Monday, March 16, 2015

ပညာရေး ကြားနာပွဲမှာ အချက် (၄၀) မူအားဖြင့် သဘောတူ

2015-03-16
rfa.org/burmese
အမျိုးသားလွှတ်တော်မှာ မနေ့က ကျင်းပတဲ့ ပညာရေး ဥပဒေကြမ်းပြင်ဆင်ရေး ကြားနာပွဲမှာ အချက် (၄၀) သဘောတူညီချက်ရရှိခဲ့တယ်လို့ သိရပါတယ်။
ကြားနာပွဲမှာ ညနေ ၅ နာရီအထိ ဆွေးနွေးခဲ့ကြ ပြီး၊ ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ရရှိရေး၊ တိုင်းရင်းသား မိခင်ဘာသာစကားနဲ့ ပညာသင်ကြားခွင့်ရရှိရေး၊ မိမိ ကြိုက်နှစ်သက်ရာ တက္ကသိုလ်ကို ရမှတ်မလိုဘဲ ၀င်ခွင့် စာမေးပွဲ ဖြေဆိုတက်ရောက်နိုင် ရေး စတဲ့အချက်တွေ အပါအ၀င် အချက် (၄၀) ကို မူအားဖြင့် သဘောတူ ထားကြောင်းသတင်းရရှိပါတယ်။
ဒါ့ပြင် အမျိုးသားပညာရေးကော်မရှင်ကို ကျောင်းသား ကိုယ်စားလှယ်၊ ဆရာဆရာမ ကိုယ်စားလှယ်၊ တိုင်းရင်း သားကိုယ်စားလှယ်တွေ၊ ပညာရှင်တွေနဲ့ဖွဲ့စည်းဖို့ သဘောတူညီချက်ရခဲ့ကြောင်းလည်းသိရပါတယ်။
အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က ဆွေးနွေးပြီးချိန် အထိတော့ သဘောတူပါတယ်။ ကျောင်းသားတွေ ဘက်ကလည်း လျှော့ပေးထားတာရှိတယ်။ အဆင်ပြေမှာပါ လို့ ပြော ဆိုကြောင်း ပြည်တွင်းထုတ် 7 Days သတင်း က ဖေါ်ပြပါတယ်။
မနေ့က ကြားနားပွဲကို တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဗကသ အဖွဲ့ဝင်တွေကတော့ မဖြိုးဖြိုးအောင်၊ ကိုအောင်မှိုင်းဆန်း၊ ကိုမင်းသွေးသစ် စတဲ့ ဗကသ ခေါင်းဆောင်တွေ ဖမ်းဆီးခံ ထားရတဲ့အတွက် ကြားနာပွဲကို မတက်ရောက်ခဲ့ကြပါဘူး။
ကြားနာပွဲ မစခင်မှာ တက်ရောက်လာတဲ့ ကျောင်းသားတွေက လက်ပံတန်းသပိတ် အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အပေါ် ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ခွပ်ဒေါင်းအလံ လွှင့်ထူပြီး တစ်မိနစ်ငြိမ်သက်ခဲ့ကြပါတယ်။
ကြားနာပွဲ ခေတ္တရပ်နားချိန်မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသား ကိုဇေယျာလွင် က ဗကသ နဲ့တကသ ကို စိတ်ဝမ်းကွဲအောင် အစိုးရကလုပ်နေသလို ဖြစ်နေကြောင်း သတင်းမီဒီယာကို ပြောကြားခဲ့ပါတယ်။
"ဖမ်းဆီးရမယ်ဆိုရင် ကျနော်တို့ဒီကျောင်းသားတွေအားလုံး ဖမ်းဖို့လိုအပ်တယ်၊ မလိုအပ်ဘူးဆိုရင် ဒီကျောင်းသားတွေအားလုံးပြန်လွှတ်ပေးပါ၊ ကျနော်တို့လက်ရှိတက်နေတာ တကသကျောင်းသားတွေ များပါတယ်၊ ဗကသ ရဲဘော်တွေ အကြောင်းအရင်းတစ်စုံတစ်ရာကြောင့် ကျောင်းတက်ဖို့အတွက် အခက် အခဲရှိလာပါတယ်၊ ပြန်တက်ရောက်ခွင့်တွက် ကြိုးစားနေတဲ့ အကို၊ အမတွေဖြစ်တယ်၊ ဒီနှစ်ခုကို အစိုးရ အနေနဲ့ ကောင်းကောင်းကိုင်ကစားနိုင်တဲ့ အနေအထားဖြစ်နေတယ်၊ ကျနော်တို့ကို လောလောဆယ်မှာ ဖမ်းဆီးမှုမရှိသေးဘူး၊ တစ်ဖက်ကို ဖမ်းဆီးထားတယ်၊ တစ်ဖက်ကို ကျတော့ ပုံစံတစ်မျိုးနဲ့ ကစားတယ်၊ တစ်ဖက်ကိုကျတော့ မျက်နှာသာပေးတဲ့ပုံနဲ့ ကစားတယ်၊ ကျောင်းသားအချင်းချင်း အမြင်ကွဲအောင်၊ ဝေဝါး မှုတွေဖြစ်အောင် အချင်းချင်းကို ရန်တိုက်တဲ့ ပုံစံမျိုးနဲ့ သွားနေတာ အစိုးရရဲ့နဂိုရှိပြီးသား လမ်းဟောင်း တစ်ခုကို အသုံးချခြင်းဖြစ်တယ်၊ ကျနော်တို့ ကျောင်းသားရဲဘော်တွေလည်း အဲ့အတွက်ကြောင့် စိတ်ဝမ်းကွဲ မှုမဖြစ်ပါဘူး၊ အားလုံးစည်းစည်းလုံးလုံးနဲ့ ဆက်ပြီးတော့သွားဖို့ရှိပါတယ်"
ဒါ့ပြင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ပြောဆိုခဲ့တဲ့ ၄ ပွင့်ဆိုင် ရလဒ်တွေပျက်သွားပြီ ဆိုတဲ့အပေါ် ကျောင်းသားတွေ က ငြင်းဆိုလိုက်ပြီး အစိုးရ၊ လွှတ်တော်၊ NNER နဲ့ ကျောင်းသား ကိုယ်စားလှယ်တွေ လေးပွင့်ဆိုင်ဆွေးနွေးပွဲတုန်းက ရလဒ်တွေ ဆက်ရှိနေမှာဖြစ်ကြောင်း၊ ဆွေးနွေးပွဲရလဒ်တွေကို ကျောင်းသားဘက် က မချိုးဖေါက်ဘဲ၊ အစိုးရဘက်က သာ ချိုးဖေါက်ခဲ့တာဖြစ်ကြောင်း ပြောဆိုပါတယ်။
အမျိုးသားလွှတ်တော်မှာ မတ်လ ၁၆ ရက်နေ့ကပြုလုပ်တဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ကြားနာပွဲကို ကျောင်း သားကိုယ်စားလှယ်တချို့ တက်ရောက်စဉ်
Photo: Myo Thant Khaing, WIN Naung Toe/RFA

0 အကြံပြုခြင်း: