Wednesday, March 25, 2015

မကွေးနည်းပညာကျောင်းသားများ လက်ပတ်နက်ဝတ်၍ စာမေးပွဲဖြေဆို



အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက် ဆန္ဒထုတ်ဖော်သော ကျောင်းသားများနှင့် ဒေသခံအချို့ကို လက်ပံတန်းမြို့တွင် ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးခြင်းကို ရှုတ်ချသည့် အနေနှင့် မကွေးနည်းပညာတက္ကသိုလ်မှ ကျောင်းသားအချို့က မတ်လ ၂၃ ရက်နေ့ မှစပြီး လက်ပတ်နက် ဝတ်ဆင်ကာ စာမေးပွဲ ဖြေဆိုခဲ့ကြောင်း အဆိုပါတက္ကသိုလ် ကျောင်းသားသမဂ္ဂထံမှ သိရှိရသည်။

နိုင်ငံတစ်ဝန်း နည်းပညာတက္ကသိုလ် စာမေးပွဲများကို မတ်လ ၂၃ ရက်တွင် စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လက်ပတ်နက် လှုပ်ရှားမှုတွင် ကျောင်းသား ၅၀ ဦးနီးပါး ပါဝင်ခဲ့ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားသည်။

“ဒီနေ့ ကျောင်းသား ၅၀ လောက် ရှိတယ်။ တချို့သိသွားတယ်။ ဘာကြောင့် ပတ်ရတာလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှင်းပြတော့ ဒီလိုဆို နောက်နေ့ ငါတို့လည်း လက်ပတ်ပတ်ပြီး စာမေးပွဲဖြေမယ်။ လက်ပတ်တွေပေးပါ ဆိုပြီးတော့ တောင်းထားကြတယ်” ဟု မကွေးနည်းပညာ တက္ကသိုလ်ကျောင်းသား ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုချစ်ဝင်းမောင်က ရှင်းပြသည်။

အဆိုပါ လက်ပတ်နက် လှုပ်ရှားမှုသည် ဆူပူအော်ဟစ်လိုခြင်းနှင့် စာမေးပွဲ ဖြေဆိုရာတွင် မသမာနည်းဖြင့် ဖြေဆိုလိုခြင်းအတွက် မဟုတ်ကြောင်း၊ ယင်းလှုပ်ရှားမှု ပြုလုပ်ရန် ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူအဖွဲ့ကို ကြိုတင်အသိပေးထားကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

“ပြည်ထဲရေးက ထောင်ထဲမှာ ကျောင်းသားအစစ်တွေ မကျန်တော့ဘူး ပြောပေမယ့် ကျွန်တော်တို့ သိရသလောက် ကျန်နေသေးတယ်။ အဲဒီကျောင်းသားတွေကို စာနာသောအားဖြင့် ကျွန်တော်တို့က လုပ်တာ” ဟု နည်းပညာတက္ကသိုလ် စတုတ္ထနှစ် လျှပ်စစ်ဆက်သွယ်ရေး ဘာသာမှ ကိုကျော်ဇင်ထွန်းက ပြောဆိုသည်။

လက်ပတ်နက် လှုပ်ရှားမှုအတွက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် ပါမောက္ခချုပ် ဒေါက်တာထိန်ဝင်းထံ ကြိုတင်အသိပေးထားသော်လည်း ခွင့်ပြု၊ မပြု အကြောင်းပြန်ကြားခြင်း မရှိခဲ့ကြောင်း၊ သို့သော် မတ်လ ၂၃ ရက် စာမေးပွဲမဖြေဆိုမီ ခွင့်ပြုကြောင်း ပြောကြားခဲ့ပြီး ဆူပူမှုမလုပ်ဘဲ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် ညွှန်ကြားခဲ့ကြောင်း မကွေးနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂထံမှ သိရှိရသည်။

နည်းပညာတက္ကသိုလ် စာမေးပွဲများသည် မတ်လ ၂၃ ရက်မှ ဧပြီလ ပထမပတ်အထိ ဖြေဆိုရမည် ဖြစ်ပြီး စာမေးပွဲ မပြီးမချင်း လက်ပတ်နက် ဝတ်ဆင်ဖြေဆိုကြမည် ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

============

The Voice Weekly

ဓါတ်ပုံများကို မကွေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကူးယူဖေါ်ပြပါသည်။

0 အကြံပြုခြင်း: