Sunday, March 1, 2015

ကျောင်းသားသပိတ် မနက်ဖြန်စတင်ရင်အဲဒါလေးနဲ့ ( ရေအမြောက်ကား)ဟန့်တား ဆောင်ရွက်မှာပါတဲ့

ကျောင်းသားသပိတ် မနက်ဖြန်စတင်မယ်။
လက်ပံတန်းတွင် ရောက်ရှိရပ်နားထားတဲ့ ပင်မကျောင်းသား သပိတ်စစ်ကြောင်းဟာ မနက်ဖြန်ကျရင် ရန်ကုန်ကိုဦးတည်ပြီး စတင်လမ်းလျှောက်တော့မှာဖြစ်တယ်လို့ ကျောင်းသားသပိတ်က အခုပဲ ဆုံးဖြတ်လိုက်ပါတယ်။
အသေးစိတ် အချက်အလက်တွေကိုတော့ အစည်းအဝေးပြီးတဲ့အခါ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
ပြည်ထဲရေးဝန်ကြီးကတော့ သပိတ်မှောက်ကျောင်းသားတွေကို အရေးမယူဘူးဆိုတဲ့ အစိုးရနဲ့ နှစ်ဖက်သဘောတူညီမှု ရှိထားပေမယ့်လည်း ရန်ကုန်ကိုဝင်ရောက်လာရင် ဥပဒေအရ အရေးယူသွားမယ်လို့ မနေ့က ကြေညာချက်ထုတ်ပြီး သတိပေးထားပါတယ်။
မှော်ဘီမှာရှိတဲ့ ဆရာတော်အရှင်ဆေကိန္ဒ သီတင်းသုံးရာ ကျောင်းတိုက်မှာ သပိတ်မှောက်ကျောင်းသားတွေကို အချိန်ကြာမြင့်စွာထားပြီး ရန်ကုန်မဝင်အောင် လုပ်ဖို့ နောက်ကွယ်မှာ ကြိုးစားစီစဉ်နေတယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။
ရန်ကုန်ရဲတပ်ဖွဲ့ကတော့ ရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းနယ်စပ် ဥက္ကံ ZTH ဆီဆိုင်အလွန်မှာ အဓိကရုဏ်းဖြိုခွင်းရေးကားတွေ၊ ရဲတပ်ဖွဲ့အင်အားတွေ၊ လုံခြုံရေးအတားအဆီးတွေကို တိုးချဲ့ချထားတာကြောင့် ဥက္ကံမှာ သပိတ်နဲ့ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တိုးမှုတွေ ဖြစ်လာနိုင်တယ်လို့ ယူဆလို့ရနေပါတယ်။
Kamayut Media



ကျောင်းသားသပိတ်စစ်ကြောင်းကို ရေအမြောက်ကားသုံး လူစုခွဲမည်
============================================
သပိတ်မှောက်ကျောင်းသားတွေ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်း နယ်စပ် မီးနင်းချောင်း တံတား
ကို ဖြတ်ကျော်ချီတက် လာခဲ့မယ် ဆိုရင် တရုတ်နိုင်ငံက ကူညီပံ့ပိုးပေးထားတဲ့
အဓိကရုဏ်း နှိမ်နင်းရေး ရေအမြောက်ကားကို အသုံးပြုလူစုခွဲသွားမယ်လို့ ရဲတပ်ရင်း
၈ တပ်ရင်းမှူးက ဒီဗွီဘီကို ပြောဆိုခဲ့ပါတယ်။
ရဲတပ်ရင်း ၈ တပ်ရင်းမှူး ဒုရဲမှူးကြီးသန့်စင်ဦးက “ဒါဆူပူမှု သပိတ်စစ်ကြောင်း ၀င်ရောက်
လာတဲ့ အခါမှာ သူတို့ဝင်ရောက်နိုင်ခြင်း မပြုစေရေး အတွက်ပေါ့၊ အဲဒါလေးနဲ့ ဟန့်တား
ဆောင်ရွက်မှာပါ၊ အမိန့်ရမှ ဆောင်ရွက်မှာပါ” လို့ပြောပါတယ်။ဒီလုံခြုံရေး တပ်ဖွဲ့တွေကို
ရန်ကုန်တိုင်း ၀န်ကြီးချုပ်နဲ့ နယ်လုံဝန်ကြီးတို့က အဓိက ကွပ်ကဲဆောင်ရွက်နေတယ် လို့
ဆိုပါတယ်။
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ငြိမ်းချမ်းစွာ ချီတက်နေတဲ့ ကျောင်းသားတွေ
ကို ရေအမြောက်ကား အသုံးပြုပြီး ဖြိုခွင်းဖို့ ကြိုးစားမယ့် လုပ်ရပ်အပေါ် ဗကသများအဖွဲ့ချုပ်
က မေးခွန်း ထုတ်ခဲ့ပါတယ်။ဗကသများအဖွဲ့ချုပ်ရဲ့ ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ
ကျော်ကိုကိုက “လက်နက်ဆန်းတွေပေါ့၊ နိုင်ငံခြားက ရောက်ရှိလာတဲ့ ရေသေနတ်
အမြှောက်တို့ ဘာတို့ဟာ ဖြိုခွဲမှုမှာ သုံးတယ်ဆိုတာ မှန်ပေမယ့် မြန်မာပြည်မှာ တခေါက်
မှ မသုံးဖူးသေးဘူး၊ ဆိုလိုတာက သမိုင်းတလျှောက်လုံးမှာ တခေါက်မှ မသုံးစွဲခဲ့တဲ့
လက်နက်တွေနဲ့ ကျောင်းသားထုကို ကန့်သတ်ဖြိုခွဲဖို့ဆိုတဲ့ သဘောထားကိုတွေ့ရတယ်၊
အမှတ် ၈ ရဲတပ်ရင်းဆိုတာကလည်း ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းမှာ ဖြိုခွင်း
ခဲ့တဲ့ အတွေအကြုံရှိတဲ့သူတွေပါနေတယ်၊ သူတို့ရဲ့ တပ်ဖွဲ့ကို သေချာပြင်ဆင်ထား
ပြီးတော့ ဖြိုခွဲဖို့ အတွက် စည်း ၃ တန် တားထားတယ်ဆိုတာမျိုးတွေ၊ ဒီစည်းကို
ကျော်ရင် ပစ်မယ်ဆိုတဲ့ စာသားတွေ ရေးထားတာမျိုးကိုတွေ့ရတယ်၊
ဒါဟာ ကျနော်တို့ သပိတ်တောင်းဆိုမှုတွေကို လစ်လျူရှုရာကြတယ် ”လို့ ပြောပါတယ်။
၁၁ ရက်ကြာ ရပ်နားထားတဲ့ ဒီမိုကရေစီ ပညာရေး ပင်မ သပိတ်စစ်ကြောင်းဟာ
ရန်ကုန်မြို့ကို ဦးတည်ပြီး ဆက်လက် ချီတက်ဖို့ ဒီကနေ့မနက် လက်ပံတန်းက
ထွက်ခွက်ခွာဖို့ပြင်ဆင်နေချိန်မှာ လက်ပံတန်းမြို့ အောင်မြေဗိမာန်ကျောင်းတိုက်ေ၇ှ့
ကို ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာပြီး ရဲကား ၇စီး၊ ရေကား၂စီးနဲ့ ပိတ်ဆို့
ဝိုင်းရံထား လိုက်ပါတယ်။
အခြေခံပညာ ကျောင်းသားတွေ စာမေးပွဲဖြေဆိုတာကို အနှောက်အယှက် မဖြစ်ဖို့နဲ့
ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက် အပေါ် လွှတ်တော်က
ဆုံးဖြတ်ချက်ချဖို့ စောင့်ဆိုင်းတဲ့အနေနဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း
ဟာ ဖေဖော်ဝါရီ ၁၉ ရက် စတင်ပြီး လက်ပံတန်းမြို့ အောင်မြေဗိမာန် ကျောင်းတိုက်
မှာ ရပ်နားနေခဲ့တာဖြစ်ပါတယ်။
၁၁ ရက်ကြာ ရပ်နားပြီး စောင့်ဆိုင်းခဲ့ပေမယ်လို့လဲ လွှတ်တော်တွင်း လုပ်ငန်းစဉ်တွေ
တိုးတက်မှု မရှိခဲ့တာကြောင့် သပိတ်စစ်ကြောင်းကို မတ် ၂ ရက် နံနက်ပိုင်းမှာ ပြန်လည်
စတင်ဖို့ တညီတညွတ်ထဲ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။အမျိုးသားပညာရေး ဥပဒေ
နဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ အဖြစ်နိုင်ဆုံး လိုက်လျောပေးခဲ့သလို လုပ်ထုံးလုပ်နည်း
နဲ့အညီ လွှတ်တော်မှာ တင်ပြ ဆွေးနွေးနေတုန်းဖြစ်တာကြောင့် ကျောင်းသားတွေ
အနေနဲ့ ဆန္ဒပြတာကို ရပ်ဆိုင်းထားရမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ
၂၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ကျောင်းသားတွေဖက်ကတော့ ဒါဟာ ဖိအားပေးခြိမ်းခြောက်တဲ့ လုပ်ရပ် ဖြစ်လို့
လက်မခံနိုင်ဘူး လို့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။
သတင်းဓါတ်ပုံ-DVB

0 အကြံပြုခြင်း: