Monday, March 9, 2015

အငြင်းပွားမြေနေရာပေါ်တွင် တရုတ်နိုင်ငံဘက်မှ ငုတ်တိုင်များ လာရောက်စိုက်ထူ


အင်းဝ မီဒီယာ
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် အငြင်းပွားမြေနေရာပေါ်တွင် တရုတ်နိုင်ငံဘက်မှ တံတားဆောက်ရန်ဟုဆိုကာ မြေတိုင်းတာမှုများ ပြုလုပ်၍ ငုတ်တိုင်များ လာရောက်စိုက်ထူ
မူဆယ်၊ မတ် ၄။
တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ် အငြင်းပွားမြေနေရာတွင် ပါဝင်သည့် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ စယ်ဟိုင်းကျေးရွာအုပ်စု၊ ကောင်းဆုန်ကျေးရွာ ကူးတို့ဆိပ်အနီးတွင် တရုတ်နိုင်ငံဘက်မှ တံတားဆောက်ရန်ဟု ဆိုကာ မြေတိုင်းတာမှုများ ပြုလုပ်၍ ငုတ်တိုင်များ လာရောက် စိုက်ထူခဲ့ကြောင်း ဒေသခံများက ပြောသည်။ မတ်လ(၂)ရက်နေ့က တရုတ်-မြန်မာနယ်စပ်ရေးရာ ဆက်ဆံရေးအဖွဲ့မှ မခင်ဖြူဝင်း (တရုတ်နိုင်ငံသူ)က ဦးဆောင်သည့် အဖွဲ့မှ တိုင်းတာမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
" မနက်ပိုင်းမှာ လာတိုင်းတယ်၊ နေ့လည်ထမင်းစားပြီး အုတ်တိုင်တွေ လာစိုက်တယ်၊ သူတို့ပြောတော့ ဒါတရုတ်မြေမို့ တံတားဆောက်ဖို့ စီမံကိန်းအတွက် တိုင်းတာ၊ နောက်နှစ်ဆို တံတားဆောက်မယ်လို့ပြောတယ်၊
ကျွန်တော်ကတော့ ဒီမြေက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ပိုင်နက်မြေဖြစ်တယ်၊ တာဝန်ရှိသူတွေကို ပြောပြီးမှ လုပ်ပါလို့ဆိုပြီး တားခဲ့တယ်” ဟု ကောင်းဆုန်ကျေးရွာမှ ကိုအိုက်စိုင်းမှ ပြောသည်။
ထိုသို့လာရောက်တိုင်းတာရာတွင် မြန်မာနိုင်ငံဘက်အခြမ်းရှိ တာဝန်ရှိသူများအား အသိပေးခဲ့ခြင်း မရှိကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။
" နှစ်နိုင်ငံအငြင်းပွားနေတဲ့ မြေဖြစ်နေတယ်၊ တိုင်းတာမှုလုပ်တာကိုလည်း အသိမပေးဘူး၊ နိုင်ငံတော်အဆင့် လုပ်ငန်းဖြစ်နေလို့ နိုင်ငံတော်အဆင့်ကို တင်ပြပြီးမှလုပ်ဖို့ပြောလိုက်တယ်။ လက်ရှိမှာ အငြင်းပွားမြေနေရာ
လည်းဖြစ်နေတော့ ဘာမှဆက်မလုပ်ဖို့ ပြောထားပါတယ် " ဟု မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ပြောသည်။
လက်ရှိတံတားဆောက်ရန် တရုတ်နိုင်ငံဘက်မှ လာရောက် တိုင်းတာသည့် နေရာမှာ ၂၀၁၄ ခုနှစ် မေလ(၂၈)ရက်နေ့နှင့် (၃၀)ရက်နေ့အထိ တရုတ်နိုင်ငံက နယ်ခြားစည်းမျဉ်း တိုင်းတာခဲ့သည့် နှစ်နိုင်ငံအငြင်းပွား မြေ နေရာတွင် ပါဝင်သည့် ကုန်းဆာကျေးရွာ ကူးတို့ဆိပ်အနီးတွင် ဖြစ်နေပြီး အဆိုပါကူးတို့ဆိပ်မှ နှစ်နိုင်ငံတရားမ၀င် ကုန်ပစ္စည်းများ အပြန်အလှန်ပို့ဆောင်နေသည့် နေရာတစ်ခုလည်းဖြစ်ကြောင်း သိရှိရသည်။
တရုတ်-မြန်မာနှစ်နိုင်ငံ နယ်ခြားစည်းမျဉ်းအား ပထမအကြိမ်ဖြင့် ၁၉၆၀ ခုနှစ်တွင် တိုင်းတာခဲ့ပြီး ဒုတိယအကြိမ်ဖြင့် ၁၉၈၅ ခုနှစ်တွင် ထပ်မံ တိုင်းတာမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

စိုင်းကံသာ (လာရှိုး)

0 အကြံပြုခြင်း: