Friday, March 13, 2015

မဖြိုးဖြိုးအောင်ရဲ့ အမေဒေါ်သန္တာ၊ ဘီဘီစီကို ပြောပြတဲ့ သူ့သဘောထား



...............................

ဒေါ်သန္တာ။ ။ ဒီအစိုးရဥပဒေကိုက အမျိုးမျိုးဖြစ်နေတာလေ။ ကျမတို့က မျှော်လင့်ချက်ကို အဲ့ဒီမှာ ထားလို့ မရဘူး။ ဒီအစိုးရအပေါ်မှာ ကျမတို့က ဘာယုံကြည်ချက်၊ ဘာမျှော်လင့်ချက်မှ ထားလို့မရတာက ဘာဖြစ်လာမယ်ဆိုတာ ကျမတို့ မသိနိုင်ဘူး။

ဘီဘီစီ။ ။ မိဘတွေဖက်ကရော သူတို့ ပြန်လွတ်မြောက်ရေးအတွက် တင်ပြ တောင်းဆိုမှု လုပ်ဖို့ရှိပါသလား။

ဒေါ်သန္တာ။ ။ ကျမတို့ကတော့ သူတို့ကို တင်ပြမှာလည်း မဟုတ်ဘူး။ အသနားခံမှာလည်း မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့သားသမီးတွေက မကောင်းတာလုပ်တာတခုမှမရှိဘူး။ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်ခဲ့တာ။ ကျောချင်းကပ် ရင်ချင်းကပ်ပြီးတော့ သူတို့ နေပြည်တော်မှာတောင် ခေါ်ပြီး ဆွေးနွေးတာပဲ ဦးအောင်မင်းတို့နဲ့။ ဟုတ်တယ်မှတ်လား။ အဲ့ဒီတော့ သူတို့ အဲ့ဒီဆွေးနွေးတဲ့ ကလေးတွေကို ရိုက်ပြီးထောင်ထဲထည့်ထားတဲ့ အစိုးရကို ကျမတို့က အသနားခံစရာ ဘာမှမရှိနိုင်ဘူး။ ကျမတို့မှားတာ တခုမှမရှိဘူး။ ဒါကမြန်မာနိုင်ငံမှာရှိတဲ့ အောက်တန်းကျနေတဲ့ ပညာရေးကို အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြင်တာလေ။ အဲ့ဒါကို သူတို့က စားပွဲဝိုင်းမှာ ပြင်တာကို လက်မခံပဲနဲ့ အခုက ရိုက်ပြီး နှိပ်စက်ပြီး ထောင်ထဲကို ပို့ထားတာ။ အဲ့ဒီတော့ ကျမတို့က သူတို့ကို ပြောစရာစကားလည်း မရှိဘူး။ အသနားခံမှာလည်း မဟုတ်ဘူး။ တင်ပြတောင်းဆိုမှာလည်း မဟုတ်ဘူး။ အဲ့ဒါကတော့ ကျမတို့ဖက်က ကြိမ်းသေတယ်။

ဘီဘီစီ။ ။ ဒီလိုမျိုး မဖြိုးဖြိုးအောင်က အရင်တုန်းကလည်း ပညာသင်တုန်းမှာ ထောင်ကျတာတွေဖြစ်ခဲ့တယ်။ အဲ့ဒီတော့ သူ့ကို အရင်တုန်းက ပြောမိလား ပညာရေးကိုပဲ အာရုံစိုက်ဖို့တို့၊ နိုင်ငံရေးကို မပတ်သက်ဖို့တို့ အဲ့ဒါမျိုးတွေ ပြောမိတာ ရှိခဲ့ပါလား။

ဒေါ်သန္တာ။ ။ ဖြိုးဖြိုးအောင်က တလျှောက်လုံးပေါ့နော်၊ ကျမအမျိုးသားထောင်ထဲဝင်တုန်းက သူက ၉လပဲ ရှိသေးတယ်။ ကျမက လမ်းဘေးမှာ ဈေးရောင်းရတယ် ဘ၀ကိုရင်းရတယ်ဆိုတဲ့အခါ သူက သူ့ဘ၀အတိုင်း တည်ဆောက်သွားရတာပေါ့။ သမီးက၊ ငယ်ငယ်ကတည်း ဖြိုးဖြိုးအောင်က ဘယ်တုန်းကမှ ဘာကိုလိုချင်ပါတယ်ဆိုပြီး ငိုယိုပြီး မတောင်းဆိုဘူး။ ဘာလုပ်ပါ ဆိုပြီးတော့လည်း ငိုယိုပြီးတော့ ဘာပေးပါ အမေ ဘာညာနဲ့ မရှိဘူး။ ကျမတို့ဘ၀တွေ သင်ခန်းစာနဲ့ သူကတတ်ခဲ့ရတာလေ။ အဲ့ဒါကြောင့် ကျမကလည်း သူ့ကို ဒီဟာလုပ်ပါ ဟိုဟာလုပ်ပါလို့ ဘယ်တော့မှ မပြောခဲ့ဘူး။ ဘာဖြစ်လို့ မပြောလည်းဆိုတော့ ကျမတို့ ဒီလိုရပ်တည်နေတဲ့ မိသားစုတခုအနေနဲ့ သူ့ရဲ့ ဆင်ခြင်တုံတရား၊ သူ့ရဲ့ ဆုံးဖြတ်ပိုင်ခွင့်၊ သူ့ရဲ့အခွင့်အရေး၊ သူယုံကြည်ရာကို ကျမတို့က လက်ခံခဲ့တယ် ဖွင့်ပေးခဲ့တယ်။ ကျမတို့က အဲ့ဒါမျိုး မိသားစုဆက်ဆံရေးက။ ကျမတို့က အတင်းအကြပ် ဟာနင်ကျောင်းတက်ပါ နင်ဘာရအောင်လုပ်ပါ ဟိုဟာရအောင်လုပ်ပါလို့ မပြောခဲ့ဘူး။ ပြောစရာလည်း မလိုဘူးပေါ့။

ဘီဘီစီ။ ။ သူ တောက်လျှောက်သပိတ်မှာ ချီတက်တဲ့အခါ တားဆီးမှုတွေ ပိတ်ပင်ခံရမှုတွေ ကြုံရတဲ့အခါမှာရော စိုးရိမ်စိတ်နဲ့ ပြောဆိုမိတာတွေ ရှိပါလား။


ဒေါ်သန္တာ။ ။ ဟာ မရှိပါဘူး။ မရှိပါဘူး။ ပြောဆိုတာကလည်း အမေတယောက်အနေနဲ့ မေတ္တာတရားနဲ့ပေါ့ သမီး နေပူတယ် ထီးဆောင်းသွား၊ ဘာကာဗာလုပ်သွား ဘာဆေးသောက်သွားလို့ အဲ့လိုမျိုး ပြောတာကလွဲလို့ ကျန်တာကတော့ ကျမတို့ ဘာမှ မပြောခဲ့ပါဘူး။ ဒါက တားဆီးပိတ်ပင်ခွင့်မရှိဘူး။ ဒါက သူ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် သူ့အခွင့်အရေးအတိုင်းသွားတာပါပဲ။ ကျမတို့ သူ့ကို တားဆီးတာတွေ ပိတ်ပင်တာတွေ ဘာမလုပ်နဲ့ ညာမလုပ်နဲ့လို့ မပြောခဲ့ပါဘူး။ သူတို့ ကျောင်းသားတွေရဲ့ သဘောဆန္ဒကလည်း ဘယ်သူ့ ဦးဆောင်မှုအောက်မှာမှ နေခဲ့တာမဟုတ်ပါဘူး။ စုပေါင်းဦးဆောင်မှုနဲ့ စုပေါင်းအလုပ်လုပ်နေကြတာပါပဲ။ သူတို့ဆုံးဖြတ်ချက်နဲ့သူတို့ သွားနေကြတာပါပဲ။ သူဖုန်းလာတဲ့အခါကျရင်လည်း တိုတိုပဲ။ ကျမကပြောတယ် သမီးနေကောင်းလား၊ မေမေနေကောင်းတယ် ဘိုင်းဘိုင် ဒါလောက်ပဲ ပြောဖြစ်တယ်။ သူ့ပါပါကလည်း ကျန်းမာရေးကို ဂရုစိုက်ဖို့ ဘာညာ၊ ချောင်းဆိုးနေလား နေကောင်းလား ပြောတော့လည်း ရတယ်ပါပါ သမီးမှာလုပ်စရာတွေရှိသေးတယ် ဘာညာဆိုပြီး ဖြတ်ချသွားတာပါပဲ။

0 အကြံပြုခြင်း: