Thursday, October 2, 2014

“ အလဲဗင်းကို ပြန်ကြားရေးက တရားစွဲပြီ၊ ဖြစ်သင့်ပါရဲ့လား ”




စည်သူအောင်မြင့်
မဇ္ဈိမ သတင်းစာ၊ ၂-၁၀-၁၄။ စာ-၉။

အားလုံးသိကြပြီးဖြစ်တဲ့ အတိုင်းပါပဲ။ ပြန်ကြားရေး ၀န်ကြီးဌာနက ပုံနှိပ်စက် ၀ယ်ယူတာနဲ့ ပါတ်သက်ပြီး၊ အလဲဗင်းက ဝေဖန်ရေးသား၊ ပြန်ကြားရေးက သတင်းစာ ရှင်းလင်းပွဲမှာ ရှင်း၊ အစည်းအဝေးမှာ ရှင်း၊ အလဲဗင်းက ထပ်ကာ ထပ်ကာရေး အခုနောက်ဆုံး တရားစွဲမယ် ဆိုတဲ့ အဆင့်အထိ ရောက်သွားပါပြီ။ ဘာတွေ ဖြစ်ကြတာပါလဲ၊ ဖြစ်သင့်ပါရဲ့လား ဆိုတာ ဒီကနေ့ ၀င်ရောက်ဆွေးနွေးကြည့်ရအောင်။
အောက်တိုဘာ ၁ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာပါတဲ့ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ကို အရင် စစ်ဆေးကြည့်ရအောင်။ စစ်ဆေးဖို့ လိုတာကြောင့် သူ့မူရင်းအတိုင်းပဲ ဖော်ပြလိုက်ပါ့မယ်။ အစိုးရ သတင်းစာ မဖတ်သူတွေလည်း ဖတ်ရတာပေါ့။ “၁။ ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့ထုတ် Weekly Eleven News ဂျာနယ်ပါ “အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေက နိုင်ငံပိုင်မီဒီယာများကို သွယ်ဝိုက်သောအားဖြင့် ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှု ပြုလုပ်ရန် ခွင့်ပြုနေသလား” ဟူသော မျက်နှာဖုံး သတင်းအတွင်း စာမျက်နှာတွင် “ပုံနှိပ်စက်သုံးလုံးကနေ ငါးလုံးအထိ (ပြန်ကြားရေး)က တင်ဒါ ခေါ်တယ်၊ အောင်ထားတယ်၊ အဲဒီပုံနှိပ်စက်တွေရဲ့ ဈေးနှုန်းကို ပြန်ကြည့်တဲ့အခါမှာ သတ်မှတ်ဈေးနှုန်းထက် ပိုနေတာတွေ တွေ့ပါတယ်။ ဥပမာအားဖြင့် စက်တစ်လုံးကို အမေရိကန်ဒေါ်လာ ရှစ်သိန်းဝန်းကျင်ပဲ ရှိတဲ့စက်ဟာ ပြန်ကြားဝန်ကြီးဌာနမှ တင်ဒါအောင်ထားတဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ တစ်သန်းကျော် ဖြစ်နေတာမျိုးတွေပေါ့။ တစ်ချို့စက်တွေဆိုရင် အမေရိကန်ဒေါ်လာ လေးငါးသိန်းလောက်နဲ့ ပြီးရမယ့်စက်က ဒေါ်လာသန်းကျော် ဖြစ်နေတဲ့အခါကျတော့ အဲ့ဒီကွာဟချက်မှာ ဘယ်လို ခြစားမှုတွေ၊ အလွဲသုံးစားမှုတွေ ရှိနေသလဲ” ဟု Daily Eleven သတင်းစာမှ အမှုဆောင် အယ်ဒီတာ နေထွန်းနိုင်၏ ပြောကြားချက်ကို ကိုးကားရေးထားသည်ကို တွေ့ရှိရပါသည်။
၂ မှာတော့ ပြန်ကြားရေးက သတင်းစာရှင်းပွဲလုပ်ပြီး ရှင်းတဲ့အကြောင်း၊ စာနယ်ဇင်းကောင်စီ ကိုလည်း ဖြေရှင်းပေးဖို့ အကူအညီတောင်းတဲ့အကြောင်း ဒါပေမယ့်လည်း အလဲဗင်းဘက်က တော့ သတင်းဖော်ပြခဲ့မှုနဲ့ ပါတ်သက်ပြီး “လုံးဝ(လုံးဝ) ပြင်ဆင်ပေးမည် မဟုတ်ကြောင်းနှင့် စာနယ်ဇင်းကောင်စီ (ယာယီ)နှင့်လည်း ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရန် အကြောင်းမရှိကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်စက်ဈေးနှုန်းများ အမှုကိစ္စကို သတင်းဆောင်းပါး ရေးသားမှုနှင့် ပတ်သက်၍ မိမိတို့ Eleven Media Group အား ညှိနှိုင်းရန် ဖိတ်ခေါ်ခြင်း၊ စာပို့အကြောင်းကြား ခြင်းများ ထပ်မံမပြုလုပ်ပါရန် မေတ္တာရပ်ခံကြောင်း Eleven Media ၏ ပြန်ကြားချက်ကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ပြန်ကြားရေးဝန်ကြီးဌာနသို့ အသိပေး အကြောင်းကြားလာ ခဲ့ပါသည်။” ဆိုပြီး ဖော်ပြထားပါတယ်။
၃။ မှာတော့ အလဲဗင်းဟာ စာနယ်ဇင်းကောင်စီ ရဲ့ ညှိနှိုင်းတာကို လက်မခံရုံမက ဆင့်ကဲ ဆင့်ကဲ စွပ်စွဲရေးသား ဖော်ပြမှုတွေ လုပ်လာတာကြောင့် “တရားစီရင်ရေး မဏ္ဍိုင်အတွင်းမှ တရားမျှတမှုကို” လိုချင်လို့ တရားစွဲရတာပါ ဆိုပြီး ဖော်ပြထားပါတယ်။
ဖြစ်စဉ်က ရှင်းပါတယ်။ ပြန်ကြားရေးရဲ့ လုပ်ရပ်တစ်ခုကို အလဲဗင်းက ရေးတယ်။ ဒါကို ပြန်ကြားရေးဘက်က အဲလိုရေးတာ မမှန်ပါဘူး၊ ပြင်ဆင်ပေးပါ ဆိုပြီး စာနယ်ဇင်း ကောင်စီက တဆင့် ညှိနှိုင်းတယ်၊ အလဲဗင်းက စာနယ်ဇင်းကောင်စီက ညှိနှိုင်းတာကို လက်မခံပါဘူး။ အဲဒီ အခြေအနေအောက်မှာ တရားစွဲဖို့ ဖြစ်လာတာပါ။ ပြန်ကြားရေးက ပုံနှိပ်စက် ၀ယ်တဲ့ကိစ္စ အလဲဗင်းက ရေးတာ မှန်မမှန်၊ ပြန်ကြားရေးက ရှင်းတာ မှန်မမှန် တရားရုံးတစ်ခုက အဆုံးအဖြတ် ပေးတော့မှာဖြစ်ပါတယ်။
ပြောရရင် မြန်မာနိုင်ငံမှာ ခုချိန်ထိ ရေဒီယို၊ ရုပ်သံ လွတ်လပ်ခွင့် လုံးဝ မရှိသေးပါဘူး။ ဒါပေမယ့် စာနယ်ဇင်း လွတ်လပ်ခွင့်တော့ အပြည့်အ၀ ရှိနေပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့်ရတာ ၂ နှစ်ကျော်ပဲ ရှိပါသေးတယ်။ စာနယ်ဇင်း အရေးအသားတွေဟာ ဘယ်သူ့ကိုမှ တင်ပြစရာ မလိုပဲ လွတ်လွတ်လပ်လပ်ကြီး ထုတ်နိုင်၊ ထုတ်နေကြပါပြီ။ ဒီအခါ စာနယ်ဇင်းတွေက ရေးသားတာတွေ မမှန်ရင်၊ ရာဇ၀တ်မှု တွေ ဖြစ်နေရင် ဘယ်လို လုပ်မလဲ မေးခွန်းတွေ ရှိခဲ့ပါတယ်။ တစ်ချို့ စာနယ်ဇင်းသမားတွေကတော့ ကောင်စီ ရှိလာရင် ကောင်စီ ကိုဖြေရှင်းခိုင်း၊ တရားတော့ မစွဲနဲ့ ဆိုတဲ့ သဘော ပြောဆိုကြပါတယ်။ သူတို့ ပြောဆိုချက်က အစိုးရကသာ တရားစွဲရင် တရားမျှတမှု ရနိုင်မှာ မဟုတ်ဘူးလို့ ယူဆ လို့ပါ။
ဒီလိုနည်းနဲ့ သည်ဗွိုက်စ် နဲ့ ကိုကျော်မင်းဆွေကို သတ္တုတွင်း ၀န်ကြီးဌာနက တရားစွဲပါတယ်။ နောက်ပိုင်း ညှိနှိုင်း အမှုရုပ်သိမ်းပေးပါတယ်။ လျှပ်တပြက် ဦးမြတ်ခိုင်ကို ရခိုင်ပြည်နယ်မှာ အားဓမ္မပြုကျင့်ခံရ အသတ်ခံရတဲ့ မသီတာထွေးရဲ့ ဖော်ပြဖို့ မသင့်တဲ့ ဓာတ်ပုံကို ဖော်ပြလို့ အစိုးရက တရားစွဲပါတယ်။ နောက်တော့ သမ္မတ လွတ်ငြိမ်းခွင့်နဲ့ စီရင်ချက်မချမီ လွတ်မြောက်သွားပါတယ်။ အလဲဗင်းက ဒေါက်တာသိန်းမြင့်နဲ့ ကိုနော် ပုဂံ ကို ရှေးဟောင်း သုတေသန ဦးစီးဌာနက ရေးသားဖော်ပြမှုတွေ မမှန်ဘူးဆိုပြီး အသရေဖျက်မှု ပုဒ်မ ၅၀၀၊ ၅၀၁ နဲ့ စွဲခဲ့ပါတယ်။ ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးကနေ ပုဒ်မ ၅၀၀နဲ့ ပြစ်မှုထင်ရှားတယ် ဆိုပြီး ငွေဒါဏ် ၁၀၀၀ ပေးဖို့ မပေးရင် အလုပ်နဲ့ ထောင်ဒါဏ် ၃ လ ကျခံစေဖို့ အမိန့်ချခဲ့ဖူးပါတယ်။
အလားတူ အလဲဗင်းက ဒေါက်တာသိန်းမြင့်ကို ရန်ကုန် တရားရုံးချုပ်ကနေ တရားရုံးမှာ စစ်ဆေးနေဆဲ အလဲဗင်း အမှတ်တံဆိပ် မူပိုင်ခွင့် အမှုနဲ့ ပါတ်သက်လို့ အလဲဗင်းမှာ ရေးသားဖော်ပြတာတွေဟာ တရားရုံးကို မထေမဲ့မြင်ပြုရာ ရောက်တယ် ဆိုပြီး တရားစွဲပါတယ်။ ပြစ်မှု ထင်ရှားတဲ့ အတွက် ဒါဏ်ငွေ ကျပ် ၂၀၀၀ နဲ့ မဆောင်ရင် အလုပ်မဲ့ ထောင်ဒါဏ် ၃ လ ကျခံစေဖို့ အမိန့်ချခဲ့ဖူးပါတယ်။
အလားတူ အလဲဗင်းက အခြားသူတွေရဲ့ ရေးသားဖော်ပြချက်ကို တရားစွဲတာတွေလည်း ရှိခဲ့ဖူးပါတယ်။ နမူနာအားဖြင့် အားကစား ကလောင်ရှင် ကိုသက် တောင်ငူကို ဆောင်းပါးရေးလို့ အသရေပျက်မှုနဲ့ တရားစွဲပါတယ်။ အမှုရှုံးပါတယ်။ သရော်စာ ရေးတဲ့အတွက် အလဲဗင်း ဦးမြတ်သစ်က မာဂျေကို ပုဒ်မ ၅၀၀ နဲ့ တရားစွဲပါတယ်။ နောက်ပိုင်း အမှု ပြန်ရုပ်သိမ်းပါတယ်။ ဆောင်းပါးရှင် စည်သူအောင်မြင့်ကို အလဲဗင်းကို ဝေဖန်ရေးသားလို့ ၅ မှု စွဲပါတယ်။ ၃ မှု တရားရုံးတွေက ပလပ်လိုက်ပါတယ်။ ၂ မှု တရားရုံးမှာ အမှုရင်ဆိုင်နေဆဲ ဖြစ်ပါတယ်။ နောက်ထပ် တစ်မှု စွဲမယ်ဆိုပြီး သတင်းစာမှာ ကြေငြာခဲ့ပေမယ့် စွဲမစွဲ မသိရပါဘူး။
ပြောရရင် ဟိုရေးဒီရေး ရေးရင် ပိတ်ပင်မယ် ဆိုတာ အရင် စစ်အာဏာရှင်ခေတ်က လုပ်ရပ် ဖြစ်ပါတယ်။ ခေတ်သစ်မှာ နိုင်ငံတကာ နည်းတူ ရေးသားဖော်ပြတာကို မကျေနပ်ရင် ညှိနှိုင်းဆွေးနွေး၊ မရရင် စာနယ်ဇင်း ကောင်စီကို တင်ပြ၊ မရရင် တည်ဆဲ ဥပဒေနဲ့ အညီ တရားစွဲဖို့ပါပဲ။ အရေးကြီးတာက တရားစီရင်ရေး စနစ်ကို အသုံးပြုပြီး တစ်ဖက်သားကို ဒုက္ခမပေးဖို့ လိုသလို၊ တရားစီရင်မှုကလည်း မျှတဖို့၊ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ဖို့ လိုပါတယ်။ သက်ဆိုင်ရာ တရားစီရင်ရေး ဘက်က ပုဂ္ဂိုလ်များကလည်း အစိုးရအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ ပြန်ကြားရေးက ပုဂ္ဂလိက မီဒီယာ တစ်ခုဖြစ်တဲ့ အလဲဗင်းကို တရားစွဲဆိုတဲ့ အမှုကို စီရင်ဆုံးဖြတ်ရာမှာ ဥပဒေ အတိုင်းလွတ်လွတ်လပ်လပ် မျှမျှတတ ဆုံးဖြတ်နိုင်အောင် စီစဉ် ဆောင်ရွက်ပေးသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

0 အကြံပြုခြင်း: