Wednesday, November 19, 2014

“သပိတ်မှောက်ကျောင်းသားတွေအတွက် ရဲရင့်တဲ့ဖရဲသီး”



Nayrein Kyaw

ဖေ့ဆ်ဘွတ်စာမျက်နှာပေါ်မှာ မနေ့ ကတွေ့ လိုက်ရတဲ့ သတင်းလေးတခုပါ။ သပိတ်မှောက် ကျောင်းသားတွေကို ဖရဲသီးရောင်းတဲ့အဒေါ်ကြီးတယောက်က တဗန်းလုံးချကြွေးသွားတယ် တဲ့။ ကျနော့်စိတ်ထဲနေ့ ရော ညပါဒီအကြောင်းပဲ ခေါင်းထဲဝင်နေတယ်။ ဒီအဒေါ်ကြီးကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးသင့်တယ်လို့ ။ အတန်းပညာကို အဲဒီ ဖရဲသီးသည်အဒေါ်ကြီး ဘယ်လောက် သင်ခဲ့ဖူးလဲကျနော်မသိဘူး။ သူ့ အသိပညာကတော့ ပါရဂူဘွဲ့ ရတယောက် လိုဖြစ်နေတာတော့သေချာပြီ။ ဒီလိုပြောတော့ ကျနော့်ကို မင်းလျှောက်မြှောက်ပေးနေပြန်ပြီလို့ ပြောချင်တဲ့သူလဲရှိနိုင်တယ်။ တကယ်တော့ ကျနော်က ပကတိအတိုင်း အပိုအလိုမရှိပြောတာ။

ကြည့်လေ။ ဒီသပိတ်မှောက်ကျောင်းသားတွေနဲ့ ပတ်သက်လို့  သူတို့ နောက်မှာ ဘယ်လိုလက်တွေရှိတယ်၊ ဘယ်သူတွေကမွေးထားတဲ့လူတွေဖြစ်တယ်၊ ဘယ်သီချင်းဆိုလို့  ဘယ်လိုဖြစ်တယ် ဘယ်ညာဖြစ်တယ်ဆိုပြီး ပရောဟိတ်လုပ်နေကြတာလဲ ဖေ့ဆ်ဘွတ် စာမျက်နှာမှာတွေ့ ရတယ်။ နှုတ်ခမ်းနာတွေ မုန့် ဆီကြော်တွေသွားသတိရပြီး အော်- လို့ သာ ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ ထားပါတော့။ ကျနော်ပြောချင်တာက ဖရဲသီးသည် အဒေါ်ကြီးရဲ့ စိတ်ဓါတ်၊ သူ့ ရဲ့နှလုံးသား၊ သူ့ ရဲ့အတွေးအခေါ်၊ သူ့ ရဲ့လုပ်ရပ်ပါ။ ကျောင်းသားတွေကဘာကြောင့်သပိတ်မှောက်တာလဲ။ ဘာကိုတောင်းဆိုနေတာလဲ။ အဒေါ်ကြီးကောင်းကောင်းသဘောပေါက်တယ်။ မြန်မာနိုင်ငံမှာ မူလတန်းကနေ တက္ကသိုလ် နောက်ဆုံးနှစ်ထိကျောင်းသားပေါင်း သန်းနဲ့ ချီရှိတယ်။ အဲဒီကျောင်းသားတွေအားလုံးအတွက် ပြဌါန်းလိုက်တဲ့ ပညာရေးဥပဒေက ကမ္ဘာ့ နိုင်ငံတွေကတခြားကျောင်းသားတွေနဲ့ ရင်ဘောင် တန်းနိုင်မယ့်ပညာရေးစနစ်မဟုတ်ဘူးလို့ သူတို့ ယုံကြည်တဲ့အတွက် ဒီဥပဒေကို ဖျက်သိမ်းဖို့ ၊ တခြားတိုးတက်တဲ့နိုင်ငံတွေကကျောင်းသားတွေအတိုင်း လွတ်လပ်ပြီးခေတ်မှီတဲ့ပညာရေး စနစ်မျိုးပြဌါန်းပေးဖို့ တောင်းဆိုနေကြတာဆိုတဲ့အကြောင်းကိုလဲ သပိတ်မှောက်ကျောင်းသား တွေကအတိအလင်းပြောနေတယ်။
ဒါကို ဖရဲသီးရောင်းပြီးဝမ်းကျောင်းနေတဲ့အဒေါ်ကြီးသိတယ်။ သပိတ်မှောက်ကျောင်းသား တွေက ရာဂဏန်းပါ။ ဒါပေမယ့်ဒီကျောင်းသားတွေတောင်းဆိုနေတာက မြန်မာနိုင်ငံက သန်းနဲ့ ချီတဲ့ ကျောင်းသားအားလုံးအတွက်။ အခြေအနေပေးလို့ ရလာဒ်ကောင်းထွက်လာရင် ကျောင်းသားအားလုံး ခံစားစံစားရမှာ။ အခြေအနေမပေးလို့  ရလာဒ်ဆိုးထွက်လာရင် ဒီသပိတ်မှောက် ကျောင်းသားလေးတွေပဲ ထောင်နန်းစံရဦးမှာ။ ဒါကို ဖရဲသီးရောင်းတဲ့ အဒေါ်ကြီး သိတယ်။ အဲတော့ သူဘာလုပ်မလဲ၊ သူတတ်နိုင်တာသူလုပ်သွားတယ်။ အဲဒီနေ့  ကဖရဲသီးရောင်းဖို့ အရင်းအနှီးအတွက် သူ ချေးငှါးလာတာလဲဖြစ်နိုင်တယ်။ အိမ်ကထမင်းအိုး ပေါင်ပြီး ညနေအပြန်ကျမှ အဲဒီထမင်းအိုးကို အပေါင်ဆိုင်ကပြန်ရွေးပြီးချက်ရမယ့် အခြေအနေ လဲဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အမေပြန်လာရင် ထမင်းစားရမယ်လို့ မျှော်နေတဲ့ သူ့ သားသမီး တွေရှိရင်လဲရှိမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအဒေါ်ကြီးခမျာ ဖရဲသီးရောင်းရပြီဆိုမှတော့ ရွှေဘဲမှာ ညစာစားနိုင်တဲ့လူတန်းစားမဟုတ်မှာတော့သေချာတယ်။ ဒါပေမယ့် သူစွန့် လွှတ် ရမှာထက် ကျောင်းသားတွေစွန့် လွှတ်နေရတာကို သူသိတယ်။ ဒါကြောင့် သူစိတ်ထဲမှာ ကြေကြေနပ်နပ် ကြီးကို တဗန်းလုံးချကြွေးလိုက်တာလို့ ထင်တယ်။

ဒီအဒ်ါကြီးလို စိတ်မျိုးနဲ့ လူတွေကျနော်တို့  နိုင်ငံရေးအကျဉ်းသားဘဝ အင်းစိန်ထောင်ကနေ မြင်းခြံထောင်ကိုပြောင်းတုန်းကလဲ ကိုယ်တိုင်တွေ့ ခဲ့ဖူးတယ်။ ၁၉၉၈ ခုနှစ်မေလကပေါ့။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသား အယောက် ၆၀ ကို ရန်ကုန် အင်းစိန်ထောင်ကနေ မန္တလေးထောင်ကို စာပို့ ရထားကြီးနဲ့ ခေါ်သွားတယ်။ အဲဒီအချိန်က နိုင်ငံရေးအကျဉ်းသားဆို အင်မတန်ဖိနှိပ်ထားတဲ့အချိန်ဆိုတော့ အထက်တန်းတွဲကနေဘယ်ခေါ်လိမ့်မလဲ။ အချုပ်တွဲနှစ်တွဲမှာ လူ ၆၀ ကို တဝက်စီခွဲပြီးခေါ်သွားတာပေါ့။ ရဲတွေကသေနတ်ကိုယ်စီနဲ့  စောင့်လို့ ။ အဲဒီမှာ အစောပိုင်းကပြောခဲ့တဲ့ ဖရဲသီးသည်အဒေါ်ကြီးလို အဖိုးအိုနဲ့ အဖွားအို လင်မယားရော၊ တခြားခရီးသည်တချို့ကိုပါတွေ့ လိုက်ရတယ်။ အဲဒီအဖိုးနဲ့ အဖွားက ရထားကိုအိမ်လုပ်ပြီးနေတဲ့သူတွေလို အိုးခွက်တွေနဲ့ ။ သူတို့ ကအစပိုင်းမှာ ကျနော်တို့  ဘယ်သူတွေလဲဆိုတာ အကဲခတ်နေတယ်။ နောက်တော့ နိုင်ငံရေးအကျဉ်းသားတွေ၊ ကျောင်းသားတွေမှန်းလဲသိသွားရော သူတို့ သယ်လာတဲ့အိုးထဲက သရက်သီးတွေအကုန်လုံး ကျနော်တို့ ကိုပေးပါလေရော။ ပြီးတော့ တခြားလူတွေကိုလဲ တီးတိုးဝါဒဖြန့် လိုက်ပုံရတယ်။ အမျိုးသမီးတယောက်စ နှစ်ယောက်စကျနော်တို့ တွဲကိုရောက်လာပြီး၊ ရေတို့ ၊ ဆေးလိပ်တို့  မုန့် တို့ ပေးပါလေရောဗျာ။ သူတို့ ရဲ့သတ္တိကို ကျနော်တို့  မချီးကျူးပဲမနေနိုင်တော့ဘူး။ ရဲတွေ ထောက်လှမ်းရေးတွေ ဒီလောက်မျက်စေ့ဒေါက်ထောက်ကြည့်နေတဲ့ကြားက မကြောက်မရွ့ံ လာကူညီတာလေ။ ကျနော်တို့ မှာ ကျေးဇူးတင်စကားကလွဲလို့  ပြန်ပြီးကျေးဇူးဆပ်စရာ မရှိခဲ့ဘူး။ စိတ်ထဲမှာလဲ ငါတို့ ဘက်မှာ ပြည်သူတွေရှိတယ်ဆိုတဲ့ခွန်အားကအပြည့်ဖြစ် သွားတယ်။ အဲဒီအချိန်တုန်းက နံရံလေးဘက်ကြားမှာ ၆ နှစ်ကျော်ကြာပြီးမှာအပြင်လောကကို ထောင်ပြောင်းအကျဉ်းသားဘဝနဲ့ အပြင်လေ ရှူခွင့်ရလိုက်တဲ့အချိန်ပေါ့။ ကျနော်တို့ ကို လိုက်စောင့်နေတဲ့ လက်နက်ကိုင်ရဲတွေ၊ အရပ်ဝတ်ထောက်လှမ်းရေးတွေကတော့ သုန်သုန်မှုံမှုံကြည့်နေတယ်။
နောက်တော့ မန္တလေးထောင်မှာ ၃ ညအိပ်လောက်ထည့်ထားပြီး တခါကျနော်တို့ အယောက် ၆၀ ကို ထောင်လေးထောင်ခွဲလိုက်ပြန်တယ်။ တချို့ ကို မန္တလေးထောင်မှာဆက်ထားပြီး၊ တချို့  ကို မြစ်ကြီိးနားထောင်၊ တချို့ ကို ကလေးမြို့ ကထောင်၊ တချို့ ကိုတော့ မြင်းခြံထောင်ကိုပို့  တယ်။ ကျနော်က မြင်းခြံထောင်ကိုအပို့ ခံရတဲ့ထဲပါသွားတယ်။ အဲဒီတုန်းက မနက်အစောကြီး ကျနော်တို့  အားလုံး ၁၇ ယောက်ကို အချုပ်ကားပြာကြီးထဲထည့်၊ ရှေ့ နောက် သေနတ်ကိုင် ရဲတပ်ဖွဲ့ အစောင့်ကားနှစ်စီးနဲ့  ခေါ်သွားတာပေါ့။ မန္တလေးထောင်ကနေ မြင်းခြံထောင်ကို မိုင် ၉၀ လောက်ရှိမယ်ထင်တယ်။ ကျနော်တို့ ကို တရကြမ်းမောင်းခေါ်သွားတာ၊ လမ်းတဝက်လောက်ရောက်တော့ သူတို့ ရဲ့အချုပ်ကားနဲ့ ရဲကားတွေအင်ဂျင်ပူလွန်းလို့  ရေဖြည့်ဖို့ တထောက်နားတယ်။ အဲဒီနားတဲ့နေရာက ညောင်ပင်ရွာတဲ့။ မန္တလေး-မြင်းခြံ အဝေးပြေးလမ်းဘေးကရွာဆိုတော့ အသွားအလာ ခရီးသည်ကားတွေ ကုန်ကားတွေကို ဈေးရောင်းတဲ့သူတွေ ဆိုင်တွေတွေ့ ရတယ်။ ကားရပ်တော့ ဈေးဗန်းလေးတွေနဲ့  ကလေးတွေရော အမျိုးသမီးတွေရော ကျနော်တို့ အချုပ်ကားနားကိုလာပြီးရောင်းတာပေါ့။ ဒီတော့ ကျနော်တို့ ကပြောလိုက်တယ်။ ညီမလေးတို့ ရေ အကိုတို့ ကနိုင်ငံရေးအကျဉ်းသား တွေ ကျောင်းသားတွေပါ။ အကိုတို့ မှာ ပိုက်ဆံပါမလာပါဘူး။ အဲတော့ တခြားကားတွေကို သွားရောင်းပါလို့ ပြောလိုက်တယ်။ ဈေးသည်လေးတွေက ချက်ချင်းဆိုသလို အမူအရာတွေ ပြောင်းသွားပြီး ယောက်ယက်ခတ်သွားတယ်။ ပြီးလဲပြီးရော သူတို့ ဈေးဗန်းထဲမှာ အထုပ်တွေ ထုတ်ပြီးထည့်ထားတဲ့ အသီးစိမ်းစိမ်းထုပ်လေးတွေ၊ တခြားမုန့် တွေကို ပေးပါလေရော။ အဒေါ်ကြီးတချို့ လဲရောက်လာပြီးပေး၊ ဦးလေးတယောက်ဆိုရင် ဆိုင်ရှင်ထင်တယ် မုန့် ထုတ် တွေ၊ ဆေးလိပ်တွေတပွေ့ တပိုက်ကြီးပေးပါလေရော။ ထူးဆန်းတာက ကျနော်တို့ ကိုမပေးခင် သူ့ ဖိနပ်လေးတောင်ချွတ်ထားလိုက်သေးတယ်။ တရိုတသေပေးပုံပြောပါတယ်။ ကျနော်တို့ မှာ အားကလဲနာ။ စိတ်ထဲမှာလဲ ငါတို့ ကိုထောက်ခံနေတဲ့သူတွေရှိနေပါသေးလားဆိုပြီးပီတိဖြစ်နဲ့  ပေါ့။ ပြီးတော့ အချုပ်ကားထဲမှာ ခြေကျင်းခတ်ခံထားရတဲ့ကြားက အော်ပြောလိုက်သေးတယ်။ ကျနော်တို့ တွေ ဒီမိုကရေစီရကိုရရမယ်လို့ ။ နောက်ပြီး သူတို့ ပေးတဲ့ အသီးစိမ်းစိမ်းလေးတွေ ကိုလဲ ဘယ်လိုခေါ်လဲလို့  မေးကြည့်သေးတယ်။ ဈေးရောင်းတဲ့ မိန်းကလေးတွေကလှမ်း ပြောတယ်။ အကိုကြီး အဲဒီ သစ်ချိုသီးလို့ ခေါ်တယ်တဲ့။ အော် -- ညောင်ပင်ရွာကသစ်ချိုသီး။ သူတို့ ပေးလိုက်တဲ့ အသီးက နာမည်နဲ့ လိုက်ပြီးချိုသလို ဝိုင်းပေးကြတဲ့ ပြည်သူတွေရဲ့ စေတနာနဲ့  စိတ်ဓါတ်ချိုပုံများ။ ကျနော်တို့ ကို လက်နက်အပြည့်နဲ့ စောင့်နေတဲ့ သူတွေက တော့ မျက်နှာတွေသုံမှုန်လို့ ။

ဒီကြောင်းကို ကျနော်လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကညောင်ပင်ရွာကသစ်ချိုသီး ဆိုတဲ့ ခေါင်းစဉ်နဲ့  ဆောင်းပါးတပုဒ်ရေးခဲ့ဖူးပါတယ်။ အဲတော့ ကျနော်ပြောချင်တာက ကျနော်တို့ မျိုးဆက်တွေ ဟာ ဖိဆီးလေးလံလွန်းလှတဲ့ နိုင်ငံရေးစနစ်၊ ပညာရေးစနစ်တွေကို တွန်းဖယ်ဖို့ ကြိုးစားကြ တယ်။ အဲဒီလိုတွန်းဖယ်တာဟာ တကိုယ်စာမဟုတ်ဘူးဆိုတာသေချာကြပါတယ်။ ဘာလို့  ဆိုရင် ဒီမိုကရေစီစနစ်တကယ်ဖြစ်ကြည့် အဲဒီကိစ္စဟာ သမဝါယမဆိုင်မှာဆီပေးသလို တဦးချင်းကိုပေးတာမဟုတ်လို့ ပဲ။ အခုလဲ ပညာရေးစနစ်သစ်တခုပေးဖို့ တောင်းနေတယ်။ ရရင် တဦးချင်း ကွန်ပါဗူး၊ စာအုပ်ရသလို မဟုတ်လို့ ပဲ။ မြန်မာနိုင်ငံမှာနေတဲ့သူမှန်သမျှ
ခံစားရမယ့်ကိစ္စဖြစ်တယ်။
ဒါကြောင့် အစာလာပေးတာကို သုန်သုန်မှုန်မှုန်နဲ့ ကြည့်နေတဲ့ အစောင့်တွေလိုကျင့်ကြံမလား၊ ဈေးဗန်းလိုက်ချကြွေးတဲ့ ဖရဲသီးသည်အဒေါ်ကြီးလို၊ သစ်ချိုသီးရောင်းတဲ့မိန်းကလေးတွေလို ကျင့်ကြံမလား။ ကိုယ်ကြိုက်ရာကိုယ်ရွေးခွင့်ရှိတယ်။ သေချာတာကတော့ သမိုင်းဆိုတာ မြစ်တစ်စင်းလိုစီးဆင်းနေတယ်။
လင်းနွေးအိမ်
နိုင်ဝင်ဘာလ ၁၇ ရက်၊ ၂၀၁၄။


0 အကြံပြုခြင်း: