Monday, October 27, 2014

ဝင်းဇော်ထွန်းအမေရဲ့ ရင်ဖွင့်သံ




Credit>> Ei Ei Chaw (အင်တာဗျူးလုပ်ထားပေးခြင်းဖြစ်တယ်)
.........................

`သားလေးကိုချစ်တာ အခြားမိခင်များထက်ပိုမယ်ထင်တယ်´

ကျမသားလေးရဲ့ အကျင့်စရိုက်ကို ကျမအသိဆုံးပါ၊ မိဘကိုလည်း ဘယ်သောအခါကမှ မလိမ်တတ်ဘူး။ သူများကိုလည်း မလိမ်တတ်ဘူး၊ သူရှိတိုင်းပဲ ပြောတတ်တယ်၊ နေတတ်တယ်။ သူတို့တွေရဲ့စိတ်က ကလေးလိုမျိုးပဲ၊ မရိုင်းစိုင်းဘူး၊ ရိုးသားကြတယ်။ အခုချိန်အထိ သားလေးက ဒီအတိုင်းပါပဲဆိုတာ ကျမယုံကြည်တယ်။ လို့ မိခင် ၂ ယောက်လုံးက အားရပါးရဖြေကြပါတယ်။ ကျမမှာလည်း မြန်မာဘာသာကနေ အင်္ဂလိပ်လို ဘာသာပြန်ရတာတဲ့ကြားက ရခိုင်းစကားကိုလည်း ဘာသာပြန်တဆင့်နဲ့ နားလည်အောင်ကြိုးစားရသေးတယ်။

ကျမနဲ့ မိခင် ၂ ယောက်ဆက်ပြီး အေးအေးဆေးဆေးစကားပြောဖြစ်ကြတဲ့အခါမှာ `အန်တီမှာ သား ၂ ပဲရှိပါတယ်၊ ၀င်းဇော်ထွန်းက အငယ်ပေါ့၊ အန်တီတို့ ဆင်းရဲပါတယ်၊ အန်တီက ရွာမှာ မုန့်ဟင်းခါးရောင်းတယ်။ သားက ၉ တန်းကျောင်းသားဆို တော့ သူများလိုမျိုးမသုံးနိုင်ဘူး၊ အဲဒါနဲ့ အမေ့ကိုသနားတယ်ဆိုပြီး အလုပ်လုပ်ဖို့ ထိုင်းနိုင်ငံကိုလာတာ ၆ လပဲရှိသေးတယ် သမီရေ။ သားက ကလေးလိုပဲ ...... အိမ်မှာနေတုန်းကဆိုရင် သူ့ကိုအမြဲတမ်းထမင်းခွံ့ကျွေးရတာ၊ သူကအငယ်ဆုံးဆိုတော့ နွဲ့ဆိုးဆိုးတာပေါ့နော။ သူ့ကိုလည်း အန်တီအရမ်းချစ်တာ အခြားအမေတွေထက်ပိုမယ်လို့ အန်တီထင်တယ် ... သမီးရဲ့။ သူ့ကို တခါမှလည်း မရိုက်ဖူးဘူး၊ ရိုက်ဖို့လည်းမလိုအောင် သူကလိမ္မာတာကိုး။ သားသတင်းကြားရတကည်းက အန်တီလေ တက်တာရော့၊ မေ့လဲတာရော၊ ပြီးတော့လေ အန်တီ့သားလေးအတွက်ယူကျုံးမရဖြစ်ပြီး အိမ်ပေါ်ကခုန်ချတာ။ အန်တီသေလိုက်ချင်တာလေ။ ဒါနဲ့ မစားနိုင်မသောက်နိုင်နဲ့ အန်တီအတော်လေး ပိန်းသွားတာ။ အန်တီကလေ ကိုယ့်သားတယောက်တည်းကို စိတ်ပူတာမဟုတ်ဘူးနော်၊ တဖက်ကအသတ်ခံလိုက်ရတဲ့ ကလေးတွေရဲ့မိဘတွေ ကိုယ်ချင်းစာမိတယ်၊ သူတို့ဆိုရင် အန်တီတို့ထက်ဆပေါင်းများစွာခံစားရမှာနော်၊ အန်တီတို့မှာက သားတွေအဖမ်းခံရတာပဲရှိတယ်။ သူတို့မှာက သားရော သမီးရောအဓမ္မပြုခံရတယ်၊ အသတ်လည်းခံရတယ်ဆိုတော့ ပိုပြီးသောကရောက်မှာလေ။ အန်တီက နဂိုကလည်း ကျန်းမာရေးမကောင်းဘူး။ အဲဒါ သားကြီးရဲ့မိန်းမ .... ချွေးမက အမေရေ အမေသေလို့မဖြစ်ဘူး၊ အမေသေရင် မောင်လေးကို အမေဘယ်လိုကူညီနိုင်မလဲ၊ မောင်လေးကို အမေက ဒီတိုင်းပဲ ပစ်ထားတော့မှာလား။ အမေသေချာစဉ်းစားကြည့်ပါ၊ အမေကျန်းမားအောင် နေရမယ်၊ မောင်လေးကိုကူညီ နိုင်အောင် အမေအသက်ရှင်နေဖို့လိုတယ် .... လို့ချွေးမက သတိပေးလို့ အန်တီလည်း အားတင်းထားပြီး ငါ့သားကိုငါကယ်မယ်ဆိုပြီး ချက်ချင်း ထိုင်းကိုလာဖို့ ဆုံးဖြတ်တာ။ အမှန်တကယ်ကို ရတဲ့နည်းနဲ့ ရှိတာတွေအကုန်ထုခွဲရောင်းချပြီးလာမှာ သမီးရဲ့။ ဒါပေမယ့် အန်တီတို့လူမျိုးတွေက ၀ိုင်းကူညီကြတာ ဆိုတော့ အန်တီတို့လည်း ဒီဘက်ကိုအမြန်လာနိုင်တာပေါ့။ အန်တီတို့ကို ၀ိုင်းဝန်းကူညီကြတဲ့သူတွေကို အရမ်းကျေးဇူးတင်မိပါတယ်ကွယ်´။

0 အကြံပြုခြင်း: