Sunday, October 19, 2014

လူကောင်းယောင်ဆောင်ချင်သူများရဲ့ ဒုက္ခ



ကြက်ပြေးအစိုးရဟာ အခုအချိန်မှာ EITI အဖွဲ့ထဲဝင်ဖို့ အသားကုန်ကြိုးစားနေပါတယ်။ မနှစ်ကတည်းကလျှောက်ထားတာ။ အခု ပဏာမအဖွဲ့ဝင်ပဲရှိပါသေးတယ်။ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ဖို့ ဆန်းစစ်ရမယ့်အချက်တွေကျန်ပါသေးတယ်။ ဗမာအစိုးရသေမတက်ဝင်ချင်နေတာ အကြောင်းရှိပါတယ်။ ဒီအဖွဲ့ထဲဝင်ရင် မရှိတဲ့ နိုင်ငံဂုဏ်သိက္ခာတက်လာမယ်။ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုတွေ လှိမ့်ဝင်လာမယ်။

ခက်တာက EITI ဟာ သဘာဝသယံဇာတတွေကို ထုတ်ယူသုံးစွဲတဲ့တိုင်းပြည်တွေမှာ ပတ်ဝန်းကျင်အနေအထားမပျက်စီးအောင် ဘယ်လိုလုပ်ထားတယ်။ ဒေသခံပြည်သူတွေရဲ့ဆန္ဒမပါဘဲ မလုပ်တဲ့အကြောင်းတွေ၊ ဒေသခံပြည်သူတွေကို နဂိုရ်အခြေအနေထက် စီမံကိန်းတွေလုပ်လိုက်မှ တိုးတက်လာတယ်ဆိုတဲ့အချက်အလက်တွေ၊ သယံဇာတထုတ်လုပ်ရာမှာ ပါဝင်တဲ့ရှယ်ယာရှင်တွေရဲ့ အသေးစိတ်စာရင်းတွေ၊ ဒီသယံဇာတတွေကို ဘယ်သူကိုဘယ်လောက်နဲ့ရောင်းချတယ်၊ ဝင်ငွေပေါင်းဘယ်လောက်ရတယ်၊ အဲဒီဝင်ငွေတွေကို ပြည်သူ့အကျိုးအတွက် ဘယ်လိုသုံးစွဲခဲ့တယ်ဆိုတာတွေကို အသေးစိတ်တင်ပြအစစ်ခံရတာပါ။

အခု EITI ကိုဝင်ခွင့်ရဖို့ အစစ်ခံနေရတဲ့အခြေအနေမှာ ရှယ်ယာရှင်တွေကို တိတိကျကျမဖော်ပြလို့ ဒုက္ခတွေ့နေရပါပြီ။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်တဲ့လုပ်ငန်းမှာ နိုင်ငံခြားကုမ္ပဏီတွေထည့်ဝင်တဲ့အစုတွေက ပြဿနာမရှိပေမယ့် ဗမာဘက်ကထည့်ဝင်တဲ့ အစုငွေတွေ ရှယ်ယာရှင်တွေကို အသေးစိတ်မဖော်ပြနိုင်တဲ့အတွက် ဒုက္ခတွေ့နေရတာပါ။ စစ်အစိုးရလက်ထက်ကတည်းက သဘာဝဓာတ်ငွေ့ကရတဲ့ငွေကို ဗမာပြည်စာရင်းထဲ တစ်ဒေါ်လာ ၆ ကျပ်ခွဲနဲ့ပြပြီး ကျန်တဲ့ဒေါ်လာသန်းထောင်ချီကို စစ်တပ်က နိုင်ငံခြားဘဏ်တွေမှာအပ်ထားခဲ့လို့ ဒေါ်လာ ၁၂ ဘီလျံကိစ္စကို သတင်းစာတွေကဖော်ထုတ်ခဲ့တာပါ။ အခု EITI ဝင်မယ့်အနေအထားမှာ အခုပြောတဲ့အချက်တွေက အဓိကကျနေတာမို့ လူကောင်းယောင်ဆောင်ချင်တဲ့ပုဂ္ဂိုလ်မှာ အမှုတွဲတွေတစ်သီကြီးနဲ့မို့ ရုန်းထွက်ဖို့ခက်နေပြီး နောက်နှစ်မှာဆုံးဖြတ်မယ့် EITI ဝင်ခွင့်တောင်ရပါ့မလားမသိပါ။

နောက်တစ်ခုက ကုလသမဂ္ဂတတိယကော်မတီမှာ ဗမာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ စစ်အစိုးရစတက်ကတည်းက အမြဲပြစ်တင်ရှုံ့ချခံနေရပြီး တကမ္ဘာလုံးက စိုးရိမ်စွာစောင့်ကြည့်နေခဲ့ရတဲ့ အနေအထားပါ။ အခုလည်း ၂၀၁၀ ကစပြီး ဗမာစစ်အစိုးရက အချိုးတွေပြင်နေပါပြီ၊ နောက်ကြောင်းပြန်မလှည့်ပါဘူး၊ ပြုပြင်ပြောင်းလဲမှုတွေက (မအောင်မြင်သော်လည်း) တတိယအဆင့်ရောက်နေပါပြီ၊ ငြိမ်းချမ်းရေးလည်းရအောင်လုပ်နေပါပြီဆိုပြီး တတိယကော်မတီရဲ့ အစီရင်ခံစာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ နှစ်စဉ်အဆိုတင်သွင်းမှုကိုရပ်ဆိုင်းပေးပါဆိုပြီး EU ကို သမ္မတသုံးသိန်းစိန်က တောင်းဆိုနေပါတယ်။ မကြာသေးခင်ရက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကိုရီးယားအမျိုးသမီးက အဲဒီတတိယကော်မတီမှာ မြန်မာနိုင်ငံလူ့အခွင့်အရေးနောက်ဆုံးအခြေအနေကို ဗမာပြည်က သူပြန်သွားပြီးလပိုင်းအတွင်းမှာတင်လိုက်လို့ပါ။ အစီရင်ခံစာပါအချက်တွေက အရင်စစ်အစိုးရလက်ထက်တွေကအတိုင်း ထူးမခြားနားမို့ လူကောင်းယောင်ဆောင်ပြီး
အာရှ-ဥရောပထိပ်သီးအစည်းအဝေးကို အီတလီမှာတက်နေတဲ့ သမ္မတသုံးသိန်းစိန်က ငိုပြီးပြောနေရတဲ့အခြေအနေပါ။

တစ်သက်လုံးဆိုးလာတဲ့လူက ကောင်းသွားပြီဆိုရင် ကြေညာနေစရာမလိုပါ။ ပတ်ဝန်းကျင်ကသိပါတယ်။ အသိအမှတ်ပြုမှာပါ။ ဒါပေမယ့် လူဆိုးက လူကောင်းယောင်ဆောင်မယ်ဆိုရင်တော့မရပါ။ အဲဒါလည်း ပတ်ဝန်းကျင်ကသိပါတယ်။ သူဘာပြောနေနေ လူဆိုးအဖြစ်ပဲအသိအမှတ်ပြုတာပါ။ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းမှာ ဓမ္မအတွက်ဆိုရင် အားမနာပါဘူး။ ဟန်ဆောင်ပြီးလည်း အသိအမှတ်ပြုမှာမဟုတ်ပါဘူး။
*****************************************
ကမ်းလွန် Photo- Ko Thi ha

လေးစားစွာဖြင့်

Ko Soe Win

0 အကြံပြုခြင်း: