Thursday, September 11, 2014

ပဲလှော်ကြားဆားညပ်တဲ့ အုန်းရေ


Ko Shwe Mung

ပဲလှော်ကြားဆားညပ်တဲ့ အုန်းရေ
************************

ဒီရက်ပိုင်းမယ် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ကနေ အတည်ပြုလိုက်တယ်ဆိုတဲ့ ယစ်မျိုးခွန်ဥပဒေနဲ့ပတ်သက်ပြီး တော်တော်လေး ဝေဖန်နေကြတယ်။ တကယ်တမ်းတော့ အဲဒီယစ်မျိုးခွန်ဥပဒေက တခြားတိုင်းဒေသကြီးတစ်ချို့မှာ ၂၀၁၃ ခုနှစ်ကတည်းက ဥပဒေပြဌာန်းပြီးသွားပြီ အဲဒီတုန်းကတော့ ဘယ်သူမှ သိပ်သတိမထားမိလိုက်ဘဲ ရန်ကုန်တိုင်းဒေသကြီးဆိုတော့မှ အားလုံးကအာရုံစိုက်မိသွားတာလားမသိဘူး။ ဘာဘဲပြောပြော ခေါင်းလောင်းတို့ သရဖူတို့ မြန်မာဘောအသင်းတို့ပြီးရင် ယစ်မျိုးခွန်ထဲက အုန်းရည်ကိစ္စကလဲ ခေါင်းစဉ်တစ်ခုရတာပေါ့။ တကယ်တမ်းတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေဖွဲ့ ပြီးတော့ ၀တ္တရားကျေအောင် လွှတ်တော်အသီးသီးကနေ ဒေသန္တရဥပဒေတွေပြဌာန်းတဲ့အခါမှာ အခု နာမည်ကြီးနေတဲ့ ယစ်မျိုးခွန်ဥပဒေက ပါလာတာပါ။

ယစ်မျိုးခွန်ဥပဒေရယ်လို့ မြန်မာပြည်မှာ စပြီးပေါ်ပေါက်ခဲ့တာက အင်္ဂလိပ်ကိုလိုနီလက်ထက် ၁၉၁၇ ခုနှစ်ဆိုတာ အင်္ဂလိပ်ရဲ့ဥပဒေ The Burem Excise Act အရသိရပါတယ်။ Excise ဆိုတဲ့စကားလုံးကို အဘိဓာန်တွေထဲမှာ တောင်လှန်မြောက်လှန် ဖတ်ကြည့်ရင်တော့ Excise ဆိုတာ ယစ်မျိုးခွန်ဆိုတာအပြင် ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချတဲ့ကုန်စည်အပေါ် စည်းကြပ်ကောက်ခံတဲ့ အခွန်လို့လဲ တွေ့နိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အင်္ဂလိပ်မင်းများလက်ထက်ကတည်းက ဒီ Excise ဆိုတာကြီးကို ယစ်မျိုးခွန်လို့ဘဲ အသားတကျ သုံးစွဲလာခဲ့တာပါ။ ယစ်မျိုးဝန်ထောက်ဆိုတဲ့ အမှုထမ်းတွေခန့်အပ်ပြီး ယစ်မျိုးခွန်စကောက်တဲ့အချိန်တုန်းက ဘိန်းခွန်ပါ ပါပေမယ့် နောက်ပိုင်းမှာတော့ ဥပဒေထဲကနေ ဘိန်းခွန်ကို ထုတ်ပယ်လိုက်ပုံရပါတယ်။ အခုခေတ်မှာတော့ အဲဒီယစ်မျိုးခွန်ဆိုတာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက ကောက်ခံတဲ့ အခွန်အမျိုးအစားထဲကို ရောက်သွားပါတယ်။ မြန်မာပြည်ရဲ့ အခွန်စနစ်ဟာ အင်္ဂလိပ်ဗြိတိသျှဆီကနေ အမွေဆက်ခံတာဖြစ်တဲ့အပြင် အင်္ဂလိပ်လက်ထက်က အခွန်ဥပဒေကို အခုအချိန်အထိ အမြတ်တနိုး ထိန်းသိမ်းထားတဲ့အထဲမယ် အဲဒီယစ်မျိုးခွန်ဥပဒေလည်း ပါမယ်ထင်ပါရဲ့။ Excise ကိုမြန်မာတွေက ဘာဖြစ်လို့ ယစ်မျိုးခွန်လို့ တရားသေမှတ်သားထားကြသတုန်းလို့ ပြောရမယ်ဆိုရင် အဲဒီ ၁၉၁၇ ခုနှစ်ကတည်းက ပြဌာန်းခဲ့တဲ့ The Burma Excise Act ထဲမှာ ကောက်ခံတဲ့ အခွန်အခအားလုံးဟာ မူးယစ်စေသော သေရည်သေရက်နဲ့ ပတ်သက်တဲ့ကုန်စည်တွေချည်းဖြစ်လို့ပါဘဲ။ တခြားပြည်တွင်းထွက် ကုန်စည်အချို့အပေါ်မှာကောက်တဲ့ Excise ကိုတော့ အင်္ဂလိပ်က သီးခြားဥပဒေတစ်ခုစီပြဌာန်းပြီးတော့မှ ကောက်ပါတယ်။ ဥပမာအားဖြင့် - The Sugar ( Excise Duty ) Act တို့ The Matches (Excise Duty) Act တို့ The Silver (Excise Duty) Act တို့ဘာတို့ပေါ့။

ဒီလိုနဲ့ ဒီဖက်ခေတ်မှာ တိုင်းဒေသကြီးအလိုက် ပြည်နယ်အလိုက် ယစ်မျိုးခွန်ဥပဒေတွေ ပြဌာန်းပြီး ကိုယ့်နယ်နဲ့ကိုယ် စည်းကြပ်ရမယ့် အချိန်ရောက်လာတဲ့အခါ တိုင်းဒေသကြီးလွှတ်တော်တွေကို ပြည်ထဲရေးကဘဲ ဥပဒေကြမ်းရေးပြီးတင်ဟန်တူပါတယ်။ အဲဒီဥပဒေကြမ်းရေးတဲ့အခါမှာလည်း အင်္ဂလိပ်လက်ထက်ကတည်းက အမွေဆက်ခံလာတဲ့ The Burma Excise Act ဆိုတဲ့စာအုပ်ကြီးကို ပြေးလှန်ပြီး မြန်မာလို ဘာသာပြန်..ပြီးတော့ လိုအပ်သလိုကြည့်ကောင်းအောင်ပြုပြင်ပြီး ဥပဒေကြမ်းရေးကြဟန်တူပါတယ်။ အဲသည်အခါမှာ ဘာဖြစ်သတုန်းဆိုတော့ မူရင်းအင်္ဂလိပ်ဥပဒေမှာ ပါတဲ့အသုံးအနှုန်းတွေကို ဘာသာပြန်ပြီး ဒီနေ့ခေတ်ပုံစံနဲ့ ရေးထည့်လိုက်တဲ့အခါ မြင်ကြ ကြားကြတဲ့အတိုင်း ပေရေ၊ ဓနိရေ၊ ထန်းရေ တွေနဲ့ရောပြီး အုန်းရေခမြာ အဆစ်ပါသွားပုံပါဘဲ။ ဥပမာအားဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲ့ အရင် ပြဌာန်းခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့ရဲ့ ဥပဒေပါ စာသားတွေကို ဖတ်ကြည့်ပါ ထပ်တူထပ်မျှနီးပါး တူညီနေတာကို တွေ့ရပါလိမ့်မယ်။

ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ် ၃/၂၀၁၃
ပဲခူးတိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေ
ပုဒ်မ ၂။ (ဎ) ထန်းရည် (Tari) ဆိုသည်မှာ ကစော်ဖောက်သည်ဖြစ်စေ၊ မဖောက်သည်ဖြစ်စေ၊ ထန်း၊ ဓနိ၊ အုန်း၊ ပေ စသည့်အပင်များမှ ထွက်ရှိသည့် အရည်များကို ဆိုသည်။

ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် ဥပဒေအမှတ် ၈/၂၀၁၃
ဧရာဝတီတိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေ
ပုဒ်မ ၂။ (ဋ) ထန်းရည် (Tari) ဆိုသည်မှာ ကစော်ဖောက်သည်ဖြစ်စေ၊ မဖောက်သည်ဖြစ်စေ၊ ထန်း၊ ဓနိ၊ အုန်း၊ ပေ၊ စသည့် အပင်အမျိုးမျိုးမှ ထွက်သောအရည်ကို ဆိုသည်။

အဲသတော့ မူရင်း The Burma Code Vol. III မှာပါဝင်တဲ့ ၁၉၁၇ ခုနှစ် The Burma Excise Act ရဲ့ ပုဒ်မ ၂။ (ဒ) မှာ အင်္ဂလိပ်လို

' Tari ' means the sap or juice whether fremented or unfermented of any kind of palm tree;

ဆိုပြီးရေးထားပါတယ်။ အဲဒီ Tari ဆိုတဲ့ အင်္ဂလိပ်စာလုံးဟာ အင်္ဂလိပ်အဘိဓာန်မှာ မရှိပါဘူး ဒီတော့ ကျနော့်စိတ်ထင် မြန်မာဝေါဟာရကို ဥပဒေရေးတဲ့ အင်္ဂလိပ်က သူ့နားမှာ ကြားတဲ့အတိုင်း ဘာသာပြန်ပြီးရေးထဲ့လိုက်ပုံပါဘဲ။ မူရင်းဥပဒေမှာ ရေးထားတဲ့အတိုင်း ဘာသာပြန်ကြည့်တဲ့အခါ any kind of palm tree ဆိုတာကိုကြည့်ပြီး ကြိတ်ထဲ့လိုက်တော့ အုန်းရေခမြာကြားညပ်သွားပုံရပါတယ်။ ပထမဆုံး ဒေသဆိုင်ရာ ယစ်မျိုးခွန်ဥပဒေပြဌာန်းတဲ့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်အမတ်မင်းများကလည်း ဒီ အုန်းရေကို ကွန်ပလိမ့် တက်ခဲ့ပုံမရသလို ဒုတိယမြောက် ပြဌာန်းခဲ့တဲ့ ဧရာဝတီ တိုင်းလွှတ်တော်မှာလည်းကွန်ပလိမ့် တက်ခဲ့ပုံမရပါ။ ထိုနည်းတူစွာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထဲက ပညာရှိ လွှတ်တော်အမတ်မင်းများကလည်း ဥပဒေကြမ်းထဲက ပဲလှော်ကြားဆားညပ်နေတဲ့ အုန်းရေ လေးကို ကယ်တင်ဖို့ သတိထားမိကြပုံမရဘဲ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့မှာ တစ်ခဲနက် မဲပေးအတည်ပြုလိုက်ကြပါတယ်။ နောက်ဆုံးတော့ အများပြည်သူက ဒီဥပဒေကြမ်းပါ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုဖတ်ပြီး ဥပဒေကြမ်းရေးဆွဲသူ ပညာရှိ ပညာရှင်များရဲ့ ဉာဏ်ပညာကြီးမားပုံကို အုတ်အော်သောင်းတင်း ချီးမွမ်းခန်းဖွင့်ကြတာပေါ့။

0 အကြံပြုခြင်း: