Wednesday, December 3, 2014

ပုဂ္ဂိုလ်ရေးအားပြိုင်မှုများကြားမှေ၀၀ါးအနာဂတ်


By
အောင်သူရ
On
Wed, 2014-12-03 12:05
Issue No.
အတွဲ (၁၃)၊ အမှတ် (၃၉)

ဓာတ်ပုံ − နိုင်ငံတော်သမ္မတရုံး
http://www.7daydaily.com/story/26202#.VH_KXMl5W8A
မြန်မာ့နိုင်ငံရေးတွင် ယခုလပိုင်းအတွင်း အပွင့်များက ခေတ်စားနေသည်။ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်တွေ့ဆုံရေး တောင်းဆိုထားချိန်တွင် သမ္မတဦးသိန်းစိန်က အင်အားစုငါးစု၏  ၁၄ ပွင့်ဆိုင် လုပ်သည်။ ဟန်ရေးပြတွေ့ဆုံပွဲဟု စွပ်စွဲခံရသော ထိုတွေ့ဆုံမှုမှာ ပထမဆုံးအကြိမ်ဖြစ်သလို လူများ၍ ဆွေးနွေးပွဲထက် လက်ဆုံထမင်းစားပွဲသာ ဖြစ်ခဲ့သည်။

ထို့နောက်တွင် အခြေခံဥပဒေပြင်ဆင်ရေးအတွက် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်က အရေးကြီးအဆိုတင်ပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

သို့သော် ခြောက်ပွင့်ဆိုင်မှာ အဖွဲ့အစည်းကိုယ်စားမပြုဘဲ လူပုဂ္ဂိုလ်ကိုသာ အခြေခံသော စဉ်းစားပုံဖြစ်၍ တွေ့ဆုံရေးမဖြစ်နိုင်ဘဲ ခြောက်ပွင့်ဆိုင်အဆိုကြောင့် သမ္မတက ဆက်လုပ်မည်ဆိုသော ၁၄ ပွင့်ဆိုင်ပင် နှောင့်နှေးသွားပြီဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကပြောသည်။

ကာချုပ်ကလည်း ကေအင်န်ယူဗဟိုကော်မတီဝင်များနှင့် နိုဝင်ဘာ ၂၉ ရက်က တွေ့ဆုံရာတွင် ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး လက်မခံဟု ပြောခဲ့ပြန်သည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုတောင်းဆိုလိုက်သည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို သမ္မတနှင့် တပ်ချုပ်တို့က ငြင်းဆန်လိုက်သည့်အပေါ် ‘‘အပြန်အလှန်ဖယ်ထုတ်ဖို့ ကြိုးစားနေသယောင်ဖြစ်နေတယ်’’ဟု နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သူ ဗဟိုအဖွဲ့မှ အကြီးတန်းသုတေသီ ဦးတင်မောင်သန်း(သင့်ဘ၀)က သုံးသပ်သည်။

ထိုကဲ့သို့ ဖြစ်လာရသည်မှာလည်း အကြောင်းအရာထက် ပုဂ္ဂိုလ်ရေးအမြင်မကြည်မှုများကြောင့်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။ အထူးသဖြင့် မြန်မာ့နိုင်ငံရေးထိပ်သီးခေါင်းဆောင်လေးဦးကြား အမြင်မကြည်လင်မှု၊ အစိုးရနှင့် လွှတ်တော်ကြား အားပြိုင်မှုများရှိနေသည်ဟု သုံးသပ်မှုများရှိသည်။

နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်နာယကတို့ကြား ၂၀၁၂ ကပင် တင်းမာမှုများရှိခဲ့သည်။ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် ဟုတ်၊ မဟုတ် ကိစ္စနှင့် ဖြစ်သည်။ လွှတ်တော်က ပြည်ထောင်စုအဆင့် သတ်မှတ်သော်လည်း အခြေခံဥပဒေခုံရုံးအဆိုကို ကိုးကား၍ သမ္မတက ပြည်ထောင်စုအဆင့်မဟုတ်ဟု သတ်မှတ်ခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လွှတ်တော်က အနိုင်ရရှိခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ အဖွဲ့ဝင်များအားလုံးကို နုတ်ထွက်ခွင့်ပြုခဲ့သည်။

ထို့နောက်ပိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေခုံရုံး၏ ဖွဲ့စည်းပုံကိုလည်း လွှတ်တော်မှ ပြန်လည်ပြင်ဆင်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ကြား ဆက်ဆံရေး စတင်တင်းမာလာခဲ့ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ကြား ရင်းနှီးသောဆက်ဆံရေးကို တပ်မတော်နှင့်အစိုးရက သတိထားစောင့်ကြည့်နေသည်။ ထိုအခြေအနေတွင် သူရဦးရွှေမန်းက အခြေခံဥပဒေပြင်ဆင်ရေးကို ရွေးကောက်ပွဲမတိုင်မီ ခြောက်လအလိုတွင် ပြုလုပ်မည်ဟု ပြောခဲ့သော်လည်း အခြေခံဥပဒေပြင်ဆင်ရေးမှာ ၂၀၁၅ ရွေးကောက်ပွဲအပြီး ပထမဆုံးခေါ်ယူသော လွှတ်တော်တွင်မှ စတင်နိုင်မည်ဟု ပြင်ဆင်ပြောသည်။ သူရဦးရွှေမန်းပြောကြားမှုမှာ သဘာဝကျကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံခဲ့သည်။ ထိုအခြေအနေမှာ ၎င်းတို့လေးဦးကြား သံသယပိုကြီးစေနိုင်ကြောင်း သုံးသပ်နေကြခြင်းဖြစ်သည်။

ထို့အပြင် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေချိန်အတွင်း အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်(PR)နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်က ပယ်ဖျက်လိုက်သည့် အပေါ်တွင်လည်း အစိုးရအဖွဲ့က မကျေလည်မှုများရှိကြောင်း အစိုးရနှင့်နီးစပ်သူများကပြောသည်။

အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့ကြား အားပြိုင်မှုများက အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို အားနည်းစေခဲ့သည်။ လွှတ်တော်မှ ဥပဒေများပြဋ္ဌာန်းသော်လည်း အစိုးရဘက်က နည်းဥပဒေများ ပြဋ္ဌာန်းရာတွင် ကြန့်ကြာမှုများရှိခဲ့သည်။

ထိုအခြေအနေများမှာ သိပ်မသိသာသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုသည့်ကိစ္စများတွင်မူ လူသိရှင်ကြား ပြန်ဖြစ်လာပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်သည်။

သို့သော် သမ္မတအနေဖြင့် ထိုတောင်းဆိုမှုကို လက်မခံဘဲ အောက်တိုဘာ ၃၀ ရက်တွင် အင်အားစုငါးစုမှ ခေါင်းဆောင်များ ပါဝင်သော ၁၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ခဲ့သည်။ အခါအခွင့်သင့်ပါကလည်း ဆက်လက်တွေ့ဆုံပွဲများ ပြုလုပ်သွားမည်ဟု သမ္မတက ပြောကြားခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လေးပွင့်ဆိုင်ကိုသာ ဆက်လက်ကိုင်စွဲထားကြောင်း ၁၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်။

ထို့နောက် နိုဝင်ဘာ ၂၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်က ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် အရေးကြီးအဆိုတင်သွင်းပြီး အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် အကျပ်အတည်းအခြေအနေမဖြစ်စေရန် သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးရန် နိုဝင်ဘာ ၂၅ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက အရေးကြီးအဆို တင်သွင်းခဲ့ရာ လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တစ်ဖွဲ့၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ကတစ်ဖွဲ့ကဲ့သို့ ဖြစ်လာသည်။

‘‘လွှတ်တော်ပြင်ပတောင်းဆိုမှုမဟုတ်ဘူး။ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်တာဖြစ်လို့ အုပ်ချုပ်သူတွေအနေနဲ့ အလေးအနက်ထားစဉ်းစားရမယ်လို့မြင်တယ်’’ဟု ၈၈ မျိုးဆက်(ငြိမ်းပွင့်) ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးကပြောသည်။

‘‘ပွင့်ပွင့်လင်းလင်းပြောရရင် ဒီတစ်ခေါက်က တကယ်လိုအပ်လို့ အဆိုတင်ရတာ တပ်မတော်ကဲ့သို့ပင် လွှတ်တော်ဟာ အကြီးဆုံး အင်စတီကျူးရှင်းဆိုတာကို သတိထားဖို့လိုတယ်’’ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောသည်။

ထို့အပြင် ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးမှာပင် တိုင်းရင်းသားကိုယ်စားလှယ် တစ်နေရာအတွက် လွှတ်တော်အတွင်းမှ ဖြစ်သင့်သည်၊ လွှတ်တော်ပြင်ပမှ ဖြစ်သင့်သည်ဟု အငြင်းပွားနေကြဆဲ။

တိုင်းရင်းသားပါတီအချို့က တိုင်းရင်းသားခုနစ်မျိုးစလုံး ပါဝင်ခွင့်ရသင့်သည်ဟုပင် ဆိုသည်။ သို့သော် ၁၄ ပွင့်ဆိုင် အတွေ့အကြုံအရ လူများခြင်းက ခရီးတွင်ရန်ခက်ခဲသည်။

‘‘အားလုံးပါဝင်ရေးဆိုတာ ခေါင်းစဉ်အောက်မှာရှိတဲ့ အင်အားစုတွေ အားလုံးကိုထည့်ဖို့ဆိုတာ လူကြားကောင်းပေမယ့် အလုပ်မဖြစ်ဘူး’’ဟု စာရေးဆရာကျော်ဝင်းက သုံးသပ်သည်။

နိုင်ငံအများစုတွင်လည်း ထိပ်ပိုင်းခေါင်းဆောင်များ အရင်တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှုရရှိမှသာ ကျန်ရှိသူများနှင့် တွေ့ဆုံကြသည်။ အချို့သော နိုင်ငံများတွင် သက်ဆိုင်ရာအကြီးအကဲများ၏ အလုပ်အဖွဲ့များ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက်ရမှာသာ ခေါင်းဆောင်များ တွေ့ဆုံသည့်သဘောရှိသည်။ စစချင်း လူအများနှင့်တွေ့ဆုံခြင်းမျိုး သိပ်မရှိပေ။ မြန်မာနိုင်ငံတွင်လည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီးနောက် သမ္မတနှင့် နှစ်ဦးတည်း တွေ့ဆုံခဲ့သည်။ ထို့နောက်ပိုင်း တိုင်းပြည်လည်း တိုးတက်မှုများရှိခဲ့သည်။

ထို့ကြောင့်လည်း အဓိကကျသည့် ခေါင်းဆောင်များ ပထမဆုံးတွေ့ဆုံဆွေးနွေးရေးမှာ အရေးကြီးသည်။ ထို့နောက်ပိုင်းမှာသာ ကျန်ရှိသူများ ဆက်လက်ဆွေးနွေးပါက ပိုမိုအကျိုးရှိမည်ဖြစ်သည်။

‘‘ခြောက်ပွင့်ဆိုင်တွေ့ဆုံခြင်းကို ငြင်းတယ်ဆိုတာ အစိုးရရဲ့လက်ထဲမှာ အခြေအနေဖန်တီးခွင့်ရှိနေတယ်ဆိုတာကို ထင်ရှားအောင်ပြတဲ့သဘောလို့ ထင်တယ်။ အစိုးရဆိုတာကတော့ ဘုရားပဲဆိုတာ သိပြီးသားပါ။ ဒါပေမဲ့ လွှတ်တော်ဆိုတာက အဲဒီဘုရားကို မွေးဖွားပေးလိုက်တဲ့ မယ်တော်မာယာနဲ့ အလားတူဖြစ်ပါတယ်’’ဟု ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်မှ တောင်းဆိုလိုက်သည့်အချက်ကို နိုင်ငံတော်သမ္မတအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ သို့သော် အကြောင်းပြချက်ခိုင်လုံစွာဖြင့် ငြင်းဆန်နိုင်သည့် အခွင့်အရေးရှိသည်။

လုပ်ထုံးလုပ်နည်းများအရ ပြည်ထောင်စုလွှတ်တော်အနေဖြင့်လည်း နိုင်ငံတော်သမ္မတထံ အတည်ပြုခဲ့သော ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို သ၀ဏ်လွှာပေးပို့ရမည်ဖြစ်သည်။

လက်ရှိအငြင်းပွားနေမှုနှင့်ပတ်သက်၍ ‘‘မြန်မာ့နိုင်ငံရေးမှာ လုပ်ပိုင်ခွင့်ပါဝါရှိသူတွေကြားမှာ သဘောထားတိုက်ဆိုင်မှုတွေ လျော့နည်းလာတာကို သွားတွေ့တယ်။ အဲဒါကတော့ နိုင်ငံရဲ့ ကောင်းတဲ့အလားအလာမဟုတ်ဘူး’’ဟု ကိုမြအေးက သုံးသပ်သည်။

ထို့အပြင် လက်ရှိ နိုင်ငံရေးခေါင်းဆောင်များမှာ အနှစ်သာရရှိသည့် တွေ့ဆုံဆွေးနွေးအဖြေရှာရေးထက် အပေါ်ယံ နိုင်ငံရေးကစားကွက်များကိုသာ လုပ်ကိုင်နေကြဆဲဖြစ်၍ တိုင်းပြည်အနာဂတ်မှာေ၀၀ါးနေဆဲဖြစ်ကြောင်း နိုင်ငံရေးလေ့လာနေသူများက သုံးသပ်သည်။

 ‘‘ညှိနှိုင်းဆွေးနွေးမှုများ၏ ရည်ရွယ်ချက်မှာ ပဋိပက္ခမဟုတ်။ သဟဇာတ ဖြစ်ရပါလိမ့်မည်။ နည်းနာမှာလည်း ထိပ်တိုက်ရင်ဆိုင်ရေးမဟုတ်။ အပြန်အလှန်အလျှော့ပေးစေ့စပ်ရေး ဖြစ်ရပါလိမ့်မည်။ တစ်ကြိမ်တည်း၊ တစ်ခါတည်းနှင့် အဖြေရဖို့မလွယ်။ တစ်ဆင့်ပြီးတစ်ဆင့် ဖြေရှင်းကြရမည်ကိုလည်း နှလုံးသွင်းကြဖို့ လိုပါလိမ့်မည်’’ဟု အနှစ်သာရရှိသော တွေ့ဆုံဆွေးနွေးပွဲများကို ချဉ်းကပ်မည့်ပုံစံနှင့်ပတ်သက်၍ စာရေးဆရာကျော်ဝင်းကလည်း ရေးသားထားသည်။

0 အကြံပြုခြင်း: