Monday, November 17, 2014

“ PR လား သူရဦးရွှေမန်း အားလုံးယူ လား”



စည်သူအောင်မြင့်
မြန်မာပို့စ် ဂျာနယ်၊ ၁၇-၁၁-၁၄။ စာ- ၁၂။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လာမယ့် ရွေးကောက်ပွဲတွေကို မြန်မာနိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ FPTP ခေါ် မဲအများဆုံးရသူကို အမတ်အဖြစ် ရွေးချယ်တဲ့ စနစ်ကိုပဲ ကျင့်သုံးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ PR လို့ခေါ်တဲ့ ကိုယ်စားပြုစနစ်နဲ့ ပေါင်းစပ် စနစ်ကို ကျင့်သုံးဖို့ လွှတ်တော်တွင်း လွှတ်တော်ပ အကြီးအကျယ် လှုပ်ရှားခဲ့ကြတဲ့ NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနဲ့ နောက်ကွယ်က ကြိုးကိုင်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီအတွက်တော့ အရှုံးနဲ့ ရင်ဆိုင်ရရုံမက အရှက်တကွဲ အကျိုးနည်း ဖြစ်စေခဲ့တဲ့ ကိစ္စလည်း ဖြစ်ခဲ့ပါတယ်။ ဒီ ဆုံးဖြတ်ချက်နဲ့ ပါတ်သက်ပြီး အမျိုးသားဒီမိုကရေစီ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်န်အယ်လ်ဒီ အမတ် ဦးဖြိုးမင်းသိန်းတို့က ပြည်သူ့လွှတ်တော်ရဲ့ အောင်ပွဲအဖြစ် တင်စားပြောဆိုခဲ့ကြပေမယ့် တကယ့်တကယ်ကျတော့ NDF ပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ အရှက်တကွဲ အကျိုးနည်းအဖြစ်၊ အလားတူ ပြည်ခိုင်ဖြိုးပါတီက လွှမ်းမိုးထားတဲ့ ပြည်သူ့လွှတ်တော်အတွက် အရှက်ရစရာ အဖြစ် ဘာကြောင့် ဖြစ်ခဲ့သလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
တကယ်တော့ လွှတ်တော်နှစ်ရပ်အတွင်းမှာ ရွေးကောက်ပွဲနဲ့ ပါတ်သက်ပြီး လက်ရှိ ကျင့်သုံးနေတဲ့ မဲဆန္ဒနယ်မြေ တစ်ခုမှာ မဲအများဆုံးရသူ အမတ်အဖြစ် ရွေးချယ်ရမယ့် စနစ်အစား PR လို့ခေါ်တဲ့ ရတဲ့ မဲ အရည်အတွက်အလိုက် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးဖို့ စပြီး တင်သွင်းလာသူတွေဟာ NDF ပါတီက ဒေါ်ခင်ဝိုင်းကြည်နဲ့ ဦးအောင်ဇင် တို့ဖြစ်ကြပါတယ်။ ဒါပေမယ့် သူတို့ဖာသာ သူတို့ ဒီအဆို လွှတ်တော်ထဲ တင်လာတယ်လို့ ဘယ်လိုမှ ယုံကြည်လို့ မရနိုင်ပါဘူး။ နောက်ကွယ်မှာ လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ အားပေးအားမြှောက်ပြုမှုကြောင့်သာ တင်နိုင်တာ ဖြစ်တယ်လို့ ယူဆစရာ ရှိခဲ့ပါတယ်။ တကယ်လည်း ဒီ အဆိုတွေ လွှတ်တော်ထဲ တင်တဲ့အခါ တိုင်းရင်းသားအမတ်တွေ၊ အင်န်အယ်လ်ဒီ အမတ်တွေ နဲ့ တပ်မတော်သား အမတ်တွေက ကန့်ကွက်နေတဲ့ ကြားက အဆိုကို ဆွေးနွေးဖို့၊ နောက်တဆင့် ဘယ်စနစ်က သင့်တော်မလဲ ဆိုတဲ့ ကော်မရှင်တွေ ဖွဲ့ဖို့အထိ ခရီးရောက်လာတာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်မှာ ဦးအောင်ဇင် အဆိုတင်စဉ်ကဆို သူရဦးရွှေမန်းရဲ့ အမျိုးမျိုးသော လှည့်ဖျားမှုတွေနဲ့ အဆိုအောင်မြင်ခဲ့တာ မှတ်တမ်းမှတ်ရာတွေတောင် ကျန်ရစ်ခဲ့ပါတယ်။ အဲဒီ အဆိုပြသနာနဲ့ ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်လ်ဒီ ပါတီက ကြေငြာချက် ပြန်ထုတ်ရသည်အထိ မရှင်းမလင်း ဖြစ်ခဲ့တာပါ။ နောက်ပိုင်း ပြည်သူ့လွှတ်တော်က ကော်မရှင်ဖွဲ့၊ အဲဒီ ကော်မရှင်က လွှတ်တော်ကို အစီရင်ခံစာ တင်တော့လည်း သူရဦးရွှေမန်းက တင်ပြထားတဲ့ ရွေးကောက်ပွဲ နည်းလမ်း အရည်အတွက်က နည်းနေတယ်၊ ဒါကြောင့် ရွေးကောက်ပွဲ နည်းလမ်း အနည်းဆုံး (၇) ခု တင်ပြပါ ဆိုပြီး ပြန် ညွှန်ကြားခဲ့ပါသေးတယ်။ ပြောရရင် ဒီ PR အဆိုကို လွှတ်တော်မှာ NDF ပါတီက ဦးအောင်ဇင် တင်လာတာ မှန်ပေမယ့် တကယ့် ဒါရိုက်တာက သူရဦးရွှေမန်းနဲ့ အဓိက ကပြသူတွေက ပြည်ခိုင်ဖြိုး အမတ်တွေပါ။ နောက်ဆုံးတော့ ကော်မရှင်က ရွေးကောက်ပွဲနည်းလမ်း (၈) ခု လွှတ်တော်ထဲ တင်ပြတဲ့ အဆင့်ရောက်လာပါတယ်။ အဲဒီ မှာ အမတ်တွေ အချေအတင် ဆွေးနွေးကြတာပါ။
နောက်ဆုံးအဖြေဟာ အမတ်တွေ တွေးထင်ထားသလို တစ်ခုမှ မဟုတ်ခဲ့ပါဘူး။ နိုဝင်ဘာ ၁၃ ရက်နေ့မှာ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက အဲဒီ ရွေးကောက်ပွဲ နည်းလမ်း (၈) ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးကို စာပေးပို့ပြီး ဖွဲ့စည်းပုံပါ ပြဌာန်းချက်တွေနဲ့ ကိုက်ညီမှု ရှိ မရှိ စိစစ်ပေးပါ ဆိုပြီး အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို စာပေးပို့ အဆုံးအဖြတ် ခံယူတာကို ဘယ်လွှတ်တော် အမတ်ကမှ မသိဘူးလို့လည်း ဆိုပါတယ်။ ဒီလိုနဲ့ နောက်တစ်နေ့ နိုဝင်ဘာ ၁၄ မှာ အမတ်တစ်ချို့ ရွေးကောက်ပွဲ စနစ် (၈) ခုအကြောင်း အာဘောင်အာရင်းသန်သန် နဲ့ ဆွေးနွေး အပြီးမှာမှ သူရဦးရွှေမန်းက သူ့ဖဲချပ်ကို လှန်ပြခဲ့ပါတယ်။
ဖွဲ့စည်းပုံခုံရုံးကို နိုဝင်ဘာ ၁၃ ရက်နေ့က စာပေးမေးမြန်းတာ ၁၄ ရက်နေ့မှာ အဖြေ ရလာပြီဖြစ်တဲ့အကြောင်း၊ ကော်မရှင်က တင်ထားတဲ့ ရွေးကောက်ပွဲစနစ် (၈) ခုအနက် လက်ရှိ ကျင့်သုံးနေတဲ့ FPTP ခေါ် မဲဆန္ဒနယ်မြေ တစ်ခုမှာ မဲအများဆုံးရတဲ့သူ အမတ်အဖြစ် ရွေးချယ်တဲ့ စနစ်ကလွဲပြီး ကျန်စနစ်အားလုံးဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ ကိုက်ညီမှု မရှိတဲ့အကြောင်း အဖြေပေးခဲ့တယ်လို့ ဆိုပါတယ်။ သူရဦးရွှေမန်းက ဒီလောက်နဲ့ ရပ်မထားပါဘူး။ အမတ်တွေဟာ ဥပဒေပြုသူတွေ ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် ဥပဒေကို လေးစားလိုက်နာဖို့ လိုကြောင်း၊ ဥပဒေ ချိုးဖေါက်သူတွေ မဖြစ်ဖို့ လိုတဲ့အကြောင်း ပြောပြီး နဂို ရွေးကောက်ပွဲ စနစ်အတိုင်း ကျင့်သုံးဖို့ လွှတ်တော်ရဲ့ ဆန္ဒကို အတည်ပြုချက် ရယူခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ပြည်သူ့လွှတ်တော်အတွင်း လာမယ့် ရွေးကောက်ပွဲတွေမှာ PR စနစ် ကျင့်သုံးရေး လှုပ်ရှားမှုကြီး အရေးနိမ့်သွားပါတယ်။
အဲလို အရေးနိမ့်သွားပေမယ့် မေးစရာ မေးခွန်းတွေတော့ အများကြီး ကျန်ရစ်ပါတယ်။ နောက်ပိုင်းရက်တွေမှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အမတ် ဦးရဲထွန်း၊ NDF ပါတီ အမတ် ဦးအောင်ဇင်နဲ့ အမတ်တစ်ချို့က သူရဦးရွှေမန်းရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ကြပါတယ်။ ဖွဲ့စည်းပုံ ခုံရုံးကို သွားတင်ပြတာ လွှတ်တော်ကလည်း ဘာမှ မသိရဘူး၊ အဖြေရတော့လည်း ချက်ခြင်း မပြောသေးပဲ နောက်မှ ချပြတယ် လို့မည်တွန်တောက်တီး ကြပါတယ်။ ဦးအောင်ဇင်က ဆိုရင် အဆိုတင်စဉ်က သူ့ကို ဖေးဖေးမမ အကူအညီ အကာအကွယ် အများကြီးပေးခဲ့တဲ့ သူရဦးရွှေမန်းကို လုပ်ချင်ရာ လုပ်သွားသူ၊ လွှတ်တော်ကို မလေးစားသူ အဖြစ် ပြန် အပြစ်တင်ခဲ့ပါတယ်။
ဒီ အဆုံးအဖြတ်ကိုကြည့်ရင် လွှတ်တော်ကို လွှမ်းမိုးထားတဲ့ ပြည်ခိုင်ဖြိုး အမတ်တွေနဲ့ PR အဆိုတင်တဲ့ NDF ပါတီဝင် အမတ်တွေဟာ နဂိုတည်းက အခြေခံဥပဒေကို ချိုးဖေါက်သူတွေအဖြစ် ယူဆမယ် ဆိုရင်လည်း ယူဆနိုင်စရာ ရှိလာပါတယ်။ တကယ်တော့ အဆိုတစ်ခု၊ ကိစ္စ တစ်ခု၊ ပြသနာ တစ်ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ ကိုက်ညီမှု ရှိမရှိ ဆိုတာဟာ ခုံရုံးမှာ သွားပြီး အဆုံးအဖြတ် ခံယူရမှ မဟုတ်ပါဘူး။ သာမန် တိုက်ဆိုင် စစ်ဆေးရုံနဲ့၊ အဓိပ္ပါယ် ဖွင့်ဆိုရုံနဲ့ သိသာနိုင်တာ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဒါကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို တင်ပြပိုင်ခွင့် ရှိတဲ့ လွှတ်တော်ဥက္ကဌ နှစ်ယောက်က သိပ် အလေးထားကြတာတော့ မဟုတ်ပါဘူး။ ဥပမာအားဖြင့် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ဆိုရင် ဥပဒေကြမ်း ပြင်ဆင်ချက်တစ်ခုနဲ့ ပါတ်သက်ပြီး တပ်မတော်သား အမတ်တစ်ယောက်က ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ မကိုက်ညီဘူးလို့ တင်ပြတဲ့အခါ လက်ညှိုးငေါက်ငေါက်ထိုးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီ မကိုက်ညီ မင်းမှာ ပြောပိုင်ခွင့် မရှိဘူး၊ ခုံရုံးကပဲ ပြောပိုင်ခွင့် ရှိတယ် ဆိုပြီး တင်းတင်းမာမာ ပြောဆိုခဲ့ဖူးပါတယ်။ ပြောရရင် လက်ရှိ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ ဦးစီးတဲ့ လွှတ်တော်က ချမှတ်လိုက်တဲ့ ဥပဒေ ကြမ်းတစ်ချို့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးလို့ သမ္မတ ဦးသိန်းစိန်က အတိအလင်း ဝေဖန်ထောက်ပြချက် အများကြီး ရှိခဲ့ဖူးပါတယ်။ ဒါတွေ ဖွဲ့စည်းပုံ ခုံရုံးကို မတင်လို့လား မသိ၊ ဘာအဖြေမှ ပြည်သူတွေ မသိကြရပါဘူး။
အခု PR ကိစ္စ ဆိုရင်လည်း စပြီးတင်ကလည်းက ဖွဲ့စည်းပုံကို လိုက်နာစောင့်ထိန်းပါ့မယ်လို့ သစ္စာပြုထားတဲ့ လွှတ်တော် အမတ်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီမှု ရှိရဲ့လား ဆိုတာ နည်းနည်းလေးမှ မလေ့လာကြဘူးလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ သူရဦးရွှေမန်း နောက်ဆုံး ပြောခဲ့တဲ့ စကားအရဆိုရင် အဲဒီ NDF အမတ်တွေ၊ ပြည်ခိုင်ဖြိုး အမတ်တွေဟာ ဥပဒေပြုရမယ့်သူတွေ ဖြစ်ရမယ့်အစား PR စနစ်ကျင့်သုံးဖို့ အသည်းအသန် ကြိုးစားရင်း ဥပဒေချိုးဖေါက်သူတွေ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတယ်လို့တောင် မှတ်ယူနိုင်ပါတယ်။ ခုတော့ ဖွဲ့စည်းပုံခုံရုံးရဲ့ အဆုံးအဖြတ် ပေးမှုကြောင့် အဲဒီအမတ်တွေကို ဥပဒေ ချိုးဖေါက်ဖို့ ကြိုးပမ်းနေသူတွေ အဖြစ်ကနေ နောက်ထပ် ချောက်ထဲကျဖို့ လက်တစ်လုံး အလိုမှာ ဥက္ကဌ သူရဦးရွှေမန်းက ကယ်တင်လိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ ပြည်သူ့လွှတ်တော်ရဲ့ အောင်ပွဲ မဟုတ်ပါဘူး၊ NDF ပါတီနဲ့ ပြည်ခိုင်ဖြိုးအတွက် အရှက်ကွဲစရာ၊ ပြည်သူ့လွှတ်တော်အတွက် အရှက်ရစရာ ပဲ ဖြစ်ခဲ့ပါတယ်။ ပြောရရင် ပြည်သူ့လွှတ်တော်ထဲမှာ PR စနစ် အနိုင်မရပဲ သူရဦးရွှမန်းကသာ အားလုံး ရယူသွားပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

0 အကြံပြုခြင်း: