Saturday, October 25, 2014

နိုင်ငံသားအခွင့်အရေးချိုးဖောက်ခံရမှုနှင့် တရားမဲ့အနိုင်ကျင့် သတ်ဖြတ်ခံရမှုတို့ အတွက် သဘောထားထုတ်ဖော်ရန် နိုင်ငံရေးအင်အားစုများ ဆွေးနွေး




======================================================
ယနေ့ အောက်တိုဘာ ၂၅ ရက် ၊ ၂၀၁၄ ခုနှစ် မွန်းလွဲ ၂း၀၀ နာရီအချိန်က ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း) ရုံးတွင် နိုင်ငံရေးအင်အားစု (၂၀) ဖွဲ့မှ ကိုယ်စားလှယ်များ စုစည်းကြပြီး နိုင်ငံသားအခွင့်အရေးချိုးဖောက်ခံရမှုနှင့် တရားမဲ့အနိုင်ကျင့် သတ်ဖြတ်ခံရမှုတို့ အတွက် သဘောထားထုတ်ဖော်ရန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
အစည်းအဝေးဆုံးဖြတ်ချက်အရ ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)၊ Generation Wave၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ အ.က.သ. ( ၈၈မျိုးဆက် )၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံကဗျာဆရာများ သမဂ္ဂ၊ 141 Plus နိုင်ငံရေး အင်အားစု၊ နိုဗယ် ငြိမ်းချမ်းရေးလှုပ်ရှားမှုအဖွဲ့ ( 10 D )၊ မြန်မာ့လူမှုဘဝတိုးတက် မြင့်မားရေးအသင်း၊ အဖြူရောင်တွဲလက်များအဖွဲ့၊ Triangle Women၊ ၇၄/၇၅/၇၆ အင်အားစုများ၊ သုံးရောင်ခြယ်ကျောင်းသားများအဖွဲ့၊ Yangon School of Political Science၊ တောင်သူလယ်သမားများနှင့် မြေယာလုပ်သားများသမဂ္ဂ၊ Myanmar Institute for Democracy၊ အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်- လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကွန်ယက် တို့ စုပေါင်းပြီး “ နိုင်ငံသား တဦးဖြစ်သူ ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင် သေဆုံးခဲ့ ရခြင်းအတွက် ဒီမိုကရက်တစ်အင်အားစုများ၏ စုပေါင်းသဘောထား ထုတ်ပြန် ကြေညာချက် ” ကို ထုတ်ပြန်ရန်နှင့် မနက်ဖြန် အောက်တိုဘာလ ၂၆ ရက်၊ ညနေ ၄း၀၀ နာရီတွင် အထက်ပါအဖွဲ့အစည်းများ စုပေါင်း၍ ရန်ကုန်မြို့၊ မြို့တော်ခန်းမ ရှေ့တွင် “ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရမှုနှင့် တရားမဲ့အနိုင်ကျင့် သတ်ဖြတ် ခံရမှုတို့ အတွက် သဘောထားထုတ်ဖော်သည့် လှုပ်ရှားမှု ” ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ ကြသည်။
The 88 Generation Peace and Open Society

0 အကြံပြုခြင်း: