Monday, February 2, 2015

ခွက်ခြင်းလည်းမတိုက် ဒုန်းယိမ်းလည်း မကဘူး

“ကျနော်က သပိတ်ရပ်နားမည့်ကိစ္စကို ခင်ဗျားတို့ ဈေးဆစ်လို့ သပိတ်ရပ်နားမည်လို့ ရေးခဲ့တာပဲ…
ကျနော်က တော်တော်လေး ကြိုစားပြီး ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်…
ဒါကို လူကြီးတွေကလည်း စတင်တဲ့နေ့မှာ သပိတ်ရပ်ဆဲမည် ဆိုတာကို ဒီတိုင်းပဲ နားလည်ထားတယ်။ ကျနော့်ဘက်က ခိုင်ခိုင်မာမာ ပြောတာက ဒီနေ့ ဆွေးနွေးပွဲ စတင်ပြီ…
နောက်ထပ်လည်း ဆွေးနွေးပွဲ ဆက်လုပ်ဖို့လည်း ကျနော်တို့ ဆုံးဖြတ်ပြီးပြီ…
အဲဒါကြောင့်မလို့ သပိတ်လှန်ပါလို့ပဲ ကျနော်က ပြောချင်တယ်”

(၀န်ကြီး ဦးအောင်မင်း)

_______________________________

“ကျမတို့ သမဂ္ဂတွေ အနေအထားကတော့ သပိတ်ကို လှန်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး…
နောက်တခုက ကျောင်းသားသပိတ်တွေကြောင့်မို့ ဆွေးနွေးပွဲ ပေါ်လာတာဖြစ်တယ်…
ဆွေးနွေးပွဲရလဒ်က ဘယ်လောက်တောင်မှ တောင်းဆိုချက်တွေ အပေါ်မှာ ပေးနိုင်မလဲ… ဘယ်လောက်တောင်မှ ကျမတို့ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ထည့်သွင်းပေးနိုင်မလဲဆိုတာက ဆက်ပြီးတော့ စောင့်ကြည့်ရဦးမယ့် အနေအထားမှာ သပိတ်ကတော့ ဆက်ပြီးတော့ ရှိနေမှာပါ… ဖိအားတခုအဖြစ်ပေါ့နော်…

သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စီတန်းပြီး ပညာရေးဥပဒေမှာ သူတို့လိုချင်တဲ့အချက်တွေကို ဆန္ဒထုတ်ဖော်နေတာဖြစ်ပါတယ်… ဒီမိုကရေစီအလေ့အကျင့်မှာ ဒါ ပြောပလောက်တဲ့ ကိစ္စတော့မဟုတ်ဘူးပေါ့နော်…
တကယ် ဒီမိုကရေစီ ဆိုရင်”

မဖြိုးဖြိုးအောင် (ဒီမိုကရေစီပညာရေးဦးဆောင်ကော်မတီဝင်)




Ashin Pan
တက္ကသိုလ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဘယ်လိုပေးမလဲ...
==========================
"ချက်ချင်း အခုအချိန်မှာ ချုပ်ကိုင်မှု လျှော့ချလိုက်တယ် ဆိုပါစို့။ အရင် အာဏာရှင် စနစ်က စနစ်တွေ၊ လူတွေ၊ ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေ၊ ကထိက ကအစ၊ ခြစားတာတွေက အစ၊ အားလုံး ဒီအတိုင်းပဲ ပါသွားလိမ့်မယ်။ အဲဒီတော့ ကျွန်မ ပြောမယ်၊ မနက်ဖြန် သန်ဘက်ခါ ဒီအတိုင်းပဲ၊ ကျောင်းသားအများတောင်းဆို လို့ တက္ကသိုလ်တွေကို လုံးဝ လွှတ်ပေးလိုက်တယ် ဆိုပါစို့၊ မြစ်ကြီးနားတို့ ပခုက္ကူတို့ ကျိုင်းတုံတို့က ဆရာတွေ၊ ဆရာမတွေ အလုပ်ထွက်ရင်လဲ ထွက်မယ်၊ မထွက်ရင်လဲ ဆန္ဒ ပြလိမ့်မယ်။ ဘာကြောင့်တုံး ဆို သူတို့ကို စခန့်ကတည်း ကိုက ပွင့်လင်းမြင်သာစွာနဲ့ ခန့်ထားတာ မဟုတ်ဘူး၊ ဒီ transfer တွေ ရာထူးပြောင်းရွှေ့ခန့်ခြင်းတွေ... ရာထူးတိုးခြင်းလဲ ဒီအတိုင်းပဲ..." (Credit to Dr. Yin Yin Nwe, DVB Debate)

အားနာနာနဲ့ပဲ ပြောရတော့မှာ။ ဆရာမကြီးလို ပုဂ္ဂိုဟ်မျိုးက တက္ကသိုလ်တွေကို ဗဟိုချုပ်ကိုင်မှုကနေ စနစ်တကျ လျော့ဖြေတဲ့နည်းတွေ ရှိပါရက်နဲ့ တကယ် မသိတာလား။ သိရက်နဲ့ ဖုံးဖုံးဖိဖိ လုပ်ထားသလား ဆိုတာ ဆရာမကြီး ကိုယ့်ကိုယ်ကို အသိဆုံး ဖြစ်ပါလိမ့်မယ်။  ဘာပဲဖြစ်ဖြစ် အများသိအောင် ဒီနေရာမှာ ရေးပြလိုက်ပါတယ်။  
အစိုးရ လက်အောက်က တက္ကသိုလ်တွေကို လွှတ်ပေးတယ်ဆိုတာ ဆရာတွေကို ခေါ်ပြီး "ကဲ..ကဲ...ခင်ဗျားတို့ ကိုယ့်ဟာကိုယ် အုပ်ချုပ်ကြတော့" ဆိုပြီး လွှတ်ပေးရတာမျိုး မဟုတ်ဘူးဗျ။ အဲဒီလို လွှတ်ပေးနိုင်ဖို့ လိုအပ်တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့် ရှိသေးတယ်။
၁) ပထမအဆင့်မှာ တက္ကသိုလ် ကောလိပ် အသီးသီးဟာ ကိုယ့်တက္ကသိုလ်အလိုက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (constitution) တွေကို မူကြမ်းရေးဆွဲကြရပါမယ်။ အဲသလို ရေးဆွဲတဲ့အခါ နိုင်ငံတကာ တက္ကသိုလ်တွေကို နမူနာ ယူပြီး ဆရာ ဆရာမတွေ၊ ကျောင်းသားတွေရဲ့ အကြံဥာဏ်တွေကိုလဲ ထည့်သွင်းစဉ်းစား ရေးဆွဲရပါမယ်။ 
၂) အဲဒီလို မူကြမ်းဆွဲပြီး ပညာရေးဝန်ကြီးဌာနကို တင်ပြရမယ်။
၃) အဲဒီမူကြမ်းတွေကို ဝန်ကြီးဌာနက ကိုယ်တိုင် စိစစ်သလို  အများပြည်သူသိအောင်လဲ ထုတ်ပြန်ပြီး ပြည်သူတွေရဲ့ အသံကို နားထောင်ရမယ်။ အဲသလို စီစစ်လို့ တက္ကသိုလ် ကောလိပ် အဆင့်မှီတယ် ဆိုရင် အစိုးရ လက်အောက်က အဲဒီတက္ကသိုလ်၊ ကောလိပ်ကို လွှတ်ပေးလိုက်ရပါမယ်၊ အဲဒီအချိန်မှာ ဒီဥပဒေ မူကြမ်းဟာ အသက်ဝင်လာပြီး သီးခြားရပ်တည်တဲ့ တက္ကသိုလ်၊ ကောလိပ် ဖြစ်လာပြီပေါ့။  
ဒီလို ဖွဲ့စည်းပုံ ဥပဒေတွေဟာ တက္ကသိုလ် တခုနဲ့ တခု မတူကြဘူး ဆိုပေမယ့် တူညီတဲ့ အခြေခံသဘောတွေတော့ ရှိပါတယ်။ အဲဒါတွေက...
၁) တက္ကသိုလ်ထဲက ပါမောက္ခ၊ ဌာနမှူးတွေ အဖွဲ့ဝင်အနေနဲ့ ပါဝင်တဲ့ တက္ကသိုလ်လွှတ်တော် (senate) ကို ဖွဲ့စည်းရပါမယ်။ တက္ကသိုလ်ရဲ့ (နိုင်ငံရေးစကားနဲ့ ပြောရင်) အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုအာဏာ (၃)ရပ်လုံးဟာ တက္ကသိုလ်လွှတ်တော်မှာ တည်ပါတယ်။ ဒီလွှတ်တော်ကပဲ ပါမောက္ခချုပ်ကအစ၊ နည်းပြဆရာအဆုံး ခန့်တာ၊ ဖြုတ်တာ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲတာ၊ စာမေးပွဲစစ်တာ၊ ဘွဲ့ဒီဂရီပေးတာ အားလုံးကို လုပ်ပိုင်ခွင့် အာဏာရှိပါတယ်။ 
အဲ...ဒီလွှတ်တော်ထဲမှာ နည်းပြတို့၊ လက်ထောက်ကထိကတို့လို ဆရာ အငယ်တွေ မပါပါဘူး။ မော်ကွန်းထိန်းကစလို့ ရုံးလုပ်ငန်းဆောင်ရွက်တဲ့ ဝန်ထမ်းအဆင့်ဆင့်လဲ မပါပါဘူး။ ကျောင်းသား ကိုယ်စားလှယ်တွေလဲ မပါပါဘူး။ ဘယ်လို တက္ကသိုလ်မျိုးမှာမှ အုပ်ချုပ်ရေး၊ သင်ကြားရေး ဆောင်ရွက်တဲ့ အရာရှိတွေ၊ ဆရာတွေကို ရွေးချယ် တင်မျြောက်ခွင့် ကျောင်းသားတွေကို ပေးမထားပါဘူး။ 
ဒါဆိုရင် ဒီလွှတ်တော်က အာဏာရှင် ဖြစ်မသွားဘူးလားလို့ မေးစရာ ရှိပါတယ်။ အဲသလို မဖြစ်အောင် လွှတ်တော်ထဲ ပါခွင့်မရသူတွေအတွက် သမဂ္ဂတွေ အသီးသီး ဖွဲ့စည်းပိုင်ခွင့်ကို တက္ကသိုလ်ဖွဲ့စည်းပုံဥပဒေက အာမခံချက်ပေးရပါတယ်။ ဘယ်လို သမဂ္ဂတွေလဲ ဆိုတော့ ...    
၁။ လွှတ်တော်ထဲ မပါရတဲ့ ဆရာတွေက သူတို့ အခွင့်အရေးကို ကာကွယ်ဖို့ ဆရာသမဂ္ဂ ဖွဲ့ကြပါလိမ့်မယ်။ 
၂။ မော်ကွန်းထိန်းနဲ့တကွ ရုံးဝန်ထမ်းအဆင့်ဆင့်က ဝန်ထမ်းသမဂ္ဂ ဖွဲ့ကြပါလိမ့်မယ်။ 
၃။ ကျောင်းသားတွေက ကျောင်းသား သမဂ္ဂ ဖွဲ့ကြပါလိမ့်မယ်။ 
အဲဒီသမဂ္ဂတွေမှာ တက္ကသိုလ်ရဲ့ အာဏာ (၃)ရပ် တခုမှ မရှိပါ၊ ဒါပေမယ့် အလုပ်မဆင်း၊ ကျောင်းမတက်ဘဲ သပိတ်မှောက်ခွင့်၊ ဆန္ဒပြခွင့်တော့ ရှိပါတယ်။ ဒီအခွင့်အရေးကို သုံးပြီး သူတို့ရသင့်ရထိုက်တာကို တိုက်ယူလို့ ရပါတယ်။ ဒါက တက္ကသိုလ် အာဏာပိုင်အဖွဲ့ကို တက္ကသိုလ်အတွင်းကပဲ ပြန်လှန်ထိန်းညှိထားတာပါ။ 
အပြင်က ထိန်းတာလဲ ရှိပါသေးတယ်။ အဲဒါတွေက ...
၁။ အစိုးရပါ။ သီးခြားရပ်တည်တဲ့ တက္ကသိုလ်၊ ကောလိပ်တွေကို စဉ်ဆက်မပြတ် စစ်ဆေး အကဲဖြတ်ဖို့ ပညာရေးဝန်ကြီးဌာနက မူဘောင်တွေကို ချမှတ်ရပါတယ်၊ accreditation လို့ ခေါ်ပါတယ်။ သီးခြားလွတ်လပ်တဲ့ တက္ကသိုလ်၊ ကောလိပ်တွေ က သင်ရိုးညွှန်းတမ်းတွေကို ကြိုက်သလို ရေးဆွဲသင်ကြားနေကြတယ် ဆိုပေမယ့် ဆရာတွေ အဆင့်အတန်း မှီရဲ့လား၊ သင်ကြားပို့ချပုံ အဆင့်မှီရဲ့လား၊ ကျောင်းသားတွေ လိုအပ်တဲ့ ဓါတ်ခွဲခန်း၊ စာကြည့်တိုက်စတဲ့ သင်ထောက်ကူ ပစ္စည်းတွေ လုံလောက်ရဲ့လားဆိုတာကို အကဲဖြတ်တာပါ။ 
အဲဒီလို အကဲဖြတ်တဲ့ မူတွေကိုလဲ အများပြည်သူသိအောင် ထုတ်ပြန်ထားရပါတယ်။ ဒါမှ မီဒီယာနဲ့ ပြည်သူတွေက ဝန်ကြီးဌာန လုပ်ပုံ မှန်မမှန် စစ်ဆေးထိန်းညှိနိုင်မှာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနက လုပ်ပုံ ဟန်မကျရင် ဝေဖန်ကြရုံမက ပညာရှင်တွေ ပါဝင်တဲ့ NGO တခုခုက ကိုယ်ပိုင် accreditation မူတွေ ရေးဆွဲပြီး အပြိုင် အကဲဖြတ်နိုင်ပါတယ်။
အဲသလို အကဲဖြတ်လို့ အဆင့်မှီတယ်ဆိုမှ ကျောင်းသားအရေအတွက်၊ ဆရာ ဆရာမ အရေအတွက်၊ သင်ကြားပို့ချတဲ့ ဘာသာရပ်တွေရဲ့ သဘောသဘာဝတွေကိုပါ ထည့်သွင်းစဉ်းစားပြီး ဘတ်ဂျက်ထဲက ဝေပုံကျ ပိုက်ဆံချပေးရမျာ ဖြစ်ပါတယ်။ ဒီအလုပ် လုပ်ဖို့ တက္ကသိုလ်တွေကပဲ ရွေးချယ်တင်မြှောက်တဲ့ ပညာရှင်တွေ ပါဝင်တဲ့ University Grant Commision ကို ဖွဲ့စည်းပေးရပါတယ်။ ငွေရေးကြေးရေးဆိုတာ အတိမ်းအစောင်း မခံတဲ့ ကိစ္စ ဖြစ်လို့ အစိုးရက အမုန်းခံပြီး မလုပ်တော့ဘဲ "ဒီနှစ်မှာ တက္ကသိုလ်၊ ကောလိပ်တွေ အတွက် ဘတ်ဂျက် ဘယ်လောက်ရတယ်၊ အဲဒါကို ခင်ဗျားတို့ ကိုယ့်ဟာကိုယ် ဝေယူကြ" ဆိုတဲ့ သဘောပါပဲ။
အဲ... accreditation အဆင့်မမှီရင် ပိုက်ဆံ မပေးဘူးပေါ့ဗျာ၊ ရှင်းရှင်းလေးပဲ။ ဒီနည်းနဲ့ အစိုးရက တက္ကသိုလ်တွေကို ထိန်းကျောင်းပါတယ်။
၂။ တက္ကသိုလ် လွှတ်တော်ရဲ့ အပြင်ဖက်မှာ တက္ကသိုလ် ဂေါပက အဖွဲ့ (board of trustees) ဆိုတာ ရှိပါသေးတယ်။ ဒီအဖွဲ့ထဲမှာ ဥပမာ...ကျိုင်းတုံတက္ကသိုလ် ဆိုရင် ရှမ်းပြည်နယ်တောင်ပိုင်းအတွက် ရည်ရွယ်ဖွဲ့ထားတာ ဖြစ်လို့ ဒီဒေသက လူရိုသေ၊ ရှင်ရိုသေ ပုဂ္ဂိုလ်တွေကို ထည့်ထားနိုင်ပါတယ်။ ရည်ရွယ်ချက်ကတော့ အစိုးရပေးတဲ့ ပိုက်ဆံတခုတည်းနဲ့ တက္ကသိုလ် အဆင့်မှီအောင် လုပ်ဖို့ မလွယ်တဲ့အတွက် ဒေသခံ သူဌေးတွေအိပ်ထဲက ပိုက်ဆံနှိုက်ဖို့ ဖြစ်ပါတယ်။
အဲသလို ပိုက်ဆံနှိုက်လို့ ရဖို့ ဆိုတာလဲ ဒီဒေသခံ ပြည်သူတွေ ကိုယ်တိုင်က "ဒါ ငါတို့ တက္ကသိုလ်၊ ငါတို့ သားသမီးတွေကို ပညာတတ် လူရာဝင်အောင် လုပ်ပေးမယ့် တက္ကသိုလ်" ဆိုတဲ့ စိတ်မျိုး ရှိလာဖို့ လိုပါတယ်။ ဒါကြောင့် လူရိုသေ၊ ရှင်ရိုသေ ပုဂ္ဂိုလ်တွေကို ထည့်ထားရတာပါ။ အင်မတန် ပိုက်ဆံ အကုန်များတဲ့ ဥပမာ... အဆောက်အအုံ အသစ်ဆောက်တာ၊ ဌာနအသစ် ဖွင့်လို့ ဆရာ ဆရာမတွေ အများကြီး တိုးခန့်ရတာ ဆိုတဲ့ ကိစ္စတွေမှာ ဂေါပက အဖွဲ့ရဲ့ ခွင့်ပြုချက်လိုပါတယ်။ 
ဒါတင်မကသေးဘူး။ ဂေါပကအဖွဲ့ကတဆင့် ဒေသခံ ပြည်သူတွေက တောင်းဆိုချက်အရ ပညာရေး မူဝါဒ ပြောင်းလဲပေးရလာတာမျိုးလဲ ရှိနိုင်ပါတယ်။ ဥပမာ... ကျိုင်းတုံတက္ကသိုလ်ဆိုရင် ရှမ်းကျောင်းသား၊ ကျောင်းသူတွေ အများစု ပညာသင်ကြားတဲ့ နေရာဖြစ်လို့ ရှမ်းဘာသာနဲ့ စာပေဌာန ဖွင့်ပေးဖို့ တောင်းဆိုလာနိုင်ပါတယ်။ လိုအပ်တဲ့ ဘတ်ဂျက်နဲ့ ပညာရှင် ရှာလို့ ရမယ်ဆိုရင် တက္ကသိုလ်ကလဲ လုပ်ပေးရမှာပဲ။ 
ဒါက တက္ကသိုလ် အာဏာပိုင် အဖွဲ့ကို ဒေသခံ ကျောင်းသားမိဘတွေက ဂေါပကအဖွဲ့က တဆင့် ထိန်းကျောင်းပုံ ဖြစ်ပါတယ်။ 
အဲဒီလို အခြေအနေ ရောက်ပြီ ဆိုတဲ့အချိန်မှာ ဥပမာ...ကျိုင်းတုံ တက္ကသိုလ်က ဆရာတွေမှာ ရတဲ့ လခနဲ့ နေဖို့၊ စားဖို့ မလောက်ငတဲ့အတွက် လခ တိုးစေချင်တယ် ဆိုရင် တက္ကသိုလ် လွှတ်တော်ကို တောင်းဆိုရမှာပါ၊ အစိုးရနဲ့ မဆိုင်တော့ဘူး။ တက္ကသိုလ်ကလဲ ဂေါပက အဖွဲ့နဲ့ ညှိပြီး အဆင်အပြေဆုံး ဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။ တက္ကသိုလ်ရဲ့ ဘဏ္ဍာရေး တောင့်ရင် တောင့်သလို ကျိုင်းတုံတက္ကသိုလ်က ကထိက တယောက်ရဲ့ လခဟာ ရန်ကုန်တက္ကသိုလ်က ပါမောက္ခထက် ပိုချင် ပိုသွားနိုင်တာပဲ။ 
ဒါဟာ တက္ကသိုလ်တွေကို စနစ်တကျ ဖြေလွှတ်ပုံ ဖြစ်ပါတယ်။ ဝေဖန်ဖို့နဲ့ စဉ်းစားဖို့ပါ။ 


0 အကြံပြုခြင်း: