Friday, November 7, 2014

မြန်မာ့ စစ်အရာရှိကြီး ၃ ယောက်ရာဇဝတ်မှုတွေကို ကျုးလွန်ခဲ့




ကရင်ပြည်နယ်တွင်း စစ်ပွဲတွေမှာ တပ်မ၆၆ က စစ်ရာဇ၀တ်တွေ ကျူးးလွန်ခဲ့ကြောင်း ဟားဗတ် လောစကူးလ် က စွပ်စွဲ

7 November 2014
BBC Burmese

ဟားဗတ် လောစကူးလ် ရဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာ တစောင်က ကရင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေမှာ မြန်မာ စစ်တပ် ဟာ စစ်ရာဇဝတ်မှု နဲ့ လူမဆန်တဲ့ ရာဇဝတ်မှု တွေ ကျုးလွန်ခဲ့တယ် လို့ စွပ်စွဲ ထားပါတယ်။

သူတို့ တွေ့ရှိချက် အရ စစ်ရာဇဝတ်မှု War Crimes နဲ့ လူမဆန်တဲ့ ရာဇဝတ်မှု Crime against Humanity ကို ကျုးလွန်တဲ့ အမှုတွေ အတွက် အဓိက တာဝန်ရှိသူ တွေဟာ လက်ရှိ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချူပ်ကြီးကိုကို၊ မြန်မာ့ တပ်မတော် အထူး စစ်ဆင်ရေး အဖွဲ့မှူး ဒုတိယ ဗိုလ်ချူပ်ကြီး ခင်ဇော်ဦးနဲ့ နေပြည်တော်တိုင်း စစ်ဌာနချူပ် တိုင်းမှူး ဒုတိယ ဗိုလ်ချူပ်ကြီး မောင်မောင်အေး တို့ ဖြစ်ပါတယ်။

အဲဒီ အစီရင် ခံစာအရ ၂၀ဝ၅ ခုနှစ် ကနေ ၂၀ဝ၈ ခု အထိ ကရင်ပြည်နယ် ထဲမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကို အဓိက ရည်ညွှန်း ပါတယ်။

အဆိုပါ စစ်အရာရှိကြီး ၃ ယောက်ဟာ ခြေမြန်တပ်မ ၆၆ ကိုတာဝန်ယူပြီး ကရင်ပြည်နယ်မှာ ကေအန်ယူနဲ့ စစ်တိုက်ခဲ့စဉ် ရာဇဝတ်မှုတွေကို ကျုးလွန်ခဲ့တာ လို့ အစီရင် ခံစာမှာ ဖော်ပြ ထားပါတယ်။

ဖြစ်စဉ်တစ်ခုမှာ ဆိုရင် ကရင်ပြည်နယ် သံတောင်မြို့ ဟီးဒေါ်ကာ ရွာထဲကို မော်တာတွေ နဲ့ ပစ်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။ ရွာထဲက ထွက်ပြေးလာ တဲ့ ရွာသားတွေ ကိုလည်း သေနတ်နဲ့ ပစ်ခတ် ခဲ့ပြီး၊ ဖမ်းမိတဲ့ ရွာသား တွေကို သတ်ဖြတ် ခဲ့တယ်လို့ ဆိုပါတယ်။ အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီး ခဲ့ရာမှာ အနည်းဆုံး အိမ်အလုံး ၃၀ မီးလောင် ခဲ့တယ်လို့ အစီရင်ခံစာ မှာ ရေးသား ထားပါတယ်။

ဒီလို ဆောင်ရွက်ချက် တွေဟာ စစ်ရာဇဝတ်မှု နဲ့ လူမဆန် တဲ့ ရာဇဝတ်မှု မြောက်ကြောင်း ပြောဆိုပြီး အဲဒီ ဆောင်ရွက်မှုတွေ အတွက် လူသက်သေ နဲ့ တခြား ခိုင်လုံတဲ့ သက်သေ အထောက်အထား တွေ သူတို့ ဆီမှာ ရှိတယ် လို့ ဆိုပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချူပ် ကျော်ညွန့် ကတော့ အဲဒီ့ အစီရင်ခံစာ ဟာ မှားနေတယ်၊ ရယူထားတဲ့ သတင်း အရင်းအမြစ်ဟာ လည်း တဘက်တည်း ကနေသာ ရယူ ထားတာ တွေ ဖြစ်နေတယ် လို့ နယူးယောက်တိုမ်းစ် သတင်းစာကို ပြောထားပါတယ်။

======

အစိုးရတပ်က စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့ဟု အစီရင်ခံစာ ထွက်

November 7, 2014
ဧရာဝတီ

ကရင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် စစ်ပွဲများအတွင်း မြန်မာ အစိုးရတပ်က လူမဆန်သည့် စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ် ဥပဒေကျောင်းမှ အစီရင်ခံစာ တစောင် ထုတ်ပြန်လိုက်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။

၂၀၀၅ မှ ၂၀၀၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ပွဲများကို အခြေခံကာ ထိုင်း- မြန်မာ နယ်စပ်ရှိ ရွာများကိုသွားရောက် လေ့လာပြီးနောက် ယင်းအစီရင်ခံစာကို ထုတ်ပြန်ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ စစ်ရာဇ၀တ်မှုများနှင့် လူမဆန်သည့် ပြစ်မှုများကို စနစ်တကျ ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး၊ အဓိကတာဝန်ရှိသူများမှာ လက်ရှိ တပ်မတော်တွင် တာဝန်ထမ်းဆောင်သူများဖြစ်သည့် ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို၊ အထူးစစ် ဆင်ရေး အဖွဲ့မှူး(ကစထ) ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ နေပြည်တော်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေး တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

အစီရင်ခံစာရေးသားသူများထဲမှ တဦးဖြစ်သည့် မက်သရူး ဘူဂါက “ ကျနော်တို့မှာ စိတ်ကျေနပ်လောက်အောင် ခိုင်လုံတဲ့ သက်သေတွေ ရှိပါတယ်”ဟုဆိုသည်။

ယခုအစီရင်ခံစာအတွက် လူပေါင်း ၁၅၀ ခန့်ကို တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်ပြီး စစ်သားဟောင်း ၇ ဦးပါဝင်ကြောင်း သိရ သည်။

အဆိုပါ စစ်ရာဇ၀တ်မှုများနှင့် ပတ်သက်၍ မြန်မာကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်ထံ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တင်ပြခဲ့ပြီး ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကျော်ညွန့်က အဆိုပါ အစီရင်ခံစာသည် မှားယွင်းပြီး ရရှိထားသည့် သတင်းရင်းမြစ်သည်လည်း တဖက်ထဲမှ ဖြစ်နေကြောင်း ဆိုသည်ဟု သိရသည်။

သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးကလည်း “တဖက်နဲ့ တဖက် အပြစ်တင်နေရုံနဲ့တော့ ပြီးမှာမဟုတ်ဘူး ပြည်တွင်း စစ် မှာတော့ တပ်မတော်ရော တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကပါ လူအခွင့်အရေးချိုးဖောက်မှုတွေရှိကောင်းရှိ နိုင်ပါ တယ်”ဟု နယူးယောက်တိုင်းမ် သို့ ပြောဆိုသည်။

ဟားဗတ်တက္ကသိုလ် ဥပဒေကျောင်းမှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာတပ်မတော်က ကရင်ရွာများအတွင်းသို့ မော်တာများဖြင့် ပစ်သွင်းခြင်း၊ ထွက်ပြေးသည့် ရွာသားများကို သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးခံရသည့် ရွာသားများကို သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားသည်။

ယခုထွက်ပေါ်လာသည့် ဟားဗတ်တက္ကသိုလ် ဥပဒေကျောင်းမှ အစီရင်ခံစာသည် အမေရိကန် သမ္မတ အိုဘားမား ရှေ့အပတ် မြန်မာပြည်ခရီးစဉ်မတိုင်မီ ပေါ်ထွက်လာခြင်းဖြစ်သည်။

======

ကရင်ပြည်နယ်တွင် တိုက်ပွဲကြောင့် ရွာသား ၂၀၀၀ ကျော် ပြောင်းရွှေ့ခဲ့ရ

7 November 2014
ဒီဗွီဘီ

ကရင်ပြည်နယ်မှာ ပြန်လည် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရွာသား ၂ ထောင်ကျော် ရွှေ့ပြောင်းခဲ့ရတယ်လို့ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့ (KRW) က အောက်တိုဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီလိုတိုက်ပွဲတွေ ဖြစ်လာတာဟာ ကရင်ပြည်နယ်က နယ်မြေတွေကို ထိန်းချုပ်ဖို့ စစ်တပ်ရဲ့ ဗျူဟာ တခုဖြစ်ပြီး သံလွင်မြစ်မှာ ဟတ်ကြီး ဆည်ဆောက်ဖို့ အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်ပြန်ဖို့ စိုးကြောက်ခြင်းဆိုတဲ့ အစီရင်ခံစာမှာ မီဒီယာတွေမှာ သတင်းရေးသား ဖော်ပြခဲ့ခြင်းမရှိတဲ့ ကရင်ပြည်နယ်က ခရိုင် ၂ ခုမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအရှိန် အဟုန်မြင့်တက်လာတဲ့ အသေးစိတ်ကို KRW က ရေးသားထားပါတယ်။

ကရင်ပြည်နယ်မှာ ထိုးစစ်ဆင်နေတာကို ရပ်တန့်ဖို့ လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့ရာမှာ ထွက်ပြေးလာတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို လက်ခံရရှိအောင် အစိုးရကဆောင်ရွက်ပေးဖို့ ပဋိပက္ခ ဖြစ်ပွားစဉ်မှာ ဒုက္ခသည်တွေကို အတင်းအကျပ် ပြန်မပို့ဖို့လည်း ထုတ်ပြန်ချက်က တောင်းဆိုပါတယ်။

KRW က အမျိုးသမီးအရေး၊ ပတ်ဝန်းကျင်လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ ကရင် လူထုအခြေပြု အဖွဲ့အစည်း ၆ ခု ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

===

ဒုက္ခသည် များအား အတင်းကြပ် နေရပ် ပြန်ပို့မည် မဟုတ်ဟု TBC ပြောကြား

Friday, 07 November 2014
ရွှေဟင်္သာသတင်းဌာန

အစိုးနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်များ အကြား ငြိမ်းချမ်ရေး အတွက် တွေ့ဆုံ ဆွေးနွေး မှုများ ရှိကာ ပြေလည်မည့် အနေ အထားများ ရှိလာ နိုင်သည်ဟု သုံးသပ် နေကြသော်လည်း ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ ဒုက္ခသည် စခန်း များမှ ဒုက္ခသည် များအား နေရပ်ရင်း ပြန်နိုင်ရေး ဖိအားပေး သွားမည် မဟုတ်ကြောင်း TBC ခေါ်နယ်စပ် တလျှောက် ကယ်ဆယ် စောင့်ရှောက်ရေး ညွန့်ပေါင်း ကော်မီတီမှ အလှူရှင် အဖွဲ့ များနှင့် ဆက်သွယ်ရေး ဒါရိုက်တာ Mr Duncan Mc Arthur က ရွှေဟင်္သာ သတင်း ဌာနသို့ နိုဝင်ဘာလ (၇) ရက်နေ့၌ အတည်ပြု ပြောကြားသည်။

“TBC က နေပြီးတော့ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ဖို့ ဖိအားပေးမယ့် အစီအစဉ် လုံးဝ မရှိပါဘူး၊ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင် ဖို့က ပြင်ဆင် ရဦးမယ့် အရာတွေ အများကြီး ရှိပါတယ်၊ ဒါတွေ ပြင်ဆင် နိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံ အစိုးရ တွေရဲ့ လုပ်ဆောင်ချက် တွေကလည်း အရေးပါ ပါတယ်၊ အထူး သဖြင့် မြန်မာ့ နိုင်ငံရေး အခြေအနေ တည်ငြိမ်မှု ရှိလာနိုင်မလား ဆိုတာပေါ့၊ ဒုက္ခသည်တွေ နေရပ် ပြန်ဖို့က လူသား တစ်ဦးရဲ့ လူသား ဂုဏ်သိက္ခာ ရှိရှိ ရပ်တည် နိုင်ဖို့နဲ့ လုံခြုံရေး ဆိုင်ရာ အာမခံချက် ပေးနိုင်ရေး တို့ကိုလည်း ထည့်သွင်း စဉ်းစား ရပါမယ်” ဟု TBC အဖွဲ့၏ ဆက်သွယ်ရေး ဒါရိုက်တာ Mr Duncan Mc Arthur က ပြောသည်။

ထို့အတူ အစောပိုင်း ကာလ များတွင် သတင်းများ ထွက်ပေါ် နေသကဲ့တို့ မြန်မာ အစိုးရနှင့် ထိုင်းအစိုးရ တို့အကြား ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း များနေ မြန်မာ ဒုက္ခသည်မျး နေရပ် ပြန်ရေးအတွက် သဘောတူ ထားမှု ရှိခဲ့ကာ ထိုင်းအစိုးရမှ TBC အဖွဲ့အား ဒုက္ခသည်များ နေရပ် ပြန်ပို့ရေး ဖိအားပေး မှုများ ရှိသည်ဟု ဆိုသော သတင်း မှာလည်း မှန်ကန်မှု မရှိကြောင်း Mr Duncan Mc Arthur က ပြောကြား သွားခဲ့သည်။

လက်ရှိ အခြေ အနေတွင် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များ လုပ်ဆောင် နေပြီး အတန်အသင့် ပြောင်းလဲ လာသော မြန်မာ့ နိုင်ငံရေး အခြေအနေ များကြောင့် နေရပ်ရင်းသို့ ပြန်သွား ကြသူများ ရှိသော်လည်း နည်းပါး လွန်းသည်ဟု Mr Duncan Mc Arthur မှ ဆက်ပြောသည်။

“ကျွန်တော်တို့ ပြုစု ထားတဲ့ စာရင်းအရ (၂၀၁၃) ခုနှစ် တုန်းက စခန်းနေ ဒုက္ခသည်ပေါင်း (၄၃၀၀) ကျော် မြန်မာပြည် ပြန်သွား ကြတယ်။ ၂၀၁၄ ခုနှစ် မှာတော့ (၂၀၀) ကျော် လောက်ဘဲ ပြန်တာ တွေ့ရတယ်။ ဒီပြန်သွားကြတဲ့ ပမာဏနဲ့ စခန်းမှာ ရှိနေတဲ့ ဒုက္ခသည် ဦးရေ တသိန်း နှစ်သောင်းကျော် အရေအတွက်နဲ့ နှိုင်းယှဉ် ကြည့်ရင် ပြောပ လောက်တဲ့ ပမာဏတော့ မဟုတ်ဘူး” ဟု Mr Duncan Mc Arthur မှ ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

မြန်မာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များအကြား မရေရာ သေးသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေ အနေ များ၌ ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည် စခန်း များနေ ဒုက္ခသည်များ အနေဖြင့် နေရပ်ရင်း ပြန်လည် အခြေချ ရေး၌ ဒုက္ခသည် များအကြား စိုးရိမ် ကြောက်လန့် မှုများ ရှိနေဆဲ ဖြစ်ကြောင်း TBC နယ်စပ်တလျှောက် ကယ်ဆယ် စောင့်ရှောက်ရေး ညွန့်ပေါင်း ကော်မီ၏ ပြောရေး ဆိုခွင့် ရှိသူ မနီလာမြိုင် ကလည်း ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

“အခု လုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲဟာ ရှေ့မဆက်နိုင် သေးဘူး ဆိုတော့ မြန်မာ နိုင်ငံ အရှေ့တောင်ပိုင်း ဒေသ များမှာ ရှိနေတဲ့ နေရပ် စွန့်ခွာ နေရတဲ့ သူတွေ အနေနဲ့ သူတို့ရဲ့ လုံခြုံရေး အတွက် အများကြီး စိုးရိမ် ပူပန်မှုတွေ ရှိနေ တာပေါ့နော်။ ဒီဆွေးနွေးပွဲတွေ မပြီး နိုင်တဲ့ အပေါ်မှာ သူတို့ တန်ဆာခံ ဖြစ်နေ ဦးမှာပဲ” ဟု မနီလာမြိုင် က ပြောသည်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသ များတွင် လက်နက်ကိုင် ပဋိပက္ခ အကျိုးဆက်ကြောင့် ထိခိုက် နစ်နာမှု ရှိနေသည့် ပြည်သူများ အနေနှင့် အကာကွယ် ပေးရေးနှင့် လုံခြုံရေး အခြေအနေ အတွက် စိုးရိမ် ပူပန် နေရကြောင်း TBC ခေါ်နယ်စပ် တလျှောက် ကယ်ဆယ် စောင့်ရှောက်ရေး ညွန့်ပေါင်း ကော်မီတီမှ နိုဝင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည့် ၂၀၁၄ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြ ထားသည်။

ဒုက္ခသည် များအနေနှင့် နေရပ်ရင်း ပြန်ရေး ဆိုရာ၌လည်း လက်ရှိ၌ တိုက်ပွဲများ၊ စစ်အခြေစိုက် စခန်းများ ချထားခြင်း အပေါ် လုံခြုံမှု အရ စိုးရိမ် နေရကာ အထောက်အပံ့ အကူအညီများ ရရှိရန် အတွက်လည်း မရေရာသည့် အခြေအနေ ဖြစ်နေကြောင်း ကရင် ဒုက္ခသည် ကော်မီတီအဖွဲ့၏ တွဲဘက် အတွင်းရေးမှူး နော်ဘလူး မင်းနိုက်ဇံက ပြောသည်။

ငြိမ်းချမ်းရေး စကားတွေ ပြောတယ်။ တိုက်ပွဲတွေလဲ ဖြစ်နေတယ်။ အဲဒီ အခြေအနေက စိုးရိမ်စရာ ပေါ့နော်။ သူတို့ အတွက် လုံခြုံမှု မရှိဘူး ဆိုတာ စစ်တပ်က အဲဒီရွာ အနီးတွေမှာ စခန်း ချထားတယ်။ နေရာ မရွှေ့ဘူး။ မြေမြုပ် မိုင်းတွေလဲ မရှင်းရ သေးတဲ့ တချက်ရယ်။ နောက်ပြီးတော့ နေရာ ထိုင်ခင်း ကိစ္စပေါ့။ လူသားချင်း စာနာတဲ့ အထောက် အပံ့တွေ မရှိတဲ့ အတွက် စိုးရိမ် ပူပန် နေရတဲ့ အခြေအနေ ရှိနေ ပါသေးတယ်” ဟု နော်ဘလူး မင်းနိုင်ဇံက ပြောသည်။

မြန်မာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တို့အကြား ဖြစ်ပွါး နေသည့် လက်နက်ကိုင် ပဋိပက္ခ အကျိုးဆက်ကြောင့် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ တိုးပွါး လာနေပြီး လက်ရှိ ထိုင်းမြန်မာ နယ်စပ်တွင် ရပ်တည် နေသည့် ဒုက္ခသည် များအတွက် ရေရှည်တွင် ထောက်ပံ့ အကူအညီ ပေးရန် အခက်အခဲ ရှိနေသည် ဟုလည်း TBC အဖွဲ့ ပြောရေး ဆိုခွင့် ရှိသူ မနီလာမြိုင် မှပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အတွင်း၌ ဒုက္ခသည် များအား ထောက်ပံ့ ပေးရေး အတွက် TBC အား အကူအညီ ပေးနေသည့် အလှူရှင် အဖွဲ့များမှ ထောက်ပံ့မှု ပမာဏအား လျော့ချ ခဲ့ခြင်း များလည်း ရှိခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ်တွင် ရှိသည့် TBC နယ်စပ်တလျှောက် ကယ်ဆယ် စောင့်ရှောက်ရေး ညွန့်ပေါင်း ကော်မီတီမှ အကူ အညီ ပေးနေသော ဒုက္ခသည် စခန်းပေါင်း (၉) ခု ရှိကာ ဒုက္ခသည် ဦးရေ တသိန်း နှစ်သောင်းကျော် ရှိနေသည်ဟု TBC မှတ်တမ်းအရ သိရ ပါသည်။

0 အကြံပြုခြင်း: