Saturday, October 25, 2014

ကိုပါကြီး၏ ဇနီးဖြစ်သူထံ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ပထမဆုံးအကြိမ် ဆက်သွယ်လာဟုဆို ။




ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး သေဆုံးမှုနှင့်ပတ်သက်၍ ၎င်း၏ဇနီးဖြစ်သူ
မသန္တာထံ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှဟုဆိုကာ အမျိုးသားတစ်ဦးက
ယနေ့ညနေ ၃း၎ဝ အချိန်ခန့်က ဖုန်းဖြင့်ဆက်သွယ်လာကြောင်း မသန္တာ၏
ပြောကြားချက်အရ သိရသည်။

“ကျိုက်မရောရဲစခန်းမှာ လူပျောက်တိုင်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေး
ချင်လို့လာတွေ့နိုင်မလားမေးတယ်၊ ရှင်တို့က လာတွေ့ရမှာမဟုတ်ဘူးလား၊
ကျွန်မကအသုဘရှင်လေ၊ ဗုဒ္ဓဘာသာတွေမဟုတ်ဘူးလားလို့ ပြန်ပြောလိုက်
တယ်၊အဲတာနဲ့ တောင်းပန်ပါတယ်တဲ့၊ ထပ်ပြီးဆက်သွယ်လိုက်ပါ့မယ်ဆိုပြီး
ဖုန်းချသွားတယ်”ဟု မသန္တာက ပြောသည်။

“ရဲစခန်းမှာ လူပျောက်တိုင်ထားတဲ့ကိစ္စကို တကယ်က ရဲစခန်းကပဲ ဆက်သွယ်
ရမှာပေါ့၊ စစ်ဘက်က ဆက်သွယ်တယ်ဆိုတော့ ထူးခြားနေတယ်၊ နာမည်နဲ့
ရာထူးမေးတော့လည်း မဖြေသွားဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ ခေါ်ဆိုသည့် ဖုန်းနံပါတ်သို့ မြန်မာ့ခေတ်မှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့
သော်လည်း စက်ပိတ်ထားခဲ့သည်။

မသန္တာအနေဖြင့် တစ်လခန့်ပျောက်ဆုံးနေသည့် ခင်ပွန်းဖြစ်သူ ကိုပါကြီးနှင့်
ပတ်သက်၍ အောက်တိုဘာ ၁၉ ရက်နေ့က မွန်ပြည်နယ်ကျိုက်မရောမြို့ရှိ
ခမရ(၂ဝ၈)နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ သွားရောက်စုံစမ်းခဲ့ဖူးပြီး
ကျိုက်မရောမြို့ရဲစခန်းတွင် လူပျောက်တိုင်ကြားခဲ့သည်။

ထို့နောက် ၂၁ရက်တွင် ရန်ကုန်မြို့၌ ကိုပါကြီးကိစ္စကို သတင်းစာရှင်းလင်းပွဲ
ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ၂၄ရက်နေ့တွင် ထွက်ရှိသည့် The Voice Daily
သတင်းစာတွင် “တစ်လကြာအဖမ်းခံထားရသည့် ကိုပါကြီးကို အသေဖမ်းမိ
ဟုတပ်မတော်ထုတ်ပြန်”ဆိုသည့်သတင်းပါရှိလာမှသာ ခင်ပွန်းဖြစ်သူသေဆုံး
ကြောင်း သိရှိခဲ့ရသည်ဟု မသန္တာက ဆိုသည်။

ယင်းကိစ္စများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စများကိုရှေ့နေ
များဖြင့်တိုင်ပင်နေပြီး နိုင်ငံရေးအလွှာအသီးသီး ပါဝင်သည့်ကော်မရှင်တစ်ရပ်
ဖွဲ့စည်းကာ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေးအတွက်ကြိုးပမ်းသွားမည်ဟုလည်း
၎င်းက ပြောသည်။

“လောလောဆယ်တော့ အလောင်းပြန်ရဖို့ကိုပဲ အရင်လုပ်မယ်၊ ဒီညတွင်းချင်း
ကျိုက်မရောကို လိုက်သွားမယ်”ဟု မသန္တာက ပြောသည်။

သတင်းဓါတ်ပုံ- The Myanma Age.

0 အကြံပြုခြင်း: