Monday, September 1, 2014

ခရိုနီနဲ့ ကျောက်မီးသွေး



Eleven Media Group
(Written by: မာန်သူရှိန်)

မြစ်ဆုံအပါအဝင် ဧရာဝတီ၊ သံလွင်မြစ်တစ်လျှောက် ရေအားလျှပ်စစ် စီမံကိန်းကြီးများကို လူမသိသူမသိ ချုပ်ဆိုခဲ့သော စာချုပ်များနှင့်အတူ ခရိုနီလုပ်ငန်းရှင်များ လုပ်ကိုင်ခွင့်ရခဲ့ပြီးဖြစ်သည်။

ထိုမှတစ်ဖန် မြို့နယ်ပေါင်း ၈၄ မြို့နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ကိုလည်း ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ခွင့်ရသည့် ခရိုနီကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၂၃ ခုတည်းက နည်းလမ်းစုံဖြင့် လုပ်ကိုင်ခွင့်ရခဲ့ပြန်သည်။

ထိုမျှနှင့် မပြီးသေးဘဲ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခွင့်ကိုလည်း ထပ်မံရရှိခဲ့ကြသည်။

ထိုမျှနှင့်လည်း မရပ်သေးဘဲ ခရိုနီအချို့သည် ပတ်ဝန်းကျင်နှင့်ဒေသခံများ ထိခိုက်မှုများနိုင်သည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများဘက် ထပ်ဝင်လာကြရာ စီမံကိန်းအတွက် မြေသိမ်းခံရနိုင်ပြီး စီမံကိန်း၏ ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်သည့် ဒေသခံများအတွက်တော့ စိုးရိမ်စရာ ထပ်တိုးလာပြန်ပြီဖြစ်သည်။

ခရိုနီနဲ့ ရေအားလျှပ်စစ်

ရေအားလျှပ်စစ် စီမံကိန်းများရရှိသည့် ခရိုနီကုမ္ပဏီများထဲတွင် လုပ်ငန်းစုံ၊ ကဏ္ဍစုံ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများဖြစ်သည့် အေးရှားဝေါလ်၊ ရွှေတောင်နှင့် IGE တို့က ပြိုင်ဘက်မရှိ စီမံကိန်းအများဆုံး လုပ်ခွင့်ရကုမ္ပဏီများဖြစ်သည်။

အေးရှားဝေါလ်ကုမ္ပဏီသည် မြစ်ဆုံစီမံကိန်း အပါအဝင် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ဆုံမြစ်ညှာ မြစ်ဝှမ်းဒေသတွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းပေါင်း ရှစ်ခုကို တရုတ်မှ CPI ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်ခွင့်ကို ရခဲ့သည်။

ထို့နောက် အေးရှားဝေါလ်၏ ကုမ္ပဏီခွဲ Gold Energy ကုမ္ပဏီအမည်ဖြင့် သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းကိုလည်း လုပ်ကိုင်ခွင့်ရခဲ့ပြီး သောက်ရေခပ် (၂) စီမံကိန်းမှထွက်သည့် ဓာတ်အားများကို တစ်ယူနစ် ကျပ် ၇ဝ ဖြင့် နိုင်ငံတော်သို့ပြန်ရောင်းရန် စီစဉ်ခဲ့ကြပြန်သည်။

သောက်ရေခပ် (၂) စီမံကိန်းအား တည်ဆောက်ရာတွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထုတ်ချေးသော ချေးငွေများထဲမှ အမေရိကန်ဒေါ်လာ သန်း ၇ဝ ကျော်ကိုပင် အသုံးပြုခွင့်ရသည်အထိ အခွင့်အလမ်းသာခဲ့သည်။

ဧရာဝတီမြစ်အပြီး သံလွင်မြစ်ဘက်သို့ထပ်လှည့်ကာ သံလွင်မြစ်ပေါ်တွင် ပထမဆုံးတည်ဆောက်မည့် အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်း (မဂ္ဂါဝပ် ၁၄ဝဝ အထိထွက်မည်) ကိုလည်း အေးရှားဝေါလ်ကုမ္ပဏီမှပင် တရုတ်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းလုပ်ကိုင်ခွင့် ထပ်မံရရှိခဲ့သည်။

အေးရှားဝေါလ်နှင့်အပြိုင် ရွှေတောင်ကုမ္ပဏီသည်လည်း တရုတ်မှ CDOI ဖြင့်ပူးပေါင်းကာ ရေအားလျှပ်စစ်စီမံကိန်း ၁ဝ ခုအထိကို တည်ဆောက်လုပ်ကိုင်ခွင့်ရရှိထားပြီး စီမံကိန်း ၁ဝ ခုထဲတွင် စက်တပ်ဆင်အား မဂ္ဂါဝပ် ၄ဝဝဝ အထိရှိသည့် ရွာသစ်စီမံကိန်းကဲ့သို့ စီမံကိန်းကြီးများ ပါဝင်သည်။

တရုတ်ဖြင့် ပူးပေါင်းတည်ဆောက်မည့် စီမံကိန်းများမပါ ၎င်းတို့တစ်ဦးတည်းအနေဖြင့် ဘီလူးချောင်း (၃) ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး တည်ဆောက်ခွင့်ရသည့်အပြင် တရုတ်မှ မြန်မာနိုင်ငံသို့ ထုတ်ချေးသောငွေများထဲမှ အမေရိကန်ဒေါ်လာ သန်း ၅ဝ နီးပါးကိုပါ လှည့်သုံးခွင့်ရခဲ့သည်။

အေးရှားဝေါလ်၊ ရွှေတောင်တို့နှင့်အပြိုင် IGE ကုမ္ပဏီသည်လည်း လုပ်ကိုင်ခွင့်များစွာ ရရှိထားပြီး တရုတ်နိုင်ငံမှ YPIC International ကုမ္ပဏီတို့ ပူးပေါင်း၍ စီမံကိန်းလေးခုကို လည်းကောင်း၊ IGE ကုမ္ပဏီမှပင် အခြားတရုတ်ကုမ္ပဏီများဖြင့် ပူးပေါင်း၍ နောက်ထပ်စီမံကိန်း လေးခုကိုလည်းကောင်း လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်သည်။

IGE ကုမ္ပဏီမှ လုပ်ကိုင်ခွင့်ရရှိထားသည့် စီမံကိန်းရှစ်ခုထဲတွင်လည်း မြန်မာနိုင်ငံ၌ စက်တပ်ဆင်အား အကြီးမားဆုံးဖြစ်လာမည့် မဂ္ဂါဝပ် ၇၁၁ဝ အထိရှိသော အထက်သံလွင် (မိုင်းတုံ) စီမံကိန်းမှအစ မဂ္ဂါဝပ် ၁၃၆ဝ စက်တပ်ဆင်အားရှိမည့် ဟတ်ကြီးစီမံကိန်း၊ မဂ္ဂါဝပ် ၁၂ဝဝ ထိရှိသည့် နောင်ဖစီမံကိန်းကဲ့သို့သော စီမံကိန်းကြီးပေါင်းများစွာကို လုပ်ကိုင်ခွင့်ရရှိထားခြင်းဖြစ်သည်။

သို့သော် အဆိုပါစီမံကိန်းအားလုံးမှာ အများပြည်သူမသိလိုက်ရဘဲ စာချုပ်များချုပ်ဆို၊ နားလည်မှုစာချွန်လွှာများရေးထိုးပြီး ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

စီမံကိန်းအားလုံးနီးပါးသည်လည်း နိုင်ငံတော်မှ ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသာ ဓာတ်အားရမည်ဖြစ်ပြီး အေးရှားဝေါလ်၊ ရွှေတောင်၊ IGE နှင့် ၎င်းတို့နှင့် ချိတ်ဆက်ထားသော တရုတ်ကုမ္ပဏီများကသာ ၈၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉ဝ ရမည့် စီမံကိန်းများဖြစ်သည်။

အနှစ်ချုပ်လျှင် မြန်မာနိုင်ငံတွင် ဆောက်နိုင်သမျှသော ရေအားလျှပ်စစ်စီမံကိန်း အားလုံးနီးပါးမှာ အဆိုပါကုမ္ပဏီသုံးခုနှင့် တရုတ်ကုမ္ပဏီများအားလုံး ရယူထားခြင်း ဖြစ်သည်။

ခရိုနီနဲ့ လျှပ်စစ်ဖြန့်ဖြူးခွင့်၊ ခရိုနီနဲ့ သဘာဝဓာတ်ငွေ့

ရန်ကုန်မြို့ပေါ် အပါအဝင် မြို့နယ်ပေါင်း ၈၄ မြို့နယ်၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလုပ်ကိုင်ခွင့်ကို ကုမ္ပဏီ ၂၃ ခုတည်းသို့ လုပ်ကိုင်ခွင့်ပေးထားသည်။

ဖြန့်ဖြူးခွင့်ရသည့် ကုမ္ပဏီများထဲတွင် ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ခွင့်ရထားသည့် အေးရှားဝေါလ်၏ ကုမ္ပဏီခွဲဖြစ်သော Gold Energy ကုမ္ပဏီ၊ လုပ်ငန်းစုံလုပ်ကိုင်ခွင့်ရလာသည့် Capital Development လီမိတက်၊ Ruby Dragon ကဲ့သို့ ကုမ္ပဏီများ ပါဝင်လာပြန်သည်။

အေးရှားဝေါလ်၏ ကုမ္ပဏီခွဲဆိုလျှင် ပဲခူးတိုင်းဒေသကြီး အရှေ့မြို့နယ် ၃၇ မြို့နယ်စလုံးကို တစ်ဦးတည်းဖြန့်ဖြူးခွင့် ရထားခြင်းဖြစ်သည်။

ရေအားလျှပ်စစ်စီမံကိန်း အားလုံးနီးပါး ကုန်သလောက်ရှိသွားသည့်အခါ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဘက် လှည့်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ပင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ အနည်းဆုံး ရှစ်ရုံအထိဆောက်လုပ်ရန် စီစဉ်ထားပြီး ဆောက်လုပ်ခွင့်ရသည့် ကုမ္ပဏီများထဲတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ရထားသည့် ကုမ္ပဏီအချို့လည်း အပါအဝင်ဖြစ်သည်။

လုပ်ကိုင်ခွင့်မှာ ရိုးရိုးရရှိခြင်းမဟုတ် တစ်ယူနစ်ဓာတ်ငွေ့ဖိုးအပါ ကျပ် ၃ဝဝ အထိ ပေးချေရမည့် စာချုပ်များဖြင့် ရသွားခဲ့ကြခြင်းဖြစ်ရာ ပြည်သူများအနေဖြင့် ရှေ့လျှောက်ရင်လေးစရာ အခြေအနေတစ်ခုအဖြစ်လည်း မှတ်ယူနိုင်သည်။

သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများအတွက်လည်း ထုံးစံအတိုင်း မည်သို့မည်ပုံ စာချုပ်ပြီးပေးလိုက်သည်ကို အများပြည်သူ မသိခဲ့ရဘဲ လျှို့ဝှက်စွာ ရသွားသည့်သဘော ဖြစ်နေသည်။

ခရိုနီနဲ့ ကျောက်မီးသွေး

ရေအားလျှပ်စစ် စီမံကိန်းမှာလည်း ထပ်လုပ်စရာပင်နေရာ မကျန်တော့သည့်အချိန်တွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများဘက် လှည့်ကြသည်။

သဘာဝဓာတ်ငွေ့ စီမံကိန်းများအပြီး ယခုကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများဘက်သို့ ထပ်လှည့်လာကြပြီဖြစ်သည်။

စီမံကိန်း၏ ဘေးထွက်ဆိုးကျိုးကို ခံစားရနိုင်၍ ဒေသခံအများအပြားက ကန့်ကွက်နေသည့်ကြားမှပင် ပြည်သူများ တိကျစွာမသိလိုက်ရဘဲ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ကိုးရုံအထိ အကောင်အထည်ဖော်ရန် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခွင့်ပြုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကွမ်းခြံကုန်း၌တည်ဆောက်မည့် စီမံကိန်းအတွက် Virtue Land ကုမ္ပဏီနှင့် ၂ဝ၁၄ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် လည်းကောင်း၊ ထန်းတပင်စီမံကိန်းအတွက် ထူးနှင့် တရုတ်ကုမ္ပဏီဖြစ်သော Huaneng Lancang တို့ ပူးပေါင်းတည်ဆောက်ရန် ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီ ၁၁ ရက်က လည်းကောင်း၊ ကျောက်တန်းစီမံကိန်းအတွက် Diamond Palace နှင့် နိုင်ငံခြားကုမ္ပဏီများ ပူးပေါင်းတည်ဆောက်ရန် ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၈ ရက်က လည်းကောင်း၊ သီလဝါစီမံကိန်း တည်ဆောက်ရန်အတွက် Toyo Thai ကုမ္ပဏီဖြင့် ၂ဝ၁၃ ခုနှစ် မတ် ၂၁ ရက်ကလည်းကောင်း အသီးသီး လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ယင်းအပြင် ဧရာဝတီတိုင်း ငရုတ်ကောင်းစီမံကိန်းကို Ta Ta Power၊ ရှမ်းပြည်နယ်အရှေ့ ကျိုင်းတုံစီမံကိန်းကို Lumpoondum၊ ကလေးဝစီမံကိန်းကို ISDN နှင့် Tun Thwin၊ ဘုတ်ပြင်းစီမံကိန်းကို 24 Hour၊ မြိတ်စီမံကိန်းကို သန်းဖြိုးသူကုမ္ပဏီတို့က အကောင်အထည်ဖော်ရန် လက်မှတ်ရေးထိုးပေးထားခဲ့သည်။

လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများကို ကြည့်လိုက်လျှင်လည်း ကွမ်းခြံကုန်းစီမံကိန်းကို တည်ဆောက်မည့် Virtue Land ကုမ္ပဏီဆိုသည်မှာ ရေအားလျှပ်စစ်စီမံကိန်းပေါင်းများစွာ လုပ်ကိုင်ခွင့်ရထားပြီး တစ်ဦးတည်း ၃၇ မြို့နယ် ဖြန့်ဖြူးခွင့်ရထားသည့် အေးရှားဝေါလ်ကုမ္ပဏီ၏ ကုမ္ပဏီခွဲ၊ ထူးကဲ့သို့သော ကဏ္ဍစုံလုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများ ပါဝင်လာပြန်သည်။

ဒေသခံများနဲ့ ကျောက်မီးသွေးပြဿနာ

ကုမ္ပဏီများက မည်မျှပင် နည်းပညာမြင့်သည်ဆိုပါစေ ဒေသခံများမှ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများအပေါ် ကန့်ကွက်ခဲ့ကြသည်။

တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကြောင့် ဒေသခံများ ထိခိုက်ခဲ့ရမှုကလည်း ဒေသခံများ ကန့်ကွက်မည်ဆိုလျှင်လည်း ကန့်ကွက်ထိုက်သည့် သက်သေအဖြစ် ရှိနေသည်။

တီကျစ် ကျောက်မီးသွေးစက်ရုံကို China National Heavy Machinery cooperation ကတည်ဆောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၃ သန်းကျော်နှင့် ကျပ်ဘီလျံ ၃ဝ နီးပါး စုစုပေါင်း (လက်ရှိငွေလဲနှုန်းဖြင့်)ကျပ်ဘီလျံ ၇ဝ ကျော်အထိ နိုင်ငံတော်မှ ကုန်ကျခဲ့သည့်စီမံကိန်းဖြစ်သည်။

သို့သော် နည်းပညာနိမ့်ပြီး ဒေသခံများအပေါ် ထိခိုက်မှုရှိလာသည့်အတွက် ရပ်ဆိုင်းထားလိုက်ပြီဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးက ဩဂုတ် ၂၃ ရက်က အတည်ပြုပြောကြားခဲ့ပြီး နည်းပညာအသစ်ဖြင့် ပြန်လည်ပြင်ဆင်ရန်ပင် စီစဉ်နေရသည်ဟု သိရသည်။

နိုင်ငံတော်လည်း ဘဏ္ဍာငွေ ကျပ်ဘီလျံ ၇ဝ ကျော်ကုန်၊ ဒေသခံများလည်း ထိခိုက်ခဲ့ရသည့် စီမံကိန်းဖြစ်ခဲ့သည်။

ထို့အတွက်လည်း တနင်္သာရီမြစ်ဝတွင်ဆောက်မည့် စီမံကိန်း၊ ကွမ်းခြံကုန်းတွင် ဆောက်မည့်စီမံကိန်း၊ မြိတ်တွင်ဆောက်သည့် စီမံကိန်းများအတွက် ဒေသခံများအားလုံး ကန့်ကွက်ကြသည်။

ဘေးထွက်ဆိုးကျိုးရှိသည့် အချက်တစ်ခုတည်းဖြင့် ဒေသခံများက ကန့်ကွက်နေကြခြင်းမဟုတ်ဘဲ ကျေးရွာလိုက် ပြောင်းရွှေ့ပေးရခြင်း၊ စီမံကိန်းအတွက် မြေသိမ်းခံရခြင်း၊ အစားထိုးမြေ ပြန်ပေးသည့်တိုင် စိုက်ပျိုးရာတွင် ဒုက္ခရောက်ခြင်း စသည့်အချက်များကြောင့်လည်း ကန့်ကွက်ကြခြင်းဖြစ်သည်။

ဥပမာ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံတွင်တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံအတွက် လိုအပ်သည့်မြေမှာ ဧက ၁၂ဝဝ နီးပါးအထိရှိပြီး ရွာသုံးရွာအထိ ထိခိုက်မှုရှိမည်ဖြစ်သည်။ စီမံကိန်းနယ်မြေအတွင်းပါဝင်သည့် ကျေးရွာများ ပြောင်းရွှေ့ပေးရခြင်း၊ လယ်မြေများ အသိမ်းခံရခြင်း ရှိလာနိုင်သည်။

ပြောင်းရွှေ့ပေးရမည့် ကျေးရွာရှိ ဒေသခံများအတွက် မြို့နှင့်ဝေးသွားသည့်ဆိုပါက ကျောင်းသားကျောင်းသူများ ဒုက္ခရောက်ကြရမည်ဖြစ်သည်။ လယ်အစားပြန်ပေးသည် ဆိုသော်လည်း ရေမိုးမကောင်းသည့် လယ်ယာများဖြစ်နေပါက ဒေသခံများ ဒုက္ခရောက်ကြရမည်ဖြစ်သည်။

တီကျစ်ကဲ့သို့ နည်းပညာနိမ့်သည့် စက်ရုံများဆိုပါက ဒေသခံများအတွက် အဆိုးဆုံးထိခိုက်မှု ရှိလာဦးမည် ဖြစ်သည့်အတွက်လည်း ဒေသခံများက ကန့်ကွက်နေကြခြင်းဖြစ်သည်။

နိုင်ငံတကာ ပေတံ

နျူကလီးယားနှင့် ရေအားလျှပ်စစ်ပြီးလျှင် ကျောက်မီးသွေးမှာ ဈေးအသက်သာဆုံးဖြစ်ပြီး နိုင်ငံတကာတွင်လည်း Clean Coal နည်းပညာဖြင့် တွင်တွင်ကျယ်ကျယ် သုံးနေကြသည်ဆိုသော နိုင်ငံတကာပေတံဖြင့်တိုင်းပြီး ကုမ္ပဏီများကို တည်ဆောက်ခွင့်ပေးရန် စီစဉ်ခြင်းဖြစ်သည်။

သို့သော် တီကျစ်စက်ရုံသည်လည်း တရုတ်ကုမ္ပဏီမှ တည်ဆောက်သွားခြင်းဖြစ်ပြီး ယခုဘေးထွက်ဆိုးကျိုးများသည့်အတွက် ရပ်ထားရသည့် သင်ခန်းစာကိုလည်း ထည့်တွက်သင့်သည်။

ကျောက်မီးသွေးနောက် ဘာကြောင့်လိုက်သလဲ

လက်ရှိ လျှပ်စစ်စီမံကိန်း ချထားပေးမှုများ လျှို့ဝှက်စာချုပ် ချုပ်ဆိုမှုများကိုကြည့်လျှင် ခရိုနီတို့ခင်းသည့် ဇာတ်ကွက်အတိုင်း တာဝန်ရှိသူများက လိုက်ကပေးနေသလားဟုပင် ပြည်သူများအကြား ထင်စရာရှိလာသည်။

ရေအားလျှပ်စစ် စီမံကိန်းများကို လျှို့ဝှက်စာချုပ်ပြီး ချထားပေးသည်။ ယင်းနောက် တည်ဆောက်ခွင့်ရသည့် ကုမ္ပဏီကတောင်းသည့် တစ်ယူနစ် ကျပ် ၇ဝ ဖြင့် နိုင်ငံတော်မှ ပြန်ဝယ်ပေးရန်အတွက်ကိုလည်း ပြည်သူသို့ချမပြဘဲ သဘောတူစာချုပ်ပေးရန် စီစဉ်ခဲ့ရာ တည်ဆောက်ခွင့်ရသည့် ကုမ္ပဏီမှာ အမြတ်အစွန်းကြီးသွားသည်။

ဥပမာ အေးရှားဝေါလ်မှ တည်ဆောက်သည့် သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းမှ တစ်ယူနစ် ၇၅ ကျပ်ဖြင့် ကုမ္ပဏီကတောင်းသည်ကို တစ်ယူနစ် ကျပ် ၇ဝ ဖြင့် ဈေးညှိကာ ပြန်ဝယ်ယူပေးမည်ဟု စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

ရေအားလျှပ်စစ်စီမံကိန်းများ ကုန်သလောက်ရှိအောင် ရယူပြီးသည့်အခါ သဘာဝဓာတ်ငွေ့ဘက်သို့ လှည့်ကြသည်။ နိုင်ငံတော်မှ ပြည်သူသို့ချမပြဘဲ ဓာတ်ငွေ့ဖိုးအပါ တစ်ယူနစ် ကျပ် ၃ဝဝ ဝန်းကျင်အထိရှိသည့် ဈေးနှုန်းများဖြင့်ပါ ခွင့်ပြုပေးရန် စီစဉ်ခဲ့သည်။

ဓာတ်ငွေ့ဖိုးမပါပါက တည်ဆောက်ခွင့်ရသည့်ကုမ္ပဏီမှ တစ်ယူနစ် ၃၄ ကျပ်ဝန်းကျင်အထိ ရနေဦးမည်ဖြစ်ရာ တည်ဆောက်ခွင့်ရသူများ အကျိုးများခဲ့ကြပြန်သည်။

သဘာဝဓာတ်ငွေ့မှာ ပြည်တွင်း၌ပင် မလုံလောက်သည့်အတွက် ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများ ထင်သလိုဆောက်ရန် ခက်ခဲသေးသည်။ သို့သော် လျှပ်စစ်ထုတ်လုပ်ခွင့်ရသည့် ကုမ္ပဏီများသည် မိမိတို့လိုချင်သည့်ဈေးအတိုင်း စာချုပ်ချုပ်ဆိုပေးနေသည့် သဘောမျိုး သက်ရောက်နေသည့်အတွက်လည်း အကျိုးအမြတ်ကြီးမားစွာရရှိသည့် လျှပ်စစ်စီမံကိန်းများကို ထပ်လိုချင်မည်သာဖြစ်သည်။

ကျောက်မီးသွေးသုံး၍ ထုတ်လုပ်သည့် ဓာတ်အားခဈေးနှုန်းမှာ နျူကလီးယားနှင့် ရေအားလျှပ်စစ်ပြီးလျှင် ဈေးအသက်သာဆုံးဟု ဆိုသည်။ ထိုသို့ဆိုလျှင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ခွင့်ရသူသည် တစ်ယူနစ် ကျပ် ၇ဝ ရနေသည့် ရေအားလျှပ်စစ်ထက် ဈေးများစွာပိုရနိုင်မည့်သဘော ဖြစ်နေသည်။

ယင်းအကျိုးအမြတ်ကြောင့် နည်းပညာတစ်ချက်လွဲသည်နှင့် ဆုံးရှုံးမှုများနိုင်သည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစီမံကိန်းများကို ရဲရဲဝံ့ဝံ့မြှုပ်နှံရန် ခရိုနီအချို့က ပြည်သူများကန့်ကွက်နေသည့်ကြားက လုပ်ဆောင်လာခြင်းလားဟုပင် တွေးစရာကောင်းနေသည်။

0 အကြံပြုခြင်း: