Thursday, September 4, 2014

တရုတ်လူမျိုး ရှောက်စန်းပိုင် ကုမ္ပဏီတွင် ၀န်ကြီးချုပ် ဦးမြင့်ဆွေ၏သမက် ပါဝင်ပတ်သက်မှု၊


ရွှေပြည်သာစက်မှုဇုန် အပိုင်း(၃) ဦးရွှေဘင်လမ်းရှိ Yangon Crown ၀ိုင်ယာကြိုးစက်ရုံအား တွေ့ရစဉ်
Eleven Media Group

Tomorrow ဂျာနယ်ပါ တရုတ်လူမျိုး ရှောက်စန်းပိုင် ကုမ္ပဏီတွင် ၀န်ကြီးချုပ် ဦးမြင့်ဆွေ၏သမက် ပါဝင်ပတ်သက်မှု၊ ရန်ကုန်မြို့သစ်စီမံကိန်းဧရိယာတစ်ဝိုက် ရှောက်စန်း၏ မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီမှ မြေဧကထောင်ချီ ၀ယ်ယူထားမှု သတင်းများအပေါ် အစိုးရအနေဖြင့် ဖော်ထုတ်ရှင်းလင်းရန် လိုအပ်လာ

Written by: နေထွန်းနိုင်၊ မာန်သူရှိန်

Tomorrow သတင်းဂျာနယ်ပါ တရုတ်လူမျိုး ရှောက်စန်းပိုင်ကုမ္ပဏီတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ သမက်ဖြစ်သူ ဦးတာရာမြင့်ဆွေ ပါဝင်ပတ်သက်မှု၊ ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာတစ်ဝိုက်၌ ရှောက်စန်းမှ မြေဧကထောင်ချီ ကြိုတင်ဝယ်ယူထားမှုများအပေါ် ဝန်ကြီးချုပ်ဦးမြင့်ဆွေ အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့မှလည်း ဖော်ထုတ်ရှင်းလင်းရန် လိုအပ်လာကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ ထောက်ပြလာကြသည်။

စက်တင်ဘာ ၂ ရက်ထုတ် Tomorrow သတင်းဂျာနယ်တွင် “ပြည်သူတွေ စိတ်ဝင်စားနေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်း နောက်ကွယ်က တရုတ်လူမျိုး ရှောက်စန်းအကြောင်း” ဟူသောခေါင်းစဉ်ဖြင့် ဆောင်းပါးကို ဖော်ပြခဲ့သည်။

အဆိုပါ ဆောင်းပါးတွင်“ အေးရွာမြို့သစ်စီမံကိန်းကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလတွင် ဖွဲ့စည်းလိုက်သော မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက အကောင်အထည်ဖော်ရန် မူလကလက်သိပ်ထိုးစီစဉ်ခဲ့ကြသည်။ ထိုကုမ္ပဏီအပါအဝင် Yangon Crown ကုမ္ပဏီ၊ Crown Advance ကုမ္ပဏီတို့၏ ပိုင်ရှင်အစစ်ကိုလည်း ပြည်သူများ သိလိုလာကြသည်။ ထိုကုမ္ပဏီများတွင် နာမည်ထည့်မထားသော်လည်း အမှန်ပိုင်ဆိုင်သူနှစ်ဦးမှာ ရှောက်စန်းနှင့် ရှောင်စွတ်ဆိုသည့် တရုတ်ညီအစ်ကိုဖြစ်သည်” ဟု ဖော်ပြထားသည်။

ထို့ပြင် “ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ သမက် ဩစတြေးလျနိုင်ငံသားခံယူထားသူ ဦးတာရာမြင့်ဆွေသည် ရှောက်စန်း၏ Yangon Crown ကုမ္ပဏီတွင် ဒါရိုက်တာတစ်ဦးဖြစ်သည်” ဟုလည်း ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းတွင် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီ၊ ရှောက်စန်းနှင့် ရှောင်စွတ် တရုတ်ညီအစ်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေတို့ ပတ်သက်ဆက်နွှယ်မှု ရှိ၊ မရှိဆိုသည်ကို ဩဂုတ် ၂၈ ရက်ထုတ် The Irrawaddy သတင်းဂျာနယ်၌လည်း ဖော်ပြထားသည်။

“ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မြန်မာ့စေတနာမြို့သစ်ကုမ္ပဏီနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ်စီမံကိန်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သော The Irrawaddy သတင်းဂျာနယ်သတင်း၌ “ဧရာဝတီက မေးမြန်းစုံစမ်းခဲ့တဲ့ စီးပွားရေးအသိုင်းအဝိုင်းနဲ့ လုပ်ငန်းရှင်တွေ က မြန်မာ့စေတနာကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေးလုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်းဆိုတဲ့ ညီအစ်ကိုနှစ်ဦး ရှိနေတယ်လို့ ဆိုကြပါတယ်။ သူတို့ဟာ အရင်စစ်အစိုးရဝန်ကြီးတွေ၊ ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးလှသူတွေလည်းဖြစ်တဲ့အပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ စစ်တပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရှိစဉ်ကတည်းက ဆက်ဆံရေးပြေလည်မှုရှိကြောင်း စုံစမ်းသိရှိရပါတယ်” ဟု ဖော်ပြခဲ့သည်။

ထို့ပြင် “ရန်ကုန်အခြေစိုက် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးကတော့ ရှောက်ပန်းအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဆောက်လုပ်ရေးဝန်ကြီးတို့နဲ့ အလွန်နီးစပ်သူဖြစ်ပြီး ယခုစီမံကိန်း လုပ်ပိုင်ခွင့်ရရှိအောင် ဦးမြင့်ဆွေက လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးချုပ်ဦးမြင့်ဆွေ က ရန်ကုန်မြို့သစ်စီမံကိန်းအတွက် သမ္မတဦးသိန်းစိန်ထံသွားပြီး စည်းရုံးပြောဆိုဖျောင်းဖျခဲ့ရာမှ အခုစီမံကိန်းကို သမ္မတက မီးစိမ်းပြခဲ့တယ်လို့ပြောဆိုပါတယ်” ဟု The Irrawaddy သတင်းဂျာနယ် သတင်း၌ ဆက်လက် ဖော်ပြခဲ့သည်။

ဩဂုတ် ၂၉ ရက် ရက်စွဲဖြင့် ထုတ်ဝေခဲ့သော The Hot News သတင်းဂျာနယ်၌မူ “ရန်ကုန်မြို့သစ်စီမံကိန်း မြေသိမ်းဆည်းရန် စီမံကိန်းလျာထား မြေဧကသုံးသောင်းလား၊ သုံးသိန်းလား” ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကိုဖော်ပြခဲ့ပြီး ထိုဆောင်းပါးတွင် “အခြားတိုင်းပြည်တစ်ခုမှ တစ်နှစ်နီးပါး ကြိုတင်သိရှိခဲ့သော မြေဧကသုံးသိန်း အကျယ်အဝန်းရှိ ရန်ကုန်မြို့သစ်စီမံကိန်းဆိုသည် မှာ ယခု ထုတ်ပြန်ကြေညာသော မြေဧက သုံးသောင်းစီမံကိန်းနှင့် တစ်ခုတည်းသော ဧကသုံးသိန်းစီမံကိန်းကြီးအတွင်းမှ ဆက်စပ်လျက်ရှိသည့် စီမံကိန်းဧရိယာအတွင်းရှိ ဧရိယာငယ်အစိတ်အပိုင်းတစ်ခုအား သတင်းထုတ်ပြန်ကြေညာခြင်း ဖြစ်နိုင်ခြေရှိကြောင်း သုံးသပ်မိသည်” ဟု ရေးသားခဲ့သည်။

The Irrawaddy သတင်းဂျာနယ်က ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ရန်ကုန်မြို့သစ်စီမံကိန်းနောက်ကွယ် အခြေအနေများအား သတင်းဖော်ပြပြီးနောက် စက်တင်ဘာ ၂ ရက်ထုတ် Tomorrow သတင်းဂျာနယ်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ သမက်ဖြစ်ပြီး ဩစတြေးလျနိုင်ငံသား ခံယူထားကာ မကြာသေးမီအချိန်က မြန်မာနိုင်ငံသားအဖြစ် ပြောင်းလဲခံယူထားသူအဖြစ် သတင်းထွက်ပေါ်ခဲ့သူ ဦးတာရာမြင့်ဆွေသည် ရှောက်စန်း၏ ကုမ္ပဏီ၌ ဒါရိုက်တာတစ်ဦးဖြစ်ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထို့အတူ ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ၎င်း၏ သမက် ဦးတာရာမြင့်ဆွေ၊ မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီ၊ အမည်မခံသော်လည်း တရုတ်လူမျိုး ရှောက်စန်းပိုင်သည့် Yangon Crown Wire and Electric Cable Product Factory ကုမ္ပဏီ၊ Yangon Crown Wire and Electric Cable Trading ကုမ္ပဏီ၊ Crown Advanced Construction ကုမ္ပဏီ၊Crown Advanced Trading ကုမ္ပဏီတို့ ပတ်သက်ဆက်စပ်မှုရှိကြောင်းထောက်ပြနိုင်သည့် လုပ်ငန်းရှင်များ ရှိနေသည်။

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ခွင့်ပြုချက်ရရှိခဲ့သော မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီသည် ၂ဝ၁၃ ခုနှစ်အတွင်းက မှတ်ပုံတင်ရရှိခဲ့သော ကုမ္ပဏီဖြစ်သည်။ သို့သော် အဆိုပါကုမ္ပဏီ၏ ရုံးခန်းနှင့် လုပ်ငန်းလုပ်ကိုင်မှုများအား လက်ရှိအချိန်အထိ ထုတ်ဖော်ပြသနိုင်ခြင်း မရှိသေးပေ။

ကုမ္ပဏီမှတ်ပုံတင်လျှောက်ထားစဉ်က ဖော်ပြခဲ့သော ကုမ္ပဏီရုံးခန်းလိပ်စာဖြစ်သည့် တိုက်အမှတ်(၂)၊ ဦးရွှေဘင်လမ်းနှင့် မြတ်ဧရာလမ်းသွယ်၊ ရွှေပြည်သာစက်မှုဇုန်အမှတ် (၃)၊ ရွှေပြည်သာမြို့နယ်သို့ The Daily Eleven က ဩဂုတ်နောက်ဆုံးပတ်က သွား ရောက်စုံစမ်းရှာဖွေခဲ့ရာ ကုမ္ပဏီရုံးခန်းမှာ ထိုလိပ်စာတွင် ကုမ္ပဏီဆိုင်းဘုတ်တင် ဖွင့်လှစ်ခြင်းမရှိသေးကြောင်း သိရသည်။ ထို့ ပြင် ရွှေပြည်သာစက်မှုဇုန်အမှတ် (၃) စီမံခန့်ခွဲမှုရုံးမှ တာဝန်ရှိသူကလည်း မြန်မာ့စေတနာ မြို့သစ်အများပိုင်ကုမ္ပဏီအမည်ဖြင့် ဖွင့်လှစ်ထားသည့် ကုမ္ပဏီရုံးခန်းမှာ ရွှေပြည်သာစက်မှုဇုန် (၃) ဧရိယာအတွင်း လုံးဝမရှိကြောင်းနှင့် ၎င်းတို့ဖော်ပြထားသော လိပ်စာအနီး၌ နေထိုင်ကြသူများကလည်း ထိုကုမ္ပဏီမှာ လုံးဝမရှိကြောင်း ပြောကြားကြသည်။

သို့သော် ထူးခြားချက်အနေဖြင့် မြန်မာ့စေတနာမြို့သစ်အများပိုင်ကုမ္ပဏီရုံးခန်း ရှိသည်ဟု ဖော်ပြခဲ့သော လိပ်စာအနီးတွင် တရုတ်လူမျိုးလုပ်ငန်းရှင် ရှောက်စန်းပိုင်ဆိုင်သော Yangon Crown Wire စက်ရုံဝန်ထမ်းအိမ်ရာ ရှိနေသည်။ ထို့ပြင် ဦးရွှေဘင်လမ်း အမှတ် (၆၆-၆၄) တွင် Yangon Crown Wire စက်ရုံ ရှိနေသည်။

Yangon Crown Wire စက်ရုံဝန်ထမ်းအိမ်ရာနေထိုင်ကြသူများ၏ အဆိုအရ Yangon Crown Wire စက်ရုံမှ အကြီးတန်းဝန်ထမ်းအချို့သည် ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းဟောင်းနေရာတွင် Crown Advanced Construction ကုမ္ပဏီက စီးပွားဖြစ်တည်ဆောက်နေသည့် စီမံကိန်းသို့ ပြောင်းရွှေ့လုပ်ကိုင်ပေးနေရကြောင်း သိရသည်။

ထိုအချက်များအရ မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီ၊ တရုတ်လူမျိုးရှောက် စန်းပိုင် Yangon Crown Wire စက်ရုံနှင့် Crown Advanced ကုမ္ပဏီတို့မှာ တစ်ဦးတည်းပိုင်အဖြစ် ပတ်သက်ဆက်နွှယ်နေကြောင်း တွေ့ရှိရသည်။

တရုတ်လူမျိုး ရှောက်စန်းနှင့်ပတ်သက်သည့် ကုမ္ပဏီလေးခုတွင် ဒါရိုက်တာများအဖြစ် ဒေါ်လျိုကျင်မင့်၊ ဒေါ်နန်းမြဟန်၊ ဦးကျင်သိန်း၊ ဒေါ်အေးအေးခိုင်၊ ဒေါ်လှလှနွယ်၊ ဒေါ်လွေးလွေးအမည်များဖြင့် တည်ထောင်ထားခြင်းဖြစ်ပြီး မြန်မာ့စေတနာမြို့သစ်အများပိုင်ကုမ္ပဏီ၏ ဒါရိုက်တာစာရင်းတွင် ဒေါ်အေးအေးခိုင် ပါဝင်ကြောင်းသိရသည်။

Tomorrow ဂျာနယ်ပါဆောင်းပါး၌ (ရှောက်စန်း၏) “ညီဖြစ်သူ ရှောင်စွတ်သည် တရုတ်နိုင်ငံမှ အင်ဂျင်နီယာဘွဲ့ရထားသူဖြစ် ပြီး မြန်မာစကားကို ကောင်းစွာမပြောတတ်ပေ။ ရှောက်စန်းသည် လွန်ခဲ့သည့် ၁၅ နှစ်က ယူနန်ပြည်နယ်မှ ဝင်ရောက်လာသည့် တရုတ်လူမျိုးဖြစ်ပြီး သူ၏ဇနီးမှာ ယူနန်ပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ဦး၏ သမီးဖြစ်ပြီး ကူမင်းမြို့တွင် နေထိုင်သည်။ ရှောက်စန်းသည် တရုတ်နယ်စပ်မှ ဝိုင်ယာကြိုးများကို ပြည်တွင်းသို့ တရားမဝင်ခိုးသွင်းရင်း ယခင်ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဘဝက ရင်းနှီးခဲ့သည်။ ဗိုလ်ချုပ်ခင်မောင်မြင့်၏ အကူအညီဖြင့်ပင် ဆောက်လုပ်ရေးလောကထဲသို့ ရောက်လာခဲ့သည်”ဟုဖော်ပြထားသည်။

ထိုသို့ဖော်ပြထားသည့်အတွက် လက်ရှိ ရှောက်စန်းမှာ နိုင်ငံခြားသားအနေဖြင့် နေထိုင်လုပ်ကိုင်နေခြင်းလား၊ သို့တည်းမဟုတ် မည်သည့်နိုင်ငံသားကတ်အမျိုးအစားကို ကိုင်ဆောင်ထားသည်ဆိုခြင်းတို့ကို တိကျစွာစိစစ်ချပြရန် လိုအပ်လာပြီဟု လုပ်ငန်းရှင်များက ဝေဖန်ခဲ့သည်။

ထို့ပြင် Tomorrow ဂျာနယ်၌ပင် “ ရှောက်စန်းသည် သူ၏ကုမ္ပဏီများတွင် သူ၏လူယုံ မြန်မာလူမျိုးများအမည်ကိုသာ ထည့်သွင်းလေ့ရှိသည်”ဟုလည်းကောင်း၊ ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍လည်း “ယခု မီဒီယာများနှင့် အများပြည်သူကန့်ကွက်မှ တင်ဒါခေါ်မည်ဟု ကြေညာခဲ့သော်လည်း အေးရွာတွင် လယ်မြေဧက ထောင်ချီဝယ်ယူပြီးဖြစ်သော ရှောက်စန်းမှလွဲပြီး အခြားမည်သူမှ တင်ဒါအောင်မြင်လိမ့်မည် မဟုတ်။ ထိုအချိန်တွင် ရှောက်စန်း မျက်လှည့်ပြထားမည့် ကုမ္ပဏီတစ်ခုက မည်သို့မည်ပုံ ရယူသွားမည်ကို စောင့်ကြည့်ရပေဦးမည်ဖြစ်သည်”ဟုလည်းကောင်း ဖော်ပြထားသည်။

အဆိုပါ ဖော်ပြချက်များအရ အမည်မခံထားသော်လည်း တရုတ်လူမျိုး ရှောက်စန်းသည် နိုင်ငံခြားသားဖြစ်နေပြီး မြန်မာနိုင်ငံသို့ လာရောက်လုပ်ငန်းလုပ်ကိုင်နေသည်ဆိုပါက ယခုကဲ့သို့မြန်မာနိုင်ငံသားနာမည်ခံခိုင်းပြီး စီမံကိန်းများတွင် မြှုပ်နှံခွင့်ရှိ၊ မရှိ၊ အကယ်၍ နိုင်ငံသားကတ်အမျိုးအစားတစ်ခုခုကို ကိုင်ဆောင်ထားသည်ဆိုပါကလည်း အဆိုပါကတ်မှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ ထုတ်ပေးထားခဲ့ခြင်း ဟုတ်၊ မဟုတ်ဆိုသည်ကို စိစစ်ချပြသင့်ကြောင်း ပြောကြားမှုများ ရှိနေသည်။

အမည်မခံထားသော်လည်း တရုတ်လူမျိုး ရှောက်စန်း ပိုင်ဆိုင်နေသည့်ကုမ္ပဏီများသည် ဥပမာအားဖြင့် ဟံသာဝတီစီမံကိန်းကို ကျပ်ဘီလျံ ၁ဝဝ ဝန်းကျင်၊ ရန်ကုန်မြို့သစ်စီမံကိန်းကို ကျပ်ဘီလျံ ၁၅ဝဝဝ ဖြင့် မြှုပ်နှံနိုင်သည်အထိ အင်အားကြီးမားသော ငွေပမာဏများ ပိုင်ဆိုင်လုပ်ကိုင်နေသည်ဟု ဆိုနိုင်သည်။ ထိုသို့ဆိုလျှင် နိုင်ငံခြားသားတစ်ဦးအနေဖြင့် အဆိုပါငွေကြေးများ မည်သို့ရလာသည်၊ မည်သည့်ငွေများဖြင့် မြှုပ်နှံနေသည်ကို အခွန်ထမ်းဆောင်၍ တရားဝင်မြှုပ်နှံနေသော နိုင်ငံသားလုပ်ငန်းရှင်များကိုယ်စား စုံစမ်းဖော်ထုတ်ရန် လိုအပ်မည် ဖြစ်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေသည် မြေယာစီမံခန့်ခွဲမှု၊ စီမံကိန်းများခွင့် ပြုပေးနိုင်မှုတွင် အခရာကျသော တိုင်းဒေသကြီးဝန်ကြီးချုပ်တာဝန်ကို လက်ရှိထမ်းဆောင်နေသူဖြစ်ပြီး မြို့သစ်စီမံကိန်း ခွင့်ပြုမိန့်ချထားပေးမှုတွင် ရှင်းလင်းမှုရှိစေရန်အတွက် တရုတ်လူမျိုးရှောက်စန်း နှင့်ပတ်သက်ဆက်နွှယ်ခြင်း ရှိ၊ မရှိ၊ ရှောက်စန်းပိုင်ကုမ္ပဏီတွင် ၎င်း၏ သမက် ဦးတာရာမြင့်ဆွေ ပါဝင်ပတ်သက်ခြင်း ရှိ၊ မရှိ အစရှိသည်တို့ကို ဝန်ကြီးချုပ်ကိုယ်တိုင် ထုတ်ဖော်ရှင်းလင်းရန် လိုအပ်လာသည်။ အကယ်၍ ထိုကိစ္စရပ်များတွင် ဦးတာရာမြင့်ဆွေ ပါဝင်ပတ်သက်နေသည်ဆိုပါက ယင်းကိစ္စနှင့် ဆက်နွှယ်၍ စုံစမ်းဖော်ထုတ်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၌လည်း တာဝန်ရှိနေမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ရန်ကုန်မြို့သစ်စီမံကိန်း၊ ဝန်ကြီးချုပ်ဦးမြင့်ဆွေ၊ တရုတ်လူမျိုး ရှောက်စန်းပိုင်ကုမ္ပဏီများ၊ ဝန်ကြီးချုပ်၏သမက် ဦးတာရာမြင့်ဆွေတို့၏ သတင်းများမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းအကြား ပျံ့လွင့်နေပြီး မည်သည့်အတိုင်းအတာအထိ ပတ်သက်မှုရှိသည်ကို မပြောနိုင်သော်လည်း အတိုင်းအတာတစ်ခုအထိ ပတ်သက်မှုရှိနေသည်ဟု ၎င်းတို့က ပြောဆိုကြသည်။

ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ ပုဂ္ဂလိကသတင်းစာ၊ သတင်းဂျာနယ်အသီးသီးတွင် ဖော်ပြခဲ့သော သတင်းများ အရ အဆိုပါစီမံကိန်းသည် ကြိုတင်အကွက်ချစီစဉ်ပြီး လျှို့ဝှက်စွာအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ အကျိုးအမြတ်ကို လက်ဦးမှုရယူနိုင်စေရန်အတွက် လူတစ်စုသို့ သတင်းကြိုပေးလုပ်ကိုင်စေခဲ့သည့် စီမံကိန်းဖြစ်ကြောင်းဖော်ညွှန်းနေသည့်အချက်များကို တွေ့ရှိခဲ့ရသည်။

ထို့သို့ဆိုလျှင် ၂ဝ၁၄ ခုနှစ် မတ် ၁၄ ရက်က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု ပြဌာန်းလိုက်သည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ငြိစွန်းလျက်ရှိနေသည်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ အခန်း (၃)၊ ပုဒ်မ (၅) ၌ အောက်ပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှ ရရှိသောငွေကြေးနှင့် ပစ္စည်းများကို ငွေကြေးခဝါချမှု ပြုလုပ်ခြင်းသည် ဤဥပဒေနှင့် သက်ဆိုင်စေရမည်ဟု ပြဌာန်းထားပြီး ပုဒ်မ(၅) (ဇ) တွင် “သတင်းအချက်အလက်ကို ဦးစွာသိရှိနိုင်သူက မိမိသိရှိသည့် သတင်းအချက်အလက်ကို အသုံးပြု၍ မိမိကိုယ်တိုင်ဖြစ်စေ၊ ယင်းသတင်းအချက်အလက်ကို သူတစ်ပါးအား ပေးအပ်၍ဖြစ်စေ တရားမဝင်အကျိုးအမြတ်ရရှိရေးအတွက် ဆောင်ရွက်ခြင်းနှင့် ဈေးကွက်ထိန်းချုပ်ရန်ပြုလုပ်ခြင်းဆိုင်ရာပြစ်မှုများ”ဟု ပြဌာန်းထားသည်။

လက်ရှိတွင်လည်း အဆိုပါစီမံကိန်းဧရိယာတစ်ဝိုက်တွင် သတင်းမထုတ်ပြန်မီအချိန်ကပင် တရုတ်လူမျိုး ရှောက်စန်းပိုင်ကုမ္ပဏီက ဧကထောင်ချီ ဝယ်ယူထားကြောင်း၊ ယင်းအပြင် အချို့သတင်းကြိုရသူ လုပ်ငန်းရှင် အနည်းငယ်ကလည်း လွန်ခဲ့သည့်နှစ်လ ခန့်ကပင် ငွေထုပ်ပိုက်၍ မြေဧကအများအပြား ဝယ်ယူထားကြောင်း သိရသည်။

ထို့အတွက်ကြောင့် ရန်ကုန်မြို့သစ်စီမံကိန်းဧရိယာတစ်ဝိုက်တွင် သတင်းကြိုတင်ရရှိ၍ အကျိုးအမြတ်အလို့ငှာ ကြိုတင်ဝယ်ယူထားသူအားလုံးသည် ငွေကြေးခဝါချမှုတိုက်ဖျက်ဥပဒေအရ ငြိစွန်းနေပြီဖြစ်သည့်အတွက် ထိုသူအားလုံးကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ စုံစမ်းစစ်ဆေးရန် လိုအပ်နေသည်။

ကြိုတင်သတင်းရ၍ ဝယ်ယူထားသူများထဲတွင် ယခင်အစိုးရ၊ လက်ရှိအစိုးရတို့မှ တာဝန်ရှိသူများနှင့် ဆက်နွှယ်ပတ်သက်သူများ ပါဝင်နေပါကလည်း ထိုသူများသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် အပြစ်ပေးအရေးယူခံရမည်ဖြစ်ပြီး ယင်းကဲ့သို့ အရေးယူဖော်ထုတ်ရန် သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့တွင် တိုက်ရိုက်တာဝန်ရှိနေသည်။

0 အကြံပြုခြင်း: