Monday, February 16, 2015

( ဝှိုက်ကတ်) ကိုင်ဆောင်ထားသူများ ဆန္ဒမဲပေးခွင့်ပြု ခြင်းအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိခုံရုံး အကြောင်းပြန်

Eleven Media Group
ယာယီသက်သေခံလက်မှတ် ( ဝှိုက်ကတ်) ကိုင်ဆောင်ထားသူများ ဆန္ဒမဲပေးခွင့်ပြု ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိဟု လွှတ်တော်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အကြောင်းပြန်

ယာယီသက်သေခံလက်မှတ် ( ဝှိုက်ကတ်) ကိုင်ဆောင်ထားသူများ ဆန္ဒမဲပေးခွင့်ပြု ခြင်းသည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ပြည်ထောင်စုလွှတ်တော်သို့ ဖေဖော်ဝါရီ ၁၆ ရက်တွင် အကြောင်းပြန်ကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်မှ ဖေဖော်ဝါရီ ၁ဝ ရက်တွင် အတည်ပြု ပြဠာန်းခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ ပုဒ်မ ၁၁ ပုဒ်မခွဲ (က) ပါ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည်ဟူသည့် ပြဠာန်းချက်အား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ မညီ ပြည်ထောင်စုလွှတ်တော်မှ ခုံရုံးသို့ သဘောထား တောင်းခံခြင်းအပေါ် ယခုကဲ့သို့ ပြန်ကြားခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဝှိုက်ကတ် ကိုင်ဆောင်ထားသူများ မဲပေးခွင့်ပြုသင့်သည်ဟု နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ကို ပြည်ထောင်စုလွှတ်တော်က မဲခွဲပြီး အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံအတွင်း အသက် ၁၈ နှစ် ပြည့်သော လူများအနက် ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ထုတ်ပေးထားသူ စုစုပေါင်း ၅၉ဝ,ဝ၁၆ ယောက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားထားသည်။ အဆိုပါ ယာယီသက်သေခံလက်မှတ်အများစုကို ရခိုင်ပြည်နယ်တွင်ရှိသည့် ဘင်္ဂါလီလူမျိုးများကို ထုတ်ပေးထားသည်။

ယာယီသက်သေခံလက်မှတ် (White Card) များ သက်တမ်းကုန်ဆုံးရက် သတ်မှတ်ခြင်းနှင့် ပြန်လည်အပ်နှံခြင်း အစီအစဉ် နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာအမှတ်- ၁၉/၂ဝ၁၅ ကို သမ္မတဦးသိန်းစိန်၏ အမိန့်ဖြင့် ဖေဖော်ဝါရီ ၁၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး မြန်မာအသံနှင့် ရုပ်မြင်သံကြားသတင်းတွင် ထုတ်လွှင့်ခဲ့သည်။

အဆိုပါ အမိန့်ကြော်ငြာစာအရ ယာယီသက်သေခံလက်မှတ်များသည် ၂ဝ၁၅ ခုနှစ် မတ် ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းကုန်ဆုံးသည့် လက်မှတ်များ အပ်နှံခြင်းအား ၂ဝ၁၅ ခုနှစ် မေ ၃၁ ရက် နောက်ဆုံးထား ဆောင်ရွက်ရမည်ဖြစ်သည်။

ယင်းအပြင် လက်မှတ်များအပ်နှံခြင်း၊ စိစစ်မှုခံယူခြင်းတို့အား သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေပြဠာန်းချက်များကို လိုက်နာ၍ နည်းလမ်းတကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာတွင် ဖော်ပြပါရှိသည်။

0 အကြံပြုခြင်း: