Friday, March 13, 2015

ကျောင်းသားနဲ့ ပြည်သူတွေကို ပြန်တောင်းပန်ရမယ်



စည်သူအောင်မြင့်
မဇ္ဈိမ ဒီဂျစ်တယ် သတင်းစာ၊ ၁၂-၃-၁၅။

ခုဆိုရင် အစိုးရ ရဲတပ်ဖွဲ့က လက်နက်မဲ့ ဆန္ဒပြနေတဲ့ ကျောင်းသား ကျောင်းသူတွေကို အကြမ်းဖက် ရိုက်နှက် ဖမ်းဆီး လိုက်တဲ့ကိစ္စ မြန်မာ တစ်နိုင်ငံလုံးတင် မက ကမ္ဘာကပါ သိရှိသွားခဲ့ပါပြီ။ ရဲတပ်ဖွဲ့တွေရဲ့ လုပ်ရပ်နဲ့ ပါတ်သက်ပြီး ဗီဒီယို ဖိုင် နဲ့ ဓာတ်ပုံ အထောက်အထားတွေ ကိုယ်တွေ့ကြုံခဲ့ရသူတွေရဲ့ ပြောစကားတွေ ဘယ်လိုပဲ ခိုင်ခိုင်လုံလုံ ရှိပေမယ့် သမ္မတ ပြောခွင့်ရ ၀န်ကြီး ဦးရဲထွဋ် အပါအ၀င် အစိုးရ တာဝန်ရှိသူတွေကတော့ ရဲတပ်ဖွဲ့ဟာ ဥပဒေ လုပ်ထုံးလုပ်နည်း အတိုင်း လုပ်တာပါ ဆိုပြီး မျက်စေ့မှိတ် ဖာထေး ပြောဆိုနေကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာ ကတော့ အစိုးရ အဖွဲ့ တာဝန်ရှိသူတွေလို မျက်စေ့ ကန်းမနေကြပါဘူး။ ဒါကြောင့်လည်း လက်ပံတန်းမှာ ကျောင်းသားတွေကို အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခဲ့တဲ့ ကိစ္စကို ပြစ်တင်ရှုံ့ချကြသလို၊ ခုံရုံးဖွဲ့ပြီး ပြန်လည် စစ်ဆေးဖို့ တောင်းဆိုမှုတွေလည်း ရှိလာပါတယ်။ လက်ပံတန်း ဇာတ်လမ်း ဘာတွေ ဖြစ်ခဲ့ပြီး ဘယ်လို နိဂုံးချုပ်သွားပါသလဲ၊ ဒီ ဖြစ်ရပ်ကနေ ဘာတွေ သင်ခန်းစာ ယူနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
ဇာတ်လမ်းကတော့ အစိုးရဘက်ကနေ လွှတ်တော်တင်ပြီး အတည်ပြုပြဌာန်းလိုက်တဲ့ အမျိုးသား ပညာရေး ဥပဒေ က စပါတယ်။ အဲဒီ ဥပဒေ ပြဌာန်းနိုင်ရေး တက်တက်ကြွကြွ လှုပ်ရှား အကြံပေးကြသူတွေကတော့ ကျောင်းသားအဖွဲ့အစည်းတွေ၊ ပညာရှင်တွေ ပါဝင်စုဖွဲ့ထားတဲ့ NNER လို့ခေါ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ယက်ပဲ ဖြစ်ပါတယ်။ အစိုးရဟာ ဥပဒေကြမ်း ပြုစုစဉ်တုန်းက NNER ရဲ့ ပါဝင်မှုကို ရှောင်ဖယ် ရှောင်ဖယ် လုပ်ခဲ့သလို၊ အကြံပြုချက်တွေကိုလည်း လက်မခံ ဘေးဖယ်ထားခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံး ဥပဒေကြမ်းဟာ ဥပဒေအဖြစ် ထွက်ပေါ်လာပါတယ်။ အဲဒီ ထွက်ပေါ်လာတဲ့ အမျိုးသား ပညာရေး ဥပဒေ ကို ပြန်ပြင်ဆင်ပေးဖို့ ကျောင်းသားတွေ တောင်းဆိုရာကနေ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာရတာပါ။ ပြောရရင် အရင် စစ်အာဏာရှင်တွေ အဆက်ဆက် ပညာရေး စနစ် ဖျက်ဆီးတာကို ခံထားရတဲ့ ကျောင်းသားတွေက ပညာရေးစနစ် ကောင်းဖို့ ဆန္ဒပြကြရတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။ အခြား ဘာနိုင်ငံရေး ပရောဂ၊ ဘာ ရည်ရွယ်ချက်တွေမှ မပါပါဘူး။
ကျောင်းသားတွေဟာ ပညာရေး ဥပဒေ ပြုပြင်ပေးဖို့ ရက်တစ်ချို့ ဆန္ဒပြပြီးနောက် နောက်ထပ် ရက်ပေါင်း ၆၀ အချိန်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ရက်ပေါင်း ၆၀ ကာလ အတွင်း အစိုးရဘက်ကရော၊ လွှတ်တော်ဘက်ကရော ကျောင်းသားတွေရဲ့ တောင်းဆိုချက်ကို အလေးဂရု မပြုခဲ့ပါဘူး။ ဒီလိုနဲ့ မန္တလေးကနေ ရန်ကုန်ကို ချီတက် လမ်းလျောက် မယ်ဆိုတဲ့ ဆန္ဒပြပွဲ အစပြုလာခဲ့တာပါ။ နောက်ပိုင်း သပိတ်မှောက် ဆန္ဒပြတဲ့ ပင်မ ကျောင်းသား သပိတ်စစ်ကြောင်းကို ထောက်ခံတဲ့ အုပ်စုတွေ ဟိုမြို့ ဒီမြို့၊ ဟိုတိုင်း ဒီပြည်နယ်တွေကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ဒီအခါကျမှ အစိုးရနဲ့ လွှတ်တော်ဟာ ထိတ်ထိတ်ပြာပြာ ဖြစ်ပြီး ကျောင်းသားတွေ တောင်းဆိုတဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲ လုပ်ဖို့ လက်ခံလိုက်ရပါတယ်။ အစိုးရ၊ လွှတ်တော်၊ NNER နဲ့ ကျောင်းသား ကိုယ်စားလှယ်တွေပါ။ ဆွေးနွေးပွဲ နှစ်ကြိမ်လုပ်ပြီးနောက် လေးပွင့်ဆိုင် သဘောတူညီထားတဲ့ ပြင်ဆင်ချက် ဥပဒေကြမ်းတစ်ခု၊ ဥပဒေကြမ်းကို ဥပဒေ ဖြစ်လာအောင် ပါဝင်သူတွေက ကူညီ ပံ့ပိုးကြမယ် ဆိုတဲ့ ကတိတစ်ခု၊ ပညာရေး ဥပဒေ ပြင်ဆင်ဖို့ ဆန္ဒပြတဲ့ ကျောင်းသားတွေကို အစိုးရက အရေးယူခြင်း မပြုပါဘူး ဆိုတဲ့ ကတိတစ်ခု ရရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဒီ ကတိက၀တ်တွေနဲ့ ပတ်သက်ပြီး ကျောင်းသားတွေ ဘက်က အပြည့်အ၀ ယုံကြည်မှု မရှိပါဘူး။ ဒါကြောင့် သပိတ်လှန်တာမျိုး မလုပ်သေးပဲ စောင့်ကြည့်ဦးမယ် ဆိုတဲ့ အနေအထားမျိုး ပြင်ဆင်လာကြပါတယ်။
ကျောင်းသားတွေ ထင်တဲ့အတိုင်းပါပဲ။ အစိုးရရော၊ လွှတ်တော်ကပါ ကတိက၀တ် ကိုဖေါက်ဖျက်ပါတယ်။ အစိုးရဟာ အရင် ဥပဒေတွေတုန်းက တစ်ကြိမ်တစ်ခါမှ မလုပ်ဖူးပါပဲ အခု ဥပဒေကြမ်းကျမှ ကိုအောင်မှိုင်းဆန်း၊ ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်း တို့ရေးထားတဲ့ ဥပဒေကြမ်းသဖွယ် ပုံဖော်၊ ဘုန်းတော်ကြီးတွေနဲ့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေကို သွေးထိုးလှုံ့ဆော်ပြီး ကြေငြာချက်တွေ ထုတ် ကန့်ကွက်ခိုင်း၊ ဆောင်းပါး ပေါင်းစုံ အစိုးရပိုင် သတင်းစာတွေမှာထည့် စသဖြင့် ညစ်ပတ်တာမျိုး လုပ်လာပါတယ်။ အလားတူ အမျိုးသား လွှတ်တော်ဘက်ကလည်း ဟန်ချက်ညီညီ ဥပဒေကြမ်း ကြားနာပွဲတွေ စ လုပ်ပြီး အချိန်ဆွဲ ပညာပြဖို့ လုပ်လာပါတယ်။ အလွန် အောက်တန်းကျတဲ့ ပါတီခေါင်းဆောင် ဆိုသူ တစ်ချို့ကို သူတို့ရဲ့ ခန်းနားလှတဲ့ လွှတ်တော် အဆောက်အဦထဲ ပင့်ဖိတ်ပြီး ပြင်ဆင်ချက် ဥပဒေကြမ်း မကောင်းကြောင်း ပြောဆိုစေပါတယ်။ တကယ်တော့ ဒီ လုပ်ရပ်တွေဟာ အရင် စစ်အာဏာရှင်ခေတ်က လုပ်ခဲ့ ကိုင်ခဲ့တဲ့ ညစ်ပတ်တဲ့ လုပ်ရပ်မျိုးတွေ အတိုင်းပါပဲ။ တည်ကြည်လေးနက်မှုမရှိတဲ့၊ ပေးပြီးသား ကတိမတည်တဲ့ လုပ်ရပ်မျိုးတွေပဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကြောင့် ကျောင်းသားတွေ ရန်ကုန်ချီတက်ရေး ဆက် ကြိုးစားလာပြီး လက်ပံတန်း ပိတ်ဆို့မှုကြီး ဖြစ်ပေါ်လာတာပါ။
တကယ်တော့ ကျောင်းသားတွေဘက်က တောင်းဆိုတဲ့ ကားနဲ့ ရန်ကုန်သွားမယ်၊ ရွှေတိဂုံစေတီတော် ဒါမှမဟုတ် သမဂ္ဂ အဆောက်အဦရှိရာ ရန်ကုန်တက္ကသိုလ် တစ်နေရာရာ ရောက်ရင် အခန်းအနားလေး တစ်ခု ကျင်းပပြီး လူစုခွဲ၊ နေအိမ်ပြန် လွှတ်တော်ကို စောင့်ကြည့်ကြမယ် ဆိုတဲ့ တောင်းဆိုချက်ဟာ အစိုးရဘက်က ညှိနှိုင်းပေးမယ် ဆို ညှိနှိုင်း လိုက်လျောပေးလို့ ရနိုင်တဲ့ အနေအထားမျိုးပါ။ ဒါပေမယ့် စောစောက ပြောခဲ့သလိုပါပဲ။ အစိုးရ အာဏာပိုင်တွေဟာ ငါတို့ကို အံမတုနဲ့ တစ်သက်လုံး အလျော့မပေးလာတာ အခုလည်း အလျော့မပေးနိုင်ဘူး ဆိုတဲ့ မူကို ဆုတ်ကိုင်ထားပြီး အဲဒီအတိုင်း ပြုမူခဲ့ပါတယ်။
တကယ်တော့ လက်ပံတန်း ကျောင်းသားသပိတ် နောက်ဆုံး အခြေအနေကိုကြည့်ရင် ဆန္ဒပြ ကျောင်းသားကျောင်းသူက အယောက် ၆၀-၇၀ ၀န်းကျင်လောက်ရှိပါတယ်။ ခရီးဝေးကနေ လမ်းလျောက်လာကြရတာ၊ နေ့စဉ် နေပူထဲ ထိုင်နေရတာ ညဘက် လမ်းပေါ်မှာ အိပ်နေရတာ စတဲ့ အကြောင်းကြောင်းကြောင့် အလွန်အားနည်းနေတဲ့ အုပ်စု တစ်စုပါ။ လက်နက်ဆိုလို့ အပ်တို တစ်ချောင်းမှ ကိုင်မထားသလို အင်ပြည့်အားပြည့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်ဖို့ အကြံရှိတဲ့ ရူးမိုက်တဲ့သူလည်း တစ်ယောက်မှ မပါပါဘူး။ ရန်ကုန်သွားဖို့ ကြိုးစားမယ်၊ မရရင် အဖမ်းခံရမယ် ဆိုတာ အားလုံးသိထားကြပြီးသားပါ။ ရဲတပ်ဖွဲ့ဘက်မှာတော့ အယောက် ၃၀၀ ကျော်အင်အားရှိတယ်လို့ တာဝန်ရှိ ရဲမှူး တစ်ယောက်က ပြောပါတယ်။ တကယ့် အဖြစ်မှန် ဒီထက်လည်း များနိုင်ပါတယ်။ ရေအမြှောက်ကားတွေ၊ အချုပ်ကားတွေ၊ တုတ်တွေ၊ ဒိုင်းတွေ၊ မီးခိုးဗုံးသေနတ်တွေ၊ သေနတ်တွေ အပြည့်အစုံ ရှိပါတယ်။
ပြောရရင် အဲဒီ ကျောင်းသားအုပ် ပြိုကွဲသွားအောင် လွယ်လွယ်ကူကူ လုပ်နိုင်ပါတယ်။ လူတွေကို ဖမ်းချင်သပ ဆိုရင်လည်း တုတ်မကိုင်ပဲ တစ်ယောက်ကို ရဲ ဆယ်ယောက်လောက် ဖမ်းချုပ်ရင်လည်း ရပါတယ်။ ဘာမဆို လုပ်လို့ ရနိုင်ပါလျက်နဲ့ ကျောင်းသားတစ်ယောက်စီကို ရဲ ၁၀ ယောက်လောက်က ရက်ရက်စက်စက် ၀ိုင်းရိုက်တာမျိုး လုပ်ခဲ့ကြပါတယ်။ မဆီမဆိုင် ကားမှန်တွေ ရိုက်ခွဲ၊ သူနာပြု ကားကိုတောင် ဖျက်ဆီးတာမျိုး လုပ်ခဲ့ကြပါတယ်။ ဆိုးတာကတော့ မြေပေါ်ကျနေတဲ့ ကျောင်းသား သမဂ အလံကို ခြေထောက်နဲ့ အကြိမ်ကြိမ် နင်းချေပြတာပါ။ နောက်ထပ် ဆိုးတာက သတင်းရယူနေတဲ့ သတင်းသမားတွေကို လိုက်လံ ရိုက်နှက် ဖမ်းဆီးတာမျိုးပါ။ ရဲတွေဟာ ယူနီဖေါင်းဝတ်ထားတဲ့တိုင် ဒီ လုပ်ရပ်တွေဟာ ဥပဒေနဲ့ အညီ လုပ်ရတာပါလို့ ဘယ်လိုမှ မသတ်မှတ်နိုင်ပါဘူး။ ဒါကြောင့် ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်ပါတယ်။ ဒီ ဖြစ်စဉ်ကြီး တစ်ခုလုံးအပေါ်မှာရော ရဲတွေရဲ့ လက်ပံတန်းမှာ လုပ်ကိုင်ခဲ့တာကိုပါ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့ပြီး စုံစမ်းခိုင်းဖို့ လိုတဲ့အပြင် အစိုးရအနေနဲ့ ကျောင်းသားနဲ့ ပြည်သူတွေကိုလည်း ပြန်တောင်းပန် သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

0 အကြံပြုခြင်း: