Monday, March 2, 2015

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်ထွက်ရှိ

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်ထွက်ရှိ

ဒီပဲယင်း၊ ထောက်လှမ်းရေး၊ ရှစ်လေးလုံး၊ ကိုးကန့်ပြဿနာနှင့် ဦးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ထားရှိသည့် အမြင်များ တို့ထိရေးသားထား

Byဥက္ကာကိုကို 2015-03-02

ဓာတ်ပုံ − cbb
တပ်မတော်ထောက်လှမ်းရေး အကြီးအကဲနှင့် ၀န်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ရေးသား သည့်  ‘‘ကြုံတွေ့ခဲ့ရ ကျွန်တော့် ဘ၀အထွေထွေ’’ ဖြတ်သန်းမှု အတ္ထုပ္ပတ္တိစာအုပ် မတ်လ ၁  ရက် တွင် ထွက်လာသည်။

စာအုပ်ပါအကြောင်းအရာ များကို ပြည်သူသို့ အသိပေးရန် အကြိမ်ကြိမ်စဉ်းစားပြီးမှ ရေးသားခဲ့ခြင်းဖြစ်ပြီး နောင်လာနောင်သားလူငယ်များ သင်ခန်းစာယူစေနိုင်ရန်နှင့် သမိုင်းမှန်ကို သိရှိစေနိုင်ရန် ရည်ရွယ်သည်ဟု ဦးခင်ညွှန့်က ဆိုသည်။

၎င်းတာဝန် ထမ်းဆောင်ခဲ့ သည့် ၂၀၀၄ အထိ အဖြစ်အပျက်များကို တင်ပြထားခြင်းဖြစ်ပြီး မိမိတာဝန်ယူခဲ့သည့် ထောက်လှမ်းရေးအဖွဲ့အစည်းမှ တပ်ဖွဲ့ဝင်များထဲတွင် မမှန်မကန်လုပ်သူ၊ အမှားအယွင်းလုပ်သူ တချို့တစ်ဝက် ရှိနိုင်ခဲ့သည်ဟု အမှာစာတွင် ပါရှိသည်။

ထိုသို့အမှားလုပ်သူများနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦး အနေဖြင့် မိမိတောင်းပန်ပါကြောင်း ထည့်သွင်းရေးသားထားသည်။

ဦးခင်ညွန့်သည် ယခုစာအုပ်ကို မှော်ဝန်းသားဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း)ဟူသည့် ကလောင်အမည်ဖြင့် ရေးသားထုတ်ဝေလိုက်ခြင်းဖြစ်သည်။ သူ၏ နေအိမ်အကျယ်ချုပ်ကာလဖြတ်သန်းမှု၊ တပ်မတော်တွင်းဖြတ်သန်းမှု၊ အစိုးရအဖွဲ့တွင်းဖြတ်သန်းမှုအတွေ့အကြုံများ၊ ၎င်းအာဏာရှိစဉ်ကာလက နိုင်ငံ့ကောင်းကျိုးအတွက် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ရန်ကုန်မြို့သစ်များဖော်ထုတ်ခဲ့ခြင်း၊ နိုင်ငံတကာဆက်ဆံရေးဖြတ်သန်းမှုများ၊ နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်သည့် အတွေ့အကြုံဆောင်ရွက်ချက်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ခဲ့မှုများ၊ ဘာသာရေးဆိုင်ရာ ဆောင်ရွက်ခဲ့မှုများကို အခန်းလိုက် ရေးသားတင်ပြထားသည်။ စာအုပ်ကို ၎င်း၏မှတ်တမ်းဓာတ်ပုံများနှင့်အတူ ထုတ်ဝေခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးခင်ညွန့်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံစဉ်က အမှတ်တရဓာတ်ပုံများကိုလည်း ထည့်သွင်း ဖော်ပြသည်။

ဦးခင်ညွန့်အား တာဝန်များမှ ရပ်စဲပြီး အမှတ်(၂၇) န၀ဒေးလမ်းနေအိမ်တွင် အကျယ်ချုပ်ချထားစဉ် ကာလများကိုလည်း အခန်းခွဲ ၍ တင်ဆက်ထားသည်။ ၎င်းကို အထက်မှ အရေးယူဆောင်ရွက်ခဲ့သည့်နေ့က ဖြစ်စဉ်ကိုလည်း အောက်ပါအတိုင်းဖော်ပြခဲ့သည်။

‘‘လေဆိပ်မှ မိမိရုံးခန်းရှိရာ စစ်ရုံးချုပ်သို့ ထွက်ခွာပြီး မိမိ၏ရုံးခန်းအတွင်းသို့ ၀င်ရောက်ခဲ့သည်အထိ မိမိစိတ်တွင် ထူးခြားမှုရှိသည်ဟု မထင်မိသေးပါ။ မိမိရုံးခန်းအတွင်းရောက်၍ ငါးမိနစ်ခန့်အကြာမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက သူ့ရုံးခန်းသို့ လာရောက်ရန်ခေါ်သဖြင့် ခရီးစဉ်အတွင်း ဆောင်ရွက်ခဲ့သည်များကို ပြင်ဆင်ယူဆောင်ကာ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ရုံးခန်းသို့ ၀င်ရောက်လိုက်သည်တွင် ထူးခြားမှုကတော့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်တို့ရောက်ရှိနေသည်ကို တွေ့ရသဖြင့် ထူးခြားမှုတော့ ဖြစ်နေပြီလို့ ထင်လိုက်မိပါသည်။ ကုလားထိုင်တွင် ထိုင်တောင်မထိုင်လိုက်ရသေးပါ။ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးက ‘‘ဗိုလ်ချုပ်ခင်ညွန့် . . . ခင်ဗျား အခုအိမ်ကို ပြန်နေလိုက်ပါ။  ခင်ဗျားရဲ့တပည့်တွေကိုလည်း ခေါ်ယူမေးမြန်းမှုတွေလုပ်နေပါပြီ။ အိမ်ရောက်ရင်တော့ ဘယ်မှမသွားပါနဲ့တော့။ အိမ်မှာပဲနေပါ’’လို့ပြောလိုက်တော့ ကျွန်တော်သိပါပြီ။ ကျွန်တော့်ကို အရေးယူလိုက်ကြပြီပေါ့။ စောစောပိုင်းကတည်းက ကျွန်တော့်အပေါ် အမြင်မကြည်လင်ဘူးဆိုတာ သိထားလို့ တုန်လှုပ်စရာမဖြစ်မိတာအမှန်ပါပဲ။ ‘‘အေး . . . သိပ်ကောင်းတာပေါ့ဗျာ။ အေးအေးချမ်းချမ်းနေရတာပေါ့ဗျာ။ ကျေးဇူးတင်ပါတယ် . . .’’ ဟု ခပ်ပြတ်ပြတ်ပြောပြီး မိမိရုံးခန်းရှိရာသို့ ခပ်သုတ်သုတ်ဆင်းခဲ့ပါသည်’’

ဦးခင်ညွန့်က အခန်းလိုက် ခေါင်းစဉ်များဖြင့် ရေးသားထားပြီး  ကျွန်တော်နှင့် လူကြီးသူမများဟူသည့် အခန်းတွင် ဦးနေ၀င်း၊ ဦးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးစန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်၊ စသည်တို့နှင့် ပတ်သက်ကြုံတွေ့ရသည့် အကြောင်းအရာများကိုလည်း အနည်းငယ်တို့ထိ ရေးသားထားသည်။

ထိုအထဲမှာ ကျွန်တော်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအခန်းတွင် ဦးခင်ညွန့်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အပြန်အလှန် လေးစားမှု၊ ရင်းနှီးမှုရှိသည့်အပြင် နောင်အနာဂတ်တွင် နီးနီးကပ်ကပ်နေထိုင်နိုင်ကြရန်အတွက် မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင် အေ၀မ်းခြံအနောက်ဘက်၌ မြေကွက်တစ်ကွက်စီ တိုင်ပင်၍ ၀ယ်ယူထားသေးကြောင်း ဖော်ပြထားသည်။ ‘‘ကျွန်တော့်ကို အရေးယူလိုက်သည်ဟုဆိုရာတွင် ဗိုလ်ချုပ်မှူးကြီး၏ သဘောဆန္ဒတစ်ခုတည်း မဖြစ်နိုင်။ ယင်း၏ ရှိရင်းစွဲသဘောထားကို ယိမ်းယိုင်အောင် ဘေးတီးပေးသည့် ပုဂ္ဂိုလ်များ၊ အရေးယူဖြစ်အောင် ၀ိုင်းဝန်းဖန်တီးကြသည့် ပုဂ္ဂိုလ်များရှိနေသည်ဟု သိရှိရပါသည်။ ဘယ်သူဘယ်ဝါတွေဆိုတာ ကျွန်တော်သိနေပါသည်။ ဖော်ပြမပြောလိုပါ။ ကာယကံရှင်များကိုယ်တိုင် အသိဆုံးဖြစ်မှာပါ’’ဟု ရေးသားထားသည်။

ကျွန်တော်နှင့် ဒေါ်အောင်ဆန်းစုကြည်ဟူသည့်အခန်းမှာလည်း ဦးခင်ညွန့်က ဒေါ်အောင်ဆန်းစုကြည်အပေါ် ညီမတစ်ဦးလို သဘောထားသည့်စိတ်က ပြောင်းလဲခြင်းမရှိကြောင်း၊ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလည်းဖြစ်၊ ဒီမိုကရေစီလူထုခေါင်းဆောင်တစ်ဦးလည်းဖြစ်သောကြောင့် လေးစားမှု၊ ယုံကြည်မှုတို့ရှိကြောင်း၊ ရွေးကောက်ပွဲပြီးသည့်ကာလနောက်ပိုင်း အကြောင်းကြောင်းကြောင့် နှစ်ဖက်ဆက်ဆံမှု သိသိသာသာပြောင်းလဲမှုဖြစ်ပေါ်ခဲ့ကြောင်း၊ နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်စု အကြိမ်ကြိမ်တွေ့တုန်းကလည်း အစပိုင်းတွင် သဘောထားတွေ ကောင်းခဲ့ကြပြီး ပူးပေါင်းလုပ်ကိုင်၍ ရသည့်အဆင့်ထိ ရောက်ခဲ့ကြကြောင်း ဖော်ပြပါရှိသည်။

၂၀၁၃  အမျိုးသားညီလာခံ စတင်တော့မည့်အချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ တက်ရောက်နိုင်ရန်အတွက် မိမိအနေဖြင့် ကြိုးပမ်းခဲ့ကြောင်း ဦးခင်ညွန့် ထုတ်ဖော်သည်။ ထိုကြိုးပမ်းချက်မှာ ပြည်ထဲရေးဝန်ကြီး ဦးတင်လှိုင်နှင့် ထောက်လှမ်းရေး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကျော်ဝင်း၊ ဗိုလ်ချုပ်သန်းထွန်းတို့ကို ဒေါ်အောင်ဆန်းစုကြည်နှင့် လျှို့ဝှက်တွေ့ဆုံစေခဲ့ခြင်းဖြစ်ကာ ထိုတွေ့ဆုံမှုကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေမသိရှိစေရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။ အမျိုးသားညီလာခံတွင် အင်န်အယ်လ်ဒီ ကိုယ်စားလှယ်များ ပါဝင်တက် ရောက်မှသာ ပြည့်စုံမည်ဟု ခံယူ၍ လျှို့ဝှက်တွေ့ဆုံညှိနှိုင်းစေခဲ့ခြင်းဖြစ်ကာ ဦးသန်းရွှေကို အသိပေးပြီး ညှိနှိုင်းစေပါက ခွင့်ပြုချက်မရနိုင်၍ ထိုသို့လုပ်ခဲ့ခြင်းဖြစ်သည်။ ဦးခင်ညွန့်၏ ရည်ရွယ်ချက်မအောင်မြင်ခဲ့ဘဲ အကြီးအကဲအမိန့်ကို မနာခံသူအဖြစ်သာ အကျိုးဆက်ရရှိစေခဲ့သည်ဟုဆို သည်။

ဦးခင်ညွန့်က နိုင်ငံရေး မလုပ်တော့ဟု မီဒီယာသို့ ယခင်က ပြောထားခဲ့ဖူးသည်။ ယခုစာအုပ်တွင်လည်း ထိုပြောကြားချက်ကို ထပ်မံဖော်ပြထားသည်။ နိုင်ငံရေး မလုပ်သော်လည်း နိုင်ငံကို တိုးတက်စေလို၍ အထက်ပါကိစ္စကဲ့သို့ လျှို့ဝှက်ညှိနှိုင်းမှုမျိုးကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးလုပ်လို၍ ထိုသို့လုပ်ခဲ့ခြင်းမဟုတ်ကြောင်း ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု စိတ်ဆန္ဒလည်း ဘယ်တုန်းကမှ မပေါ်ပေါက်ခဲ့ပါ ဟု ဖော်ပြထားသည်။

ဒီပဲယင်းအရေးအခင်းတွင် ဦးခင်ညွန့်က မည်သည့်နေရာမှ ပါဝင်ခဲ့သနည်းဟူသည့် ပြည်သူသိလိုသည့် မေးခွန်းကို ၎င်းက ပြည့်စုံစွာဝန်ခံခြင်းမရှိသော်လည်း ရိပ်ဖမ်းသံဖမ်းရေးသားထားသည်။ ဒီပဲယင်းအရေးအခင်း အဖြစ်အပျက်ဖြစ်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်သည် ယာဉ်တန်းရှည်၊ ရှေ့ပြေးမော်တော်ဆိုင်ကယ်အုပ်စုများဖြင့် လှည့်လည်ကာ စည်းရုံးဟောပြောနေသည့်အချိန်ဖြစ်၍ နအဖ အစိုးရအနေဖြင့် စိုးရိမ်စိတ်များဖြစ်ပေါ်ခဲ့ရသည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း မုံရွာမြို့သို့ ရောက်ရှိချိန်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အစိုးရ လူကြီးပိုင်း ခြောက်ဦးခန့်ကို ၎င်း၏အခန်းသို့ခေါ်၍ ယာဉ်တန်းကို တားဆီးရမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟုဆိုသည်။

‘‘ကျွန်တော်တို့ လူလည်းစုံရော . . .  တို့ . . .  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တားဆီးရမယ်။ ဖြစ်တဲ့နည်းနဲ့ တားဆီးရမယ်လို့ ပြောပါသည်။ ထိုအချိန်တွင် ကျွန်တော်ကပဲ အကြမ်းဖက်တားဆီးတာမျိုးမလုပ်သင့်ကြောင်း ပြောသောအခါ ကျွန်တော့်တင်ပြမှုကို လူကြီးက သဘောမတူပါ။ အဲဒါကလည်း ကျွန်တော့်အတွက် ကောင်းသည် ဟု မြင်ပါသည်။ အဲဒီမှာတင်  ဒီကိစ္စနဲ့ ပတ်သက်၍ ကျွန်တော့်ကို လုံးဝတာဝန်မပေးတော့ဘဲ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကို ဦးဆောင်စေကာ အဖွဲ့ဝင်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ကို လိုက်ပါစေလျက် ရဟတ်ယာဉ်ဖြင့် မုံရွာသို့ စေလွှတ်လိုက်ပါသည်’’ဟု ဦးခင်ညွန့်က ထုတ်ဖော်သည်။

ဒီပဲယင်းဖြစ်စဉ်ကြီးတစ်ခုလုံးတွင် ဦးဆောင်ပါဝင် ဆောင်ရွက်ရခြင်းမဟုတ်သော်လည်း အစိုးရအဖွဲ့ဝင်ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့်အတွက် မိမိမှာလည်း တာဝန်ရှိသည်ဟု ခံယူကြောင်း၊ မည်သည့်ကိစ္စရပ်မျိုးပင်ဖြစ်စေ ဖြစ်ပေါ်လာသည့် အကြောင်းတရားနှင့် အကျိုးဆက်များအပေါ် ထိုစဉ်က အစိုးရအဖွဲ့ဝင်အားလုံးမှာ တာဝန်ရှိကြောင်း၊ အားလုံးက တာဝန်ခံရမှာဖြစ်ကြောင်း ပြောလိုသည်ဟု ရေးသားထားပါသည်။

တပ်မတော်အစိုးရအတွင်း ဗိုလ်ချုပ်မှူးကြီး စောမောင်မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသို့ ခေါင်းဆောင်အပြောင်းအလဲကိစ္စကိုလည်း ဦးခင်ညွန့်က အနည်းငယ် ဖော်ထုတ်ထားသည်။ ထိုဖြစ်ရပ်က ဦးခင်ညွန့်အနေဖြင့် မိမိတစ်ဦးတည်း အဖြစ်မှန်သိသူဖြစ်ပြီး အချိန်မတန်သေး၍ ရေငုံနှုတ်ပိတ်နေရခြင်းဖြစ်သည်ဟုလည်း စကားပလ္လင်ခံထားသည်။ ရေးသားဖော်ပြချက်မှာ ‘‘ဗိုလ်ချုပ်မှူးကြီး(စောမောင်)၏ ကျန်းမာရေးသည် မြစ်ကြီးနားခရီးစဉ်၊ မန္တ လေးခရီးစဉ်၊ မုံရွာခရီးစဉ်တွေမှာ ထူးခြားမှုပိုဖြစ်လာသည်။ အချင်းချင်း ဆက်ဆံရာမှာရော ပြည်သူနှင့် ပြောဆိုဆက်ဆံရာမှာရော ပုံမှန်မဟုတ်တော့ပါ။ တစ်ခါတစ်ရံ မူမမှန်တာတွေ ကြုံတွေ့ခဲ့ရသည်။ အခြေအနေဆိုးဝါးမှုကတော့ ပစ္စတိုသေနတ်ကို အမြဲ ကိုင်ထားခြင်းပဲဖြစ်ပါသည်။ သေနတ်ကျည်ဆန် မတော်တဆထွက်မှုဖြစ်မှာ စိုးရိမ်ရပါသည်။ အနီးကပ် စောင့်ရှောက်မှုကတော့ ဆရာဝန်ကြီးများနှင့် ကျွန်တော်ပဲဖြစ်ပါသည်။ ဒါကြောင့်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ကျွန်တော်တိုင်ပင်ကြသောအခါ တစ်ခုခုတော့ စဉ်းစားဖို့ ကောင်းတယ်ဆိုတာ အဖြေထုတ်၍ ရတာနဲ့ ဥက္ကဋ္ဌကြီးဦးနေ၀င်း(ငြိမ်း)ထံ သွားရောက် အကြံဉာဏ်ယူရန် သဘောတူခဲ့ကြပါသည်။ အေဒီလမ်းအိမ်ရောက်တော့ ဥက္ကဋ္ဌကြီးဦးနေ၀င်း(ငြိမ်း)ကို အခြေအနေအရပ်ရပ် ရှင်းပြလိုက်တော့  . . . ဒါဆို ဒီကိစ္စက တိုင်းပြည်၏ မကောင်းကျိုးကိုဖြစ်နိုင်သလို တပ်မတော်အတွက်လည်း အခြေအနေကောင်း ဖြစ်မလာဘူး။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း တာဝန်ယူ ဆောင်ရွက်စရာရှိတာကို ဆောင်ရွက်လိုလက်ပါ။ ဗိုလ်ချုပ်ခင်ညွန့်က ကူညီဆောင်ရွက်ပေးပါ . . . ဆရာဝန်များနှင့် တိုင်ပင်ပြီးမှ ဆောင်ရွက်ပါဟု အကြံ ဉာဏ်ပေးပါသည်’’

‘‘ရုံးရောက်သည့်အခါ တိုင်းမှူးများကို မနက်ဖြန်အရောက် ခေါ်ပြီး ရန်ကုန်မှာရှိကြသည့် န၀တအဖွဲ့ဝင်များ၊ ၀န်ကြီးများကိုပါ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်မည် အကြောင်းပြကာ ဖိတ်ကြားလိုက်ပါသည်။ ဒီကိစ္စ ခေါင်းဆောင်အပြောင်းအလဲလုပ်ရမည့်ကိစ္စဖြစ်၍ ပေါက်ကြား၍ မရပါ။ လျှို့ဝှက်စွာ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါသည်။

        တိုင်းမှူးများ စုံလင်စွာရောက်ရှိသည့်အချိန်မှာ အစည်းအဝေးအခန်းကို အလုံပိတ်ထားလိုက်ပြီး တိုင်းမှူးများ၊ န၀တအဖွဲ့ဝင်လူကြီးများနှင့် ၀န်ကြီးများကို ဗိုလ်ချုပ်မှူးကြီးစောမောင်၏ ကျန်းမာရေးအခြေအနေအကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ကျွန်တော်တို့က ရှင်းလင်းကြပါသည်။ ထို့နောက်  ဒုဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကပင် ဆက်လက်၍ ခေါင်းဆောင်မှုယူမည်ဖြစ်ကြောင်း ကျွန်တော်ကပဲဆက်ရှင်းသည်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်မှူးကြီးစောမောင်ကတော့ သူ၏နေအိမ်မှာ ဆရာဝန်များ၏ စောင့်ရှောက်မှုနှင့် ရှိနေစေပါသည်။ အထူးအစည်းအဝေးမှာ အားလုံးက သဘောတူညီကြသဖြင့် ညပိုင်းမှာ မြန်မာ့အသံက သတင်းကြေညာချက် ထုတ်ကာ ခေါင်းဆောင်မှုအပြောင်းအလဲကို ပြည်သူများသို့ အသိပေးခဲ့ပါသည်ဟုဆိုလေသည်။

ကျွန်တော်နှင့် ပြည်တွင်း ငြိမ်းချမ်းရေးဆောင်ရွက်ချက်များ အခန်းတွင် ကိုးကန့်၊ ၀၊ဦးခွန်ဆာ၊ ကေအိုင်အေ၊ ကေအန်င်ယူ၊ဗကပ(၁၀၁) စစ်ဒေသ၊ SSA စသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များကို ရေးသားဖော်ပြထားသည်။

ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်များက အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း ကမ်းလှမ်းလာသဖြင့် ဆွေးနွေးပွဲများဖြစ်မြောက်ရန် ဦးစွာပဏာမ လျှို့ဝှက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရမှုကို တင်ပြထားသည်။ ကိုးကန့်လက်နက်ကိုင်များ စိုးမိုးထားသည့် နယ်မြေအတွင်းသို့ ဦးခင်ညွန့်က တပ်စုတစ်စုသာ လုံခြုံရေးအနေနှင့် လိုက်ပါစေပြီး ချင်းရွှေဟော်အထိ သွားရောက်ခဲ့သည်။ ထိုအကြောင်းကို ရေးသားရာတွင်‘‘တောင်ကြောတွေပေါ်မှာ ကိုးကန့်လက်နက်ကိုင်တွေ တန်းစီပြီး လုံခြုံရေးယူထားတာတွေ့ရသည်။ အင်အားတစ်ထောင်ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ အကယ်၍သာ ကျွန်တော့်မှာ ပါလာသည့် တပ်ခွဲတစ်ခွဲနှင့် သူတို့အင်အား တစ်ထောင်ခန့် ယှဉ်ကြည့်လျှင် အခြေအနေဘယ်လိုဖြစ်နိုင်သလဲဆိုတာခန့်မှန်း၍ရသည်။ ..........ရောက်ရောက်ချင်းပဲ ခေါင်းဆောင် ဦးဖုန်ကြားရှင်က လုံခြုံရေးလည်းမပါပါလား။ ဘာကြောင့် လုံခြုံရေးတပ်မခေါ်လာတာလဲဟု မေးတော့ ကျွန်တော်ကပဲ ခင်ဗျားတို့က ကျွန်တော့်လုံခြုံရေးကိုတာဝန်ယူထားပြီးဖြစ်လို့ ကျွန်တော့်အတွက် သီးခြားလုံခြုံရေးမလိုတော့လို့ ခေါ်မလာတာပါဟု ပြန်ဖြေလိုက်ပါသည်။ အဲဒီမှာတင် သူတို့အချင်းချင်း ကွိကျွိကွိကျွိတွေ ပြောသံကြားပြီး သူတို့ခေါ်သွားသည့် တဲထဲကို လိုက်သွားကြသည်။ သူတို့အပေါ် အပြည့်အ၀ယုံကြည်မှုရှိ၍ လုံခြုံရေးတပ်ကို ယူမလာခြင်းဖြစ်သည်ဆိုတာကို သူတို့ယုံကြည်မှုဖြစ်အောင် ချက်ချင်းပြသလိုက်ခြင်းက ချက်ချင်း ယုံကြည်မှုတည်ဆောက်လိုက်သည့်သာဓကပါ။ အလွန်ရိုးရှင်းသော လုပ်ရပ်လေးဖြင့် ယုံကြည်မှုကို တည်ဆောက်လိုက်တာပါပဲ’’ဟု တင်ပြသည်။

၈၈ အရေးအခင်းကာလဖြစ်ရပ်များတွင်‘‘ပထမပိုင်းတွင် ရိုးသားစွာဆန္ဒပြ တောင်းဆိုနေကြသော ကျောင်းသားများနှင့် ရိုးသားသောပြည်သူများ၏ နောက်တွင် အကြမ်းဖက်သမားများနှင့် ဗကပ ယူဂျီများ ပါဝင်သွေးထိုးလှုံ့ဆော်ခြင်း၊ အကြမ်းဖက်မှုများ ဖြစ်အောင် ဖန်တီးခြင်းများ ပြုလုပ်သည်ကိုတွေ့ရသည်’’ဟု ၎င်း၏ထင်မြင်ချက်ကို ရေးသားထားသည်။

‘‘စစ်ရုံးထောင့်က တိရစ္ဆာန်ရုံရှေ့မှာ တရားပွဲလာလုပ်ကြသည်။ ကျောင်းသားခေါင်းဆောင်တွေလည်း ပါသည်။ ဆရာဝန်ကြီးတစ်ယောက်လည်းပါသည်။ ဆဲလိုက်ဆိုလိုက်ကြတာ မိုးမွှန်နေတာပါပဲ။ လုံခြုံရေးရဲဘော်တွေက မခံမရပ်နိုင်ကြလွန်းလို့ သူတို့ကို မနည်းထိန်းထားရသည်။ အမှန်တော့ လုံခြုံရေးရဲဘော်များ၏ ပစ်ခတ်မှုဖြစ်အောင် တမင်ဖန်တီးမှုပါပဲ။ ဒါပေမဲ့ပစ်ခတ်မှုဖြစ်မလာပါ။ အဲဒါကြောင့် မြို့ထဲလှည့်လည်ပြီး ကောလာဟလသတင်း ဖြန့်လိုက်တာကတော့ ကျောက်တိုင်နားမှာ စစ်ရုံးထဲကပစ်လို့ ဆန္ဒပြသူတွေသေလိုက်ကြတာ အတုံးအရုံးပဲ။ အလောင်းကိုထပ်နေတာလို့ လုပ်ကြံ သတင်းလွှင့်ကြတာလည်း ကြုံရသည်’’

ယခုအခါ အခြေအနေနှင့် အချိန်အခါကူးပြောင်းနေပြီဖြစ်သလို ဒီမိုကရေစီစနစ်ကိုလည်း ကူးပြောင်းရောက်ရှိလာပြီဖြစ်သည့်အတွက် ယခုကာလမျိုး၌ နိုင်ငံအကျိုးစီးပွားအတွက် ပြည်သူများဘ၀ ဖူလုံစည်ပင်ရေးအတွက် ရှေ့သို့မျှော်မှန်းကာ တူညီမှုရတာများကို ပူးပေါင်းလုပ်ဆောင်ခြင်း၊ မတူညီမှုများကို ခဏချန်ထားခဲ့ပြီး နောင်အခွင့်ကြုံပါက ပြန်လည်တိုင်ပင်ဆွေးနွေးခြင်းတို့ ပြုလုပ်လျှင် ကောင်းလေစွဟု ထင်မြင်မိကြောင်း ဦးခင်ညွန့်က ဆိုပါသည်။ ယနေ့နိုင်ငံတွင်း ဖြစ်ပျက်နေသည်ကို ကြည့်ပါက နောက်ကြောင်းတွေကိုသာ ပြန်ဖော်နေကြပြီး မိမိတို့ကိုယ်ကိုယ် သူရဲကောင်းသဖွယ် ပုံဖော်နေသူများ၊ ပညာရှင်ကြီးများလိုလို ပရောဟိတ်ကြီးများလိုလို ဟောပြောပို့ချနေသူများသာ များပြားနေပါသည်ဟု ဦးခင်ညွန့်က မြင်သည်။

ထို့အပြင် နိုင်ငံခြားတိုင်းပြည်များမှ ငွေချေးယူပြီး ဝေမျှပေးခြင်းသည် နည်းလမ်းကောင်းမဟုတ်ကြောင်း၊ ချေးငွေဆိုသည်မှာတစ်နေ့ ပြန်ဆပ်ရမည်ဖြစ်ကြောင်းလည်း မှတ်ချက်ပြုထားသည်။ ‘‘ဘယ်သူက ပြန်ဆပ်မှာလဲ။ နောက်တက်သည့် နောက်အစိုးရကရော ဒီအကြွေးကို ပြန်ဆပ်ချင်ပါ့မလား။ လတ်တလောအခြေအနေကို စဉ်းစားပြီးလုပ်တာမျိုး မဖြစ်သင့်ဟု ထင်မြင်မိပါသည်။ ရေရှည်အတွက် စဉ်းစားကြပြီး စကားရည်လုနေတာမျိုး မဟုတ်ဘဲ ရှေ့အနာဂတ် နှစ်ပေါင်းငါးဆယ်၊ တစ်ရာအထိ ကြိုတွက် ကြိုစဉ်းစားဆောင်ရွက်ကြမည် ဆိုလျှင် ကောင်းလေစွဟု မြင်မိပါသည်’’ဟု သူက ရေးသားသည်။

ကျွန်တော့ဘ၀ကိုဆန်းစစ်ခြင်းဟူသည့် အခန်းကို ရေးသားရာတွင် ဦးခင်ညွန့်က ပြည်သူများသို့ တောင်းပန်ထားသည်ကို တွေ့ရသည်။

နယ်စပ်ဒေသနှင့် အစွန်အဖျားဒေသတွေမှာ တာဝန်ထမ်းရွက်ကြသည့် ကျွန်တော့်တပည့်များ၏  မှားယွင်းသော လုပ်ဆောင်မှု၊ လောဘတက်မှု၊ အာဏာအလွဲသုံးစားပြုမှုတွေကြောင့် ထောက်လှမ်းရေးတစ်ဖွဲ့လုံး ပြိုကွဲသွားရသည်ကို သံဝေဂရပါသည်’’ဟု ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

အခန်း(၇၁)တွင် ဖော်ပြထားသည့်ခေါင်းစဉ်မှာ မလိမ္မာသော ကျွန်တော့်တပည့်များ ကိုယ်စား တောင်းပန်ခြင်းဟူ၍ဖြစ်ပြီး မြို့နယ်အဆင့်နေရာဒေသများတွင် တာဝန်ယူခဲ့သည့် အရာရှိမဟုတ်သော အခြားအဆင့် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များသည် ၎င်းမြို့နယ်တွင် တာဝန်ယူခဲ့ကြသည့် ဌာနဆိုင်ရာအကြီးအကဲများအပေါ် မောက်မာစွာ ဆက်ဆံခြင်း၊ လာဘ်ပေးလာဘ်ယူမှုများပြုလုပ်ခြင်း၊ အရှိန်အ၀ါနှင့် အာဏာကို အလွဲသုံးစားပြုလုပ်ခဲ့သူများလည်းရှိကြောင်း ၀န်ခံထားသည်ကိုတွေ့ရသည်။

‘‘လာဘ်ပေးလာဘ်ယူ ပြုလုပ်သည့် တပ်မှူးများ၊ တာဝန်ရှိသူများလည်းရှိခဲ့ရာ အထူးသဖြင့် မူဆယ်၊ ကွတ်ခိုင်ဒေသတွင် တာဝန်ထမ်းရွက်ခဲ့သော အရာရှိများ၏ မသမာမှုကြောင့် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများ ရှိခဲ့ကြောင်းကိုလည်း သတင်းများအရ သိရှိခဲ့ရပါသည်။ မသမာမှုကျုးလွန်သည့် အရာရှိများ၊   အခြားအဆင့်များကိုလည်း ဥပဒေကြောင်းအရ တရားစွဲဆိုပြစ်ဒဏ်ပေးမှုများ ပြုလုပ်ခဲ့သည့်အပြင် ကျွန်တော့်ကိုပါ တာဝန်ရှိသူအနေဖြင့် ထောင်ဒဏ် (၄၄)နှစ် ချမှတ်အပြစ်ပေးခြင်း ခံခဲ့ရပါသည်။ ဒီ့အပြင် ထောက်လှမ်းရေးအဖွဲ့အစည်းကြီး တစ်ခုလုံးကိုပါ ဖျက်သိမ်းခြင်း ပြုလုပ်ခဲ့ပါသည်။ ဒီဖြစ်ရပ်များသည် သင်ခန်းစာယူစရာ သံဝေဂရစရာများဖြစ်ပါသည်။ အပြစ်ကျုးလွန်သူများကို ပြစ်ဒဏ်ပေးခြင်းသည် မှန်ကန်သည်ဟု ခံယူမိပါသည်’’ဟု ၎င်းက ဖော်ပြထားသည်။

ထို့နောက် ဦးခင်ညွန့်က ‘‘ကျွန်တော့်အနေဖြင့် မိဘပြည်သူများကို အသိပေးလိုတာကတော့ မလိမ်မာသော ကျွန်တော့်တပည့်များ၏ အမှားအယွင်းပြုလုပ်ခဲ့မှုများ၊ တာဝန်ထမ်းဆောင်သူအချင်းချင်း အပေါ်စီးဖြင့် မောက်မာစွာဆက်ဆံခဲ့မှုများ၊ မိဘပြည်သူများအပေါ် အမှားအယွင်းပြုလုပ်ခဲ့မှုများနှင့်ပတ်သက်၍ ကျွန်တော့်တပည့်များနှင့် ကြုံဆုံခဲ့ရသော မိဘပြည်သူများနှင့် ပုဂ္ဂိုလ်အားလုံးကို အနူးအညွတ်တောင်းပန်ပါသည်’’ ဟု ဆိုသည်။ မိမိ၏တပည့်များမှာ တိုင်းပြည် ပုန်ကန်သူများ၊ ခိုးဆိုးလုယက်ကြသူများ မဟုတ်ဘဲ လောဘဇောတက်၍ မှားယွင်းခဲ့ကြသူများဖြစ်ကာ ပြစ်ဒဏ်ကျ ခံနေရသည်မှာ ယခုဆိုလျှင် ဆယ်နှစ်ဝန်းကျင်ရှိနေကြပြီဖြစ်သည့်အပြင် ၎င်းတို့မိသားစုများမှာလည်း ဒုက္ခအဖုံဖုံကို ဆက်လက်ခံစားနေကြရကြောင်း၊ မိမိအနေနှင့်လည်း သမ္မတကြီးဦးသိန်းစိန်ထံသို့ မေတ္တာရပ်ခံစာ တင်ပြထားကြောင်း၊ ကျန်ရှိတပည့်များ ပြန်လည်လွတ်မြောက်စေလိုသည့်အတွက် ယခုစာအုပ်မှ ထပ်မံတင် ပြရခြင်းဖြစ်ကြောင်းကို ရေးသားထားပါသည်။

ယခုစာအုပ်နှင့်ပတ်သက်၍ ဖတ်ရှုရသည့် စာရေးဆရာတစ်ဦးက ၎င်း၏အမြင်ကို အောက်ပါအတိုင်းပြောပါသည်။‘‘ဖြစ်စဉ်တွေကို ရဲရဲဝံ့ဝံ့ ရေးထားတာမျိုးလည်း သိပ်မပါဘူး။ ဒေါ်စုနဲ့ တွေ့ဆုံတဲ့အခန်းကလည်း နည်းနည်းလေးပါ။ ခြုံပြောရရင် သူငြိမ်းချမ်းရေးလုပ်ခဲ့တာတွေကို ကြွားလုံးထုတ်တဲ့သဘောပါပဲ။ ပြီးတော့ ထောက်လှမ်းရေး အဖွဲ့ဝင်အနည်းစုက မှားခဲ့တယ်ပြောထားတာ တကယ်တော့ အများစုက မှားခဲ့တာ’’။

ပခုက္ကူ ဒေသခံ တစ်ဦးဖြစ်သူ ကိုဇင်မင်းထွန်းကလည်း ‘‘စာအုပ်ထဲမှာ သူတာဝန်ယူခဲ့ရတုန်းက အကြောင်း အကုန်လုံးမပါဘူး။ တင်ပြလို့ကောင်းရုံလောက်ပါပဲ။ ပြောရမယ်ဆိုရင် သူ့ကိုမယုံဘူး။ တပ်မတော်အစိုးရလက်ထက်မှာ သူသည် ဘုန်းမီးနေလတောက်ခဲ့သူတစ်ယောက်ပါ။ သူတို့ကြောင့် ဘ၀ပျက်စီးဒုက္ခရောက်ခဲ့ကြတဲ့ သူတွေအများကြီးပါပဲ။ ဦးခင်ညွန့်က နိုင်ငံရေးမှာတော့ အညွန့်တုံးသွားတဲ့ သစ်ငုတ်တိုအဆင့် ရောက်သွားပြီလို့ မြင်ပါတယ်’’ဟု မှတ်ချက်ပေးသည်။

စာမျက်နှာပေါင်း (၆၅၇) မျက်နှာရှိပြီး တန်ဖိုး(၈,၀၀၀)ကျပ်ဖြင့် ထုတ်ဝေလိုက်သည့် မှော်ဝန်းသားဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း)ရေးသားသော ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘ၀အထွေထွေ စာအုပ်သည် အများပြည်သူ သိလိုသည့် ဦးခင်ညွန့်၏ ဘ၀ဇာတ်ကြောင်းရှည်ကြီးထဲမှ အဓိကအချက်အလက်များကို အနည်းငယ်စီ တို့ထိရေးသားထားခြင်းဖြစ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်အဆင့်ထိ တာဝန်ယူခဲ့သော၊ ထောက်လှမ်းရေးအကြီးအကဲတစ်ဦးအဖြစ် တန်ခိုးအာဏာထွားခဲ့သော လူပုဂ္ဂိုလ်ကြီးတစ်ဦး၏ ဘ၀ဇာတ်ခုံနှင့် အမြင်သဘောထားများကို လေ့လာဖတ်ရှုရမည် ဖြစ်ပါသည်။

0 အကြံပြုခြင်း: