Sunday, October 12, 2014

ထိုင်းမှာ ဖမ်းဆီးခံထားရသူ ၂ ဦးရဲ့ မိသားစုဝင်တွေ ရန်ကုန်ရောက်ရှိ

ထိုင်းနိုင်ငံတောင်ပိုင်း ခိုထောင်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ ၂ ဦးရဲ့ မိသားစုဝင်တွေဟာ ဖမ်းဆီးခံထားရသူတွေကို တွေ့ဆုံဖို့အတွက် ရန်ကုန်မြို့ကို ဒီနေ့ ညနေက ရောက်ရှိလာပါတယ်။
.
ရခိုင်ကွန်ယက်ရဲ့ အကူအညီနဲ့ ဖမ်းဆီးခံထားရသူ ၂ ဦးရဲ့ မိသားစုဝင်တွေဟာ ရခိုင်ပြည်နယ် ကျောက်ဖြူကနေ ရန်ကုန်မြို့ကို ရောက်ရှိလာတာဖြစ်ပြီး နိုင်ငံကူးလက်မှတ်နဲ့ တခြားလိုအပ်တာတွေကို ပြင်ဆင်ပြီး ထိုင်းနိုင်ငံကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။
.
Photo: Kyaw Htoon Naing/ Kyaw Zaw Win/ RFA



ထိုင်းနိုင်ငံသို့ သွားရောက်ရန် ဖမ်းဆီးခံထားရသည့် မြန်မာလုပ် သားနှစ်ဦး၏ မိဘများ ရန်ကုန်သို့ ရောက်ရှိ 
*********************************************************************
ဗြိတိန်နိုင်ငံသားစုံတွဲနှစ်ဦးသေဆုံးမှုတွင် လူသတ်မှုဖြင့် ဖမ်းဆီးခံနေရသူ မြန်မာလုပ်သား နှစ်ဦး၏ မိဘများသည် ထိုင်းနိုင်ငံသို့သွားရောက် ရန် အောက်တိုဘာ ၁၂ ရက်က ရန်ကုန်သို့ရောက်ရှိခဲ့သည်။
.
ရခိုင်လူမှု အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဖမ်းဆီးခံရသူ ကိုဝင်းဇော်ထွန်း၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက်၊ မိခင်ဖြစ်သူဒေါ်မေသိန်းနှင့် ကိုဇော်လင်းဦး၏ မိခင်ဖြစ်သူဒေါ်ဖြူချေနုတို့ ရောက်ရှိလာခြင်းဖြစ်သည်။
.
ဦးထွန်းထွန်းထိုက်က “ဒီက အဖွဲ့အစည်းတွေကသားနဲ့တွေ့ဖို့တာဝန်ယူတယ်လို့ဆိုတယ်၊ သူ့အမေက တအားငိုပြီး တက်တတ်လို့ သားလွတ်ပြီလို့ပြောထားတယ်” ဟု ဦးထွန်းထွန်းထိုက်က မဇ္ဈိမကိုပြောသည်။
.
ရခိုင်အမျိုးသားကွန်ရက်၊ကျောက်ဖြူ လူမှုကွန်ရက်နှင့် အလှူရှင်များကထိုင်းနိုင်ငံသို့သွားရောက်ရန် ကူညီကြ မည်ဖြစ်ပြီးလက်ရှိတွင်ရန်ကုန်မြို့၊ တောင်ဒဂုံမြို့ နယ်ရှိ ထွန်းသွင် ဘုန်းကြီးကျောင်းတွင် တည်းခိုမည်ဖြစ်သည်။ကိုဇော်လင်းဦး၏ မိခင်ဒေါ်ဖြူချေနုက “ပြန်လွတ်စေချင်တယ်”ဟု ဆိုသည်။
.
၎င်းတို့သည် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်ရှိ ကာပီချောင်းကျေးရွာနှင့် မိချောင်းရေသောက်ကျေးရွာတွင် နေထိုင်ကြသူများဖြစ်သည်။
.
ထိုင်းနိုင်ငံ၊ စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း(လိပ်ကျွန်း)တွင် စက်တင်ဘာ ၁၅ရက်က ဗြိတိန်နိုင်ငံသား စုံတွဲနှစ်ဦး သေဆုံးမှုတွင် မြန်မာလုပ်သားနှစ်ဦးဖြစ် သည့် မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းဦးတို့ ကျူးလွန်းသည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး အမှုမခိုင်လုံဟုဆိုကာ ထိုင်းဥပဒေရုံးက အောက်တိုဘာ ၈ရက်တွင် ပယ်ချထားသည်။
.
Photo : ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် သားဖြစ်သူ မောင်ဝင်းဇော်ထွန်းအား သွားရောက်တွေ့ဆုံ ရန် အောက်တိုဘာ ၁၂ရက်ကရန်ကုန်သို့ ရောက် ရှိလာသည့် ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက် အား မီဒီယာများ၏ မေးမြန်းမှုကို ဝမ်းနည်းကြေကွဲစွာ ဖြေကြားနေသည်ကို တွေ့ရစဉ်၊(ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ)
.
Credit : မဇ္ဈိမ

0 အကြံပြုခြင်း: