပ်မမှူး သုံးဦးမှာ အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ်
လှမြင့်စိုး၊ အမှတ် (၄၄) ခြေမြန်တပ်မ ဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် ခင်မောင်သန်းနှင့်
အမှတ်(၇၇) ခြေမြန်တပ်မ ဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သိန်းဦးတို့ ဖြစ်ပြီး
ယင်းတို့သုံးဦးကို ဖူးကြီး၊ မင်းပြားနှင့် ထားဝယ်တို့ရှိ တပ်မတော်တန်းမြင့် တိုက်ခိုက်ရေး
သင်တန်းကျောင်းများသို့ ကျောင်းအုပ်ကြီးများ အဖြစ် ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။
လစ်လပ်သွားသော နေရာများ အတွက် တပ်မ ၁၁ တပ်မမှူး အဖြစ် ဗိုလ်မှူးကြီး
အောင်ရဲဝင်း၊ တပ်မ ၄၄ တပ်မှူးအဖြစ် ဗိုလ်မှူးကြီး သန့်စင်၊ တပ်မ ၇၇ တပ်မမှူးအဖြစ်
ဗိုလ်မှူးကြီး မိုးကျော်တို့ကို ရာထူးတိုးမြှင့် ခန့်အပ်လိုက်ကြောင်းလည်း သိရသည်။
ထို့အပြင် ယခု တပ်မမှူး အပြောင်းအလဲသည် တရုတ်နိုင်ငံ အတွင်း တပ်မတော်လေက
ဗုံးတစ်လုံးကျခဲ့ခြင်းနှင့် သက်ဆိုင်ခြင်း မရှိကြောင်းလည်း သိရသည်။
အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ကာယကံရှင် တပ်မမှူးများသို့ မေးမြန်းဆက်သွယ်ရာ
ဖြေကြားခြင်း မရှိခဲ့ပေ။ ထို့ကြောင့် Tomorrow ဂျာနယ်၏ ပင်တိုင်ကလောင်ရှင် တစ်ဦး
လည်း ဖြစ်သူ၊ စစ်ရေး အတွေ့အကြုံ များစွာရှိသည့် အငြိမ်းစား တပ်မတော် အရာရှိကြီး
တစ်ဦးဖြစ်သူ ဆရာအောင်မြင်သူကို မေးမြန်းခဲ့ရာ ဆရာ အောင်မြင်သူက “စစ်ဆင်ရေး
တာဝန်ထမ်းဆောင်နေတဲ့ တပ်မမှူး သုံးဦးစလုံးကို ဖယ်ရှားလိုက်တယ်ဆိုတာ မကြိုက်
လို့ပေါ့။ နေ့စဉ်နီးပါး တပ်မတော်ဘက်က အထိအခိုက် အကျအဆုံးတွေ ရှိနေတဲ့ အပြင်
လေတပ်ပစ်ကူနဲ့ပါ တိုက်နေရတယ်။ ခက်တာက အထက်ကရော စစ်ရဲ့ အခြေခံ
ဥပဒေသတွေကို လိုက်နာရဲ့လားဆိုတာ မေးစရာ ဖြစ်လာတယ်။ တိုက်စစ်ဆိုရင် ရန်သူ
ထက် သုံးဆများတဲ့ အင်အားနဲ့ တိုက်ရမယ်။ အခုအဲဒီ အတိုင်းရော တိုက်ရဲ့လား။
ရန်သူ တစ်ရာလောက် ခံစစ်ယူထားတဲ့ တောင်ကုန်းကို ကိုယ့်တပ်က အင်အား ၈၀
လောက်နဲ့ တက်တိုက်ရင်တော့ ခံရမှာပဲလေ၊ ကျွန်တော့် အတွေ့အကြုံအရ ပြောရရင်
ကျွန်တော်တို့ ကျိုင်းတုံခွင်မှာ လွယ်ရုတ် စခန်းကို တိုက်တော့ ကျွန်တော်က လေယာဉ်
ပေါ်ကနေ အမြောက်အကဲ ကြည့်လုပ်ရတယ်၊ ပွိုင့် ၆၃၆၃ တောင်ပေါ်ကနေ ကျွန်တော်
တို့ အမြောက်တပ်တွေက လွယ်ရုတ် ရန်သူ့ကုန်းကို ပစ်နေတုန်းမှာ အဲဒီတုန်းက (၈၈)
ဒုတပ်မမှူး ဗိုလ်မှူးကြီး သန်းရွှေက အမြောက်ပစ်တာ ရပ်တော့ ငါတို့မှာ ကျည်ခြွေတာ
ရမယ်လို့ အမိန့်ပေးတယ်။ ဒါကို အမြောက် ဒုတပ်ရင်းမှူး ဗိုလ်မှူး ခင်မောင်ညိုက
တောက်ခေါက်ပြီး ငါတို့အမြောက်တပ်ရဲ့ တာဝန် မကျေတော့ဘူး။ အမြောက်တပ်ရဲ့
တာဝန်ဆိုတာ ခြေလျင်တပ် အကျအဆုံး အနည်းဆုံးနဲ့ သိမ်းပိုက်နိုင်အောင် အဲဒီ
တောင်ကို စိစိညက်ညက်ကြေအောင် ပစ်ရမှာလေလို့ ပြောဖူးတယ်။ ဒါအမြောက်တပ်
ရဲ့ ပရင်စီပယ်ပဲ။ မဲသဝေါကို ကျွန်တော်တို့ တိုက်တော့ ၁၉၈၈ ခုနှစ် နိုဝင်ဘာ
တစ်လလုံး ပွိုင့် ၁၇၇၈ကို ကျွန်တော့် တပ်အပါအ၀င် တပ်ရင်းတစ်ရင်းပြီး တစ်ရင်း လဲ
တိုက်ရတယ်။ ဘာပစ်ကူမှ မရတော့ အကျအဆုံးများတယ်။ အဲဒီကုန်းကိုလဲ မရဘူး။
ကုန်းပေါ်မှာ ရန်သူက ၃၀ လောက်ပဲ ရှိတာ။ ဒါပေမဲ့ ကျောက်တောင်ကြီးဆိုတော့
တက်တာနဲ့ အပစ်ခံရပြီး ကျတာပဲ။ ဒီဇင်ဘာလမှာ ဗိုလ်ချုပ်ကြီး မောင်လှ ရောက်
လာပြီး ဒီအတိုင်းတိုက်လို့တော့ မရဘူးဆိုပြီး ကိုရွှေမန်း တပ်ရင်း တိုက်မဲ့နေ့ကျတော့
တစ်ရက်ကြိုပြီး ၁၂၀မမတွေ တရက်လုံး ပစ်ပေးတယ်။ ကျွန်တော့် တပ်ရင်းက ပွိုင့်
၅ စက်သေနတ်ကြီးနဲ့ ကာပစ်ပစ်ပေးတယ်။ ဒီတော့ ရန်သူက ဘယ်နေနိုင်မလဲ
ပြေးရတာပေါ့။ ပစ်ကူက ဘယ်လောက်တောင် ထိရောက်သလဲဆိုရင် တောင်ပေါ်
က ကျောက်တွေတောင် ပြိုကျတာလေ။ အခုလေယာဉ်တွေ အမြောက်တွေ
ကျွန်တော်တို့မှာ ရှိနေတာပဲ။ ဒီကုန်းမှာ ရန်သူရှိမှန်းလဲ သိတယ်။ ကိုယ့်မှာလဲ
ပစ်နိုင်တဲ့ လက်နက်တွေ ရှိနေတာပဲ။ ရန်သူ့တောင်ကုန်းကို စိစိညက်ညက်
ကြေအောင် ပစ်ပြီးမှ ခြေလျင်တပ်က တက်တိုက်ရင် အကျအဆုံး မနည်းနိုင်ဘူးလား”
ဟု ရှင်းပြသွားခဲ့သည်။

Tomorrow သတင်းဂျာနယ်

0 အကြံပြုခြင်း: