Monday, February 2, 2015

ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် ပွဲတော် ဦးအောင်ဆန်းဦးက မတက်ရောက်ဟု ပြောကြား



ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် ပွဲတော်ကို ဇာတိ နတ်မောက်မြို့တွင် ဖေဖော် ဝါရီလ ၇ ရက်နေ့မှ ၁၃ ရက်နေ့ထိ ကျင်းပမည်ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ပါက ဗိုလ်ချုပ်၏ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးက မတက်ရောက်ဟု ပြောကြားနေကြောင်း အဆိုပါ ရာပြည့်ပွဲတော် ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးမင်းက ဇန်နဝါရီလ ၃၀ ရက်နေ့တွင် The Voice သို့ ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် ပွဲတော်ကျင်းပရေး ကော်မတီအနေနှင့် ဗိုလ်ချုပ်၏ သားကြီး ဦးအောင်ဆန်းဦးကို ရာပြည့်အဖွင့်မိန့်ခွန်း၊ ကြေးရုပ်ဖွင့်ပွဲ ဖဲကြိုးဖြတ်ခြင်းနှင့် ကျောက်စာဖွင့်ပွဲ မိန့်ခွန်းသုံးနေရာ အဓိကထား နေရာပေးကာ တက်ရောက်ရေး ဖိတ်ကြားရာတွင် အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်ကြောင်း ဒေါက်တာစိုးမင်းက ပြောကြားသည်။


“NLD ပါတီက ဦးဆောင်တဲ့ပွဲ ဆိုရင် သူမတက်နိုင်ဘူးလို့ တယ်လီဖုန်းက တစ်ဆင့် ငြင်းဆန်နေတယ်။ ဒါနိုင်ငံရေးပွဲ မဟုတ်ဘူး။ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အမျိုးသားရေးပွဲ ဖြစ်တယ်လို့ ကျွန်တော် သူ့ကို ရှင်းပြခဲ့ပါတယ်။ လာတာ၊ မလာ တာက သူ့အပိုင်းလေ။ ကျွန်တော်က တာဝန်ရှိတဲ့အတိုင်း ဖိတ်ကြားရမှာပဲ” ဟု ၎င်းကဆိုသည်။

0 အကြံပြုခြင်း: