Thursday, January 15, 2015

၄၈ဦးတွေ့ဆုံမှု ဒေါ်အောင်ဆန်းစုကြည် ဘာတွေပြောခဲ့သလဲ


Kamayut Media
BREAKING NEWS:
 (Text Report)

လက်ရှိမြန်မာပြည်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ရပ်တန့်နေတာဟာ အစိုးရက ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဆန္ဒမရှိသလို၊ ပြည်သူ့ဆန္ဒကို အလေးမထားတာကြောင့်ဖြစ်ပြီး ဗဟိုချုပ်ကိုင်မှုဆက်ကျင့်သုံးတာ၊ လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာနဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို အစိုးရက ဝင်စွက်ဖက်နေတာကြောင့် ဖြစ်တယ်လို့ ၄၈ဦးတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကတင်ပြခဲ့တဲ့အကြောင်း ဇန်နဝါရီ ၁၃ရက်နေ့မှာ NLD က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

၆ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားတာကို အခုထိ ပြည်ထောင်စုအစိုးရက ဖြစ်မြောက်အောင် မဆောင်ရွက်တာ၊ အုပ်ချုပ်ရေးအဖွဲ့က ပြုပြင်ပြောင်းလဲလိုတဲ့ဆန္ဒ အားနည်းတာအပြင် ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်ပေါက်ဖို့အတွက် ၆ပွင့်ဆိုင် တွေ့ဆုံရေးကို ရှောင်ရှားနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။

၄၈ဦး တွေ့ဆုံမှုကို တကယ်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုအဖြစ် သက်မှတ်ဖို့ အခက်အခဲရှိပြီး ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွေ တရားမျှတလွတ်လပ်မှုရှိရှိနဲ့ ကျင်းပနိုင်ဖို့၊ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွေ ပေါ်ပေါက်ဖို့ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး လုပ်ရမှာဖြစ်တဲ့အကြောင်း၊ အစိုးရဘက်က ရွေးကောက်ပွဲ မျှတဖို့ ဘက်မလိုက်ရမှာဖြစ်သလို စည်းမျဉ်းစည်းကမ်းနဲ့မညီတဲ့ ပြောဆိုမှုတွေကိုလည်း ရွေးကောက်ပွဲကော်မရှင်က ထိထိရောက်ရောက် ဟန့်တားဖို့လိုကြောင်း၊ နိုင်ငံရေးပါတီတွေကို အုပ်ချုပ်ရေးပိုင်းက ခွဲခြားဆက်ဆံမှုတွေ ရပ်တန့်ဖို့လိုတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄၈ဦးတွေ့ဆုံမှု ဆွေးနွေးချက်တွေကို အစိုးရခေါင်းဆောင် သမ္မတဘက်က တုံ့ပြန်ဆွေးနွေးတာမရှိသလို ၆ပွင့်ဆိုင်ကို ရှောင်ရှားလိုတဲ့သဘော လုပ်တဲ့တွေ့ဆုံမှုမဖြစ်သင့်ဆိုတဲ့ ပြောဆိုချက်ကိုလည်း အစိုးရဘက်က ရေငုံနှုတ်ပိတ်ခဲ့ပါတယ်။

0 အကြံပြုခြင်း: