Monday, December 29, 2014

စန္ဒရားတင်ဝင်းလှိုင် အကယ်ဒမီစင်မြင့်ပေါ် ပြောစကားများ


December 28, 2014 at 4:32am
``ကတညုတ ကတဝေဒီ``

ကတညုတက ကျေးဇူးကို အဖန်ဖန် အောက်မေ့တာပေါ့လေ။ အဲဒီမှာတင် မပြီးဘူး၊ ကတဝေဒီက ဆပ်တာပေါ့နော်။ သမ္မဇဉ်ပါပဲခင်ဗျာ။ ကျွန်တော့်ရှေ့က ယူသွားတဲ့ ကျွန်တော့်ဆရာတွေလည်း ဒီလိုပဲ ပြောတာပါပဲ။ သူတို့ ကျေးဇူးတွေ ကျွန်တော်တို့က တသက်လုံး ဆပ်လို့ မကုန်ပါဘူး။

သို့သော် ဒီမှာတော့ အထူးသဖြင့် ပြောချင်တာကတော့... အတိုလေးပေါ့လေ၊ ထိလည်း ထိအောင်၊ စူးလည်း စူးရှအောင်... ကျွန်တော်ကတော့ Just surfing on that very easy matter (လွယ်လွယ်ကလေး လှိုင်းစီးရုံပါ) ဒီလောက်ပါပဲ။

တကယ်တော်တာကတော့ ပန်းချီဦးစိုးမိုးပါခင်ဗျာ။ တကယ်ကောင်းတာက ဇာတ်ညွှန်းဆရာပါခင်ဗျာ။ နောက် ဘေးက ပံ့ပိုးကြတဲ့ (ကျွန်တော်) ကြိုက်သလောက်ပေါ့။ ကျွန်တော် ဒီနေ့ တီးပြီးသားဟာကို မနက်ဖြန် ပြန်ဖျက်ရင် ဖျက်ပါတယ်။ ဒါ အခု ၀န်ခံတာပါခင်ဗျာ။

ဒီအတွက် ကျွန်တော် သိတာကတော့ ကျွန်တော်တို့ရဲ့ ပရိုဂျူဆာက စစ်ကားနဲ့ ဆရာကြီးတွေ တစ်အုပ်ကြီး လာတယ်ပေါ့လေ၊ အစည်းအဝေးလုပ်ရင်...။ အဲဒီဆရာကြီးတွေ၊ စစ်ဘက်က တာဝန်ရှိတဲ့ ဆရာကြီးတွေ မဟုတ်ဘဲနဲ့ ကျွန်တော့်ဆီ တစ်ခါလောက်ပဲ အသားအင်မတန်ဖြူတဲ့ ပုဂ္ဂိုလ်က ပန်းချီစိုးမိုးတို့နဲ့ ပါလာပါတယ်။

ပန်းချီစိုးမိုးက ကျွန်တော့်ကျေးဇူးရှင်ပါ၊ ဒီအချိန်ကစပြီး အစ်ကိုလို့ခေါ်မှ ဖြစ်ပါတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျွန်တော့်ကို ဒုတိယ (အကြိမ်) ကြိုးစားပေးတာပါ။
ကျွန်တော်က လွန်ခဲ့တဲ့ ဇာတ်ကားတစ်ကားပေါ့လေ၊ ဒါလေးတော့ ပြောခွင့်ပြုပါ၊ လေရှည်တယ်ထင်ရင်လည်း ခွင့်လွှတ်ပေးပါ။ ကိုကြည်စိုးထွန်းက ၁၉၉၉ လောက်မှာ ကျွန်တော့်ကို... မောင်လျှမ်းထက်တို့ပါတဲ့ ကားလေးကို ကျွန်တော်နဲ့ သီချင်းသွင်းပါတယ်။ သီချင်းသွင်းလည်းပြီးရော ကျွန်တော်က အင်္ဂလန်သွားပါတယ်။

ကျွန်တော်က စာဂျပိုး Book Worm ဆိုတော့ ဒိုင်ယာနာရှိတဲ့ ဒိုင်ယာနာမြို့ (ဝေလပြည်) ကို သွားပြီး Library စာကြည့်တိုက်ကြီးမှာ ကျွန်တော် ပျော်ပျော်ကြီး သုံးပတ်လောက် သွားပြီး နေနေပါတယ်။ ဝေလစာကြည့်တိုက်ဆိုတာ (ယူကေနိုင်ငံရဲ့) အစိတ်အပိုင်း တစ်ခုပဲလေ။

အဲဒါကို ကျွန်တော် ပျော်နေတာနဲ့ ကိုကြည်စိုးထွန်းက လှမ်းပြီးဖုန်းဆက်ပါတယ်။ ကျွန်တော့်အိမ်ကလည်း ပြောပါတယ်။ လာပါ၊ ရုပ်ရှင် (ကားအတွက် အသံ) သွင်းရအောင်၊ ကျိန်းသေ ဒီတစ်ခေါက်ကတော့ ၀ါစဉ်အရလည်း အသက်အရလည်း... အစ်ကိုကြီး ဦးကြီးမြင့် ပြောခဲ့သလို ``မင်း... ထိုင်သာ စောင့်နေပါ၊ မင်းအလှည့်ကျရင် ရောက်လာမှာပေါ့ကွာ`` ဆိုတဲ့အခါ ``အစ်ကိုရယ် ဒါက ထိုင်စောင့်တာတော့ မရပါဘူး၊ ကံအလှည့်ဖြစ်ရင် ဖြစ်ပါလိမ့်မယ်။ ကျန်တဲ့အလှည့်ကတော့ မရပါဘူး`` လို့...၊ ပစ္စုပ္ပန်မှာ ဘယ်လောက်လုပ်လုပ်ပေါ့လေ၊ မယ်နုအုတ်ကျောင်း ဆရာတော်ဘုရား ပြောသလိုပါပဲ။

အခုဘယ်လောက်လုပ်လုပ် ငွေဖလားထဲမှာ...၊ သူ့မြေးလေးလည်း ပါတယ်ပေါ့။ ကိုယ်တော်ဘုရားနဲ့ ကိုယ်တော်ဘုရားရဲ့ မိဖုရားကြီးနဲ့ အခုလုပ်နေတဲ့ ကုသိုလ်တွေဟာ ဘယ်လိုများ ရှိမလဲဆိုတဲ့ အခါကျတော့ အဲဒီ မယ်နုအုတ်ကျောင်းဆရာတော်... (အဲဒီဆရာတော်က) သူ့အမေကို အိမ်ရှေ့ (ကျောင်းရှေ့) ကနေပြီးတော့ (အသုဘ) ချသွားတဲ့အခါမှာတောင် ဒကာမကြီးရေ... သွားနှင့်၊ ကိုယ်တော်တော့ နောက်မှ လိုက်တော့မယ်ဆိုပြီးတော့ စာကြည့်မပျက်ဘူးပေါ့၊ အဲဒီကိုယ်တော်ပေါ့။

နန်းမတော်မယ်နုကတော့ အင်မတန် ထင်ရှားပါတယ်။ ဒီခေတ်မှာလည်း နန်းမတော်မယ်နုနဲ့ အင်မတန်နီးတဲ့ အန်တီကြီးတွေ ရှိပါတယ်။ အဲဒီလို အင်မတန်ဝင်ပြီးတော့ တွင်ကျယ်ပြီးတော့ စွာကျယ်စွာကျယ် အန်တီကြီးတွေ ရှိပါတယ်။ အဲဒါ စွာကျယ်စွာကျယ် အန်တီကြီးကို ပြောတယ်။

တပည့်တော် အခုသွားရတော့မယ်၊ တပည့်တော်ကို လည်ပင်းကို နင်းတော့မယ်၊ ဘာနဲ့နင်းမလဲ မသိတော့ဘူးဆိုတော့ (ဟေး....ပရိသတ်များအော်သံ) အဲဒီလို Applauds (အားပေးလက်ခုပ်တီး) လာတဲ့အခါမှာ Just for Minute , Just for Second (မိနစ်ပိုင်း၊ စက္ကန့်ပိုင်းလောက်) ခဏလေး နားပေးရမယ်ဆိုတာ လူမသိဘဲ ကျွန်တော်သိထားတဲ့ ကျွန်တော့်ဆရာတွေက သင်ထားပါတယ်ခင်ဗျာ။ ကျွန်တော် ဘယ်လောက်တော်တော် မဖြစ်ပါဘူးလို့...။

ခုနပြောတဲ့ ရေဖလားထဲကို ဘုရင်ကြီးနဲ့ ဘုရင်မရှေ့မှာ ရေတွေထည့်လိုက်တယ်။ ဟောဒီမှာ ကြည့်ကြ၊ ဘုရင်ဆိုတဲ့လူ၊ ဘုရင်မဆိုတဲ့လူ ဘယ်တုန်းက ကံတွေ သံသရာမှာ ပါလာတဲ့အတွက် ဘုရင်နဲ့ဘုရင်မ ဖြစ်တယ်ဆိုတာက နင်တို့တစ်ခါတည်း သိကြ။ နို့မို့ဆိုရင် ဘ၀င်မြင့်နေမှာစိုးလို့၊ သူတို့က ဘယ်တော့မှ ဒီနေရာက ဖယ်တာမဟုတ်ဘူး။

သူ့မြေးလေးက မျောက်ရှုံးအောင် ဆော့တယ်။ မြေးမျောက်ရှုံးအောင်ဆော့တာ ကျွန်တော်တို့နိုင်ငံမှာ ရှိပါတယ်။ အစဉ်အလာရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မြေးက အဖွားရဲ့အသည်းဖြစ်နေတယ်၊ အဘိုးရဲ့အသည်း ဖြစ်နေတယ်။ အဲဒီအဘိုးနဲ့အဘွားက ငကြောင်ကြီးဆို သွားပြီပဲ၊ ငပေါမကြီးဆို သွားပြီပဲ။ ဒီမှာတော့ ဘုရင်နဲ့ ဘုရင်မပေါ့လေ။ အစဉ်အလာပေါ့။ ဗမာမှာ ဒါပဲ ဂုဏ်လုပ်နေရတာ။

အဲဒီမျောက်ကလေးက ဒီကလေးက ဘယ်သူလဲကွ၊ အသွန်အသင် အဆုံးအမ မရှိဘူးလားကွ ဆိုပြီးတော့ အဲဒီလိုပြန်ပြီး ဟောက်ရဲတာ ပြောရဲတာ ချက်ချင်း Comment (မှတ်ချက်) ပေးရဲတာ ဒီအုတ်ကျောင်းဆရာတော်ပဲ ရှိပါတယ်။

သူက (ဆရာတော်က) ကြည့်ကြည့်ဆိုပြီး ရေကို ပြတယ်၊ အဲဒီလောက်ပဲ မင်းတို့ ရမယ်တဲ့၊ မင်းတို့ ခု ဘယ်လောက်လှူလှူ အဲဒီလောက်ပဲ ရမယ်ဆိုပြီး ပြတဲ့အခါကျတော့ အထဲမှာ ရေမရှိပါဘူး။ ဒါကို နားလည်ရမှာက ဥာဏ်သိ သိရမယ်။ ဘယ်လိုဥာဏ်သိ သိရမလဲ ရေတော့ မရှိဘူး၊ အထဲမှာ စိုနေတယ်။ အစိုဓာတ်ကလေး ကျန်ခဲ့တယ်။ ဒါပဲရမယ်။ ပစ္စုပ္ပန်မှာ ကျွန်တော် ဘယ်လောက် ကြိုးစားကြိုးစား ကျွန်တော် အဲဒီလောက်ပဲ ရနိုင်ပါတယ်။

ကျွန်တော့်မှာ သီးခြားဂုဏ်ရည် ရှိပါတယ်။ ကျွန်တော်ဟာ လက်တီးမှာ (ကျွန်တော်တို့ ဂီတနဲ့ လက်တီးလို့ ခေါ်ပါတယ်) Virtuoso ပါ၊ ဒါဟာ ကျွန်တော့်ရဲ့ ရပ်တည်တဲ့ ကိစ္စပါ။ ဒါဟာ ကျွန်တော်ရဲ့ ဘယ်မှာမှ မျက်နှာမငယ်တဲ့ ကိစ္စပါ။ ဒါပေမဲ့ အဲဒီလောက်နဲ့ မရပါဘူး။

ဒီရုပ်ရှင်နောက်ခံ တေးဂီတဆိုတဲ့ဟာက ဒီလိုတစ်ယောက်တည်း တီးလို့ မရပါဘူး။ အားလုံးကောင်းလို့ပါ။ ရုပ်ရှင်နောက်ခံတေးဂီတဆိုတဲ့ဟာက နိုင်ငံတော်ဟောင်းဖြစ်ဖြစ်၊ အသစ်ဖြစ်ဖြစ်၊ မဟောင်းတဟောင်း၊ မသစ်တသစ်ဖြစ်ဖြစ် တည်သလိုပဲ... အားလုံးကောင်းမှ ရတာပါခင်ဗျာ။

အဲဒီအတွက် ကျွန်တော့် သံသရာက ပါလာတဲ့အတွက် ကျွန်တော့်ကို ၁၉၉၉ က အကယ်ဒမီရဖို့ ကြိုးစားပေးခဲ့တဲ့ ကိုကြည်စိုးထွန်းလည်း သူ့စေတနာ အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ ဒုတိယ ခုနက ကျွန်တော့်ကို လာပြီးတော့ နှုတ်ဆက်တဲ့ လူကောင်သေးသေးလေးပေါ့လေ၊ လူကောင်သေးသေးလေးက ဘယ်လိုမှ မကြီးနိုင်ဘူး။ သူ့မှာ ပညာကြီးပါတယ်။ ပဋိဘာနဥာဏ်ကြီးတယ်။ လူက မကြီးဘူး၊ ပညာက ကြီးတယ်။ သူက ဘာမှ ထပ်ကြီးလို့ မရတော့ အင်္ကျီအပွ အမြဲတမ်းဝတ်တယ်။ နောက်ပြီးတော့ သူ့ကိုယ်သူ မကြီးကြီးအောင် နှုတ်ခမ်းမွေး တပ်ရတယ်။ အဲဒီ ခင်မောင်ကြီး... သူ အကယ်ဒမီရပြီး နောက်နေ့မနက်ကို သူ့အိမ်ကိုသွားပြီး အောက်ကနေ ကြိုးဆွဲတာ ကျွန်တော်ပါခင်ဗျာ။

ကျွန်တော်တို့မှာ အဘိဇ္ဈာ၊ မစ္ဆရိယ မရှိပါဘူး။ ကျွန်တော်ပြောချင်တာက အဲဒီ သူ ရတဲ့ ကားဟာ ကျွန်တော့်ကို အရင်အပ်တာပါ။ ဒါပေမဲ့ ကျွန်တော့်မှာလည်း အားလုံးဟာ အပြစ်ကလေးတွေ ရှိနေတဲ့အတွက် Filthy (ညစ်ကျယ်)၊ ကျွန်တော့်ကိုကြည့်ပါ။

ဂီတမှူးတွေထဲမှာ ကျွန်တော့်ရုပ်ရည်နဲ့ ကျွန်တော့်ပုံမျိုး မရှိပါဘူး။ ကျွန်တော့်နောက်မှာ လည်း ကျွန်တော့်နောက်က တီးနေတဲ့ ပထမပေးခဲ့တဲ့ ကလေးတွေကလည်း အသံကျယ်နေပါတယ်။ မောင်လှအေး၊ ဗိုလ်တာထွန်းညွန့် ရှိတယ်။ ကျွန်တော့်ဥာဏ်နဲ့ Velocity (အလျင်) နှုန်းကို မမီသေးပါဘူး။

သို့သော် ကျွန်တော့်သမီးကြီးအသက်က ၄၈ နှစ်ပါ၊ နောက်နှစ်နှစ်ဆို ၅၀ ပြည့်ပါပြီ။ ကျွန်တော်က ၇၀ ပါ။ နွေပေါက်တာနဲ့ ၇၀ ကို နင်းပါပြီ။ ကျွန်တော့်ကို ဦးအောင်မြင့်မြတ်က ပြောတယ်၊ တွဲမယ့်ကလေး ခေါ်လာပါတဲ့။ ဘာမှမလိုပါဘူးခင်ဗျ၊ အေးဆေးပါ၊ ပါးပါးလေး... (ခြေထောက်တစ်ဖက်တည်းဖြင့် စင်ပေါ်တွင် စက္ကန့်ပိုင်း ရပ်ပြ)။ ကျွန်တော့်အမူအရာတွေ မကျစ်လစ်ဘူးဆိုရင် ခွင့်လွှတ်ပါ။

ကျွန်တော် ပြောချင်တာက ကျွန်တော်ဟာ တော်တာကတော့ တော်နေတာပဲ၊ ကျွန်တော် ၂၀၀၅ မှာ ကိုပွား (ဒါရိုက်တာမီးပွား) ရဲ့ ``မင်္ဂလာပါ`` ကို စ တီးပါတယ်။ အဲဒီ ၂၀၀၅ နဲ့ ၂၀၁၃ ကြားမှာ ဘာမှ မတီးပါဘူး။ တခြားဟာပဲ တီးပါတယ်၊ ဘာမှ မတီးပါဘူး။ စန္ဒရား မတီးပါဘူး၊ ရုပ်ရှင် မတီးပါဘူး။ ဒါပေမဲ့ ပြန်တီးတဲ့ အခါမှာ ဒီလို (အခု အကယ်ဒမီဆု ရသလို) ထွက်ပါတယ်။

ကျွန်တော် ပြောပါတယ်၊ ကျွန်တော့်ကြောင့် မဟုတ်ပါဘူး။ Just surfing on that easy matter. အဆင်ပြေအောင် လုပ်ထားတာက ကျွန်တော့်အစ်ကို၊ ကျွန်တော့်ကို ဒီပညာ သင်ထားပေးတာ မဟုတ်ပေမယ့် ကျွန်တော်တို့ကို ကောင်းကောင်းလေး ပညာပေးနိုင်တဲ့ ပန်းချီစိုးမိုး။ သူကောင်းလို့၊ သူ့ဇာတ်ကား အခင်းအကျင်း၊ သူ့အရုပ် Rhythm ရီသမ်တွေ အရမ်းကောင်းတဲ့အတွက် အခင်းအကျင်းတွေ ကောင်းတဲ့အတွက် ကျွန်တော်က လှိုင်းစီးသလို အိပဲ့အိပဲ့နဲ့ လိုက်ရုံပါပဲ။ သိပ်ဘာမှ ခက်တာမဟုတ်ပါဘူး။ ကျွန်တော့်ကျေးဇူးရှင်အစစ်တွေက အဲဒီပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။

နောက်ပြီးတော့ ကျွန်တော် ငွေကို ရေလို သုံးခဲ့လို့...၊ ရေလိုသုံးတဲ့အလား မတရား ဖြုန်းခဲ့ပါတယ်။ အဲဒီအတွက်လည်း တောင်းပန်ပါတယ်။ ဘယ်သူ့ကိုလဲ၊ ပိုက်ဆံတွေ... ပိုက်ဆံတွေ ဘယ်ကရမှန်း မသိဘဲနဲ့ ပိုက်ဆံတွေ သိမ်းဖို့နေရာ မရှိတဲ့လူ၊ ကျွန်တော်တို့က ပိုက်ဆံကို ရှာလို့ မရတဲ့လူ၊ သူတို့က သိမ်းဖို့နေရာ ခက်နေတဲ့လူ၊ ပိုက်ဆံထားဖို့နေရာတွေ လိုက်သိမ်းမှ ရမယ့်လူ၊ အဲဒီလူက ဘယ်သူလဲဆိုတော့ အဲဒီ...

(အဲဒီမှာ ဟာသသရုပ်ဆောင် ဇော်ဇော်အောင်က ရေသန့်ပုလင်းကို စန္ဒရားတင်ဝင်းလှိုင်ကို ကမ်းပြီး ကန်တော့ပါတယ်။ စန္ဒရား တင်ဝင်းလှိုင်ကလည်း ကရမလို ထိုင်ရမလိုနဲ့ ကွတကွတ ဖြစ်ပါတယ်။ ဇော်ဇော်အောင်က ပြောနေတာ ကြာလို့ ရေသောက်ဦးဆိုပြီး သရော်တာလား၊ ထိုင်ကန်တော့တော့ ပြောတာကိုပဲ သဘောကျသလား ပရိသတ်အနေနဲ့ ခန့်မှန်းရ ခက်ပါတယ်။

အစီအစဉ်ရဲ့ အခမ်းအနားမှူး မတင်မိုးလွင်က ရုပ်ရှင်လောကသားတွေ ပထမဆုံး ဦးစီး ကျင်းပတာမို့ ပျော်ကြလို့ပါ၊ ရှေ့တန်းက ထိုင်နေတဲ့ ဧည့်သည်တော်တွေ နားလည် ခွင့်လွှတ်ပေးပါလို့ ၀င်ပြောပါတယ်။ အကယ်ဒမီပွဲတက်တဲ့ ဧည့်သည်တော်တွေတော့ ဒုက္ခနဲ့လှလှ တွေ့တာပါပဲ)။

(စန္ဒရားတင်ဝင်းလှိုင်က စကားဆက်ပါတယ်) ကျွန်တော်တို့ အမူအယာများ မကျစ်လစ်တာရှိရင် ခွင့်လွှတ်ပေးပါခင်ဗျာ။ ကျွန်တော် ရှင်ပေါလုကျောင်းသား ဖြစ်ပါတယ်။ ကျွန်တော် မဟာဝိဇ္ဇာ (ဂုဏ်ထူး) ဖြစ်ပါတယ်။

(အဲဒီမှာ အခမ်းအနားမှူး ရန်အောင်က တစ်ခါ အစ်ကိုကြီးကို ဆုဆက်လက်ချီးမြှင့်ဖို့ ရှိပါတယ်။ ဆုချီးမြှင့်ဖို့ ဥက္ကဋ္ဌ လူမင်းကို ခေါ်ပြန်ပါတယ်)။ (စန္ဒရားတင်ဝင်းလှိုင်ဟာ စကားတန်းလန်းနဲ့ အပြီးမသတ်နိုင်ဘဲ စင်ပေါ်ကနေ ဆင်းသွားရပါတယ်။ သူ့ဆီကနေ စကားတွေ ကြားချင်ပါသေးတယ်။)

ရန်ကုန်
ဒီဇင်ဘာ ၂၇၊ ၂၀၁၄ ည။
Myo Tha Htet

0 အကြံပြုခြင်း: