Sunday, August 24, 2014

တပ်ပိုင်မော်တော်ယာဉ်ဖြင့် နွားမှောင်ခို သယ်ဆောင်သည့် တပ်မတော်အရာရှိနှင့် အခြားအဆင့် နှစ်ဦးကို ဖမ်းမိ



The Voice Weekly
ဟင်္သာတ၊ သြဂုတ် ၂၃

ဟင်္သာတခရိုင် ဇလွန်မြို့ ပြည်တော်ပြန်ဘုရားကြီး အနီးတွင် သြဂုတ်လ ၂၁ ရက်နေ ည ၁၀ နာရီခန့်က တပ်မတော် တပ်ရင်းတပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် တင်ဆောင်လာသည့် ကျွဲနွား ၁၀ ကောင်နှင့်အတူ တပ်မတော်အရာရှိ တစ်ဦးနှင့် အခြားအဆင့် နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ကျုံပျော်မြို့နယ် ဇီဝိတဒါနအဖွဲ့ အတွင်းရေးမှူး ဆရာတော်ဦးထေရက ပြောကြားသည်။

နွား ၁၀ ကောင် တင်ဆောင်လာသည့် ကြယ်အမှတ်တံဆိပ်ပါ ၃၂၈၆ (A) စစ်ရောင်ဖေါ အမျိုးအစားယာဉ်ကို တပ်ကြပ်အုန်းမြင့် မောင်းနှင်ခဲ့ပြီး ကျုံပျော်မြို့ ခလရ (၃၆) တပ်ရင်းမှ ဗိုလ်ကြီး ညီညီသက်ကို၊ တပ်ကြပ်ကြီး စောမောင်တို့ လိုက်ပါခဲ့ကြောင်း၊ အထောက်အထားမဲ့ နွားများ သယ်ဆောင်လာသည့် ၎င်းတို့သုံးဦးကို တပ်မတော် စစ်စည်းကမ်းအရ စစ်ဆေးဆောင်ရွက်နိုင်ရန် ခမရ (၁၀၈) မှ ဗိုလ်မှူးလွင်ဦးနိုင်ထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ နွား ၁၀ ကောင်ကိစ္စကိုမူ ဇီဝိတဒါနအဖွဲ့မှ ဆရာတော်ကြီးများနှင့် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း ဇလွန် မြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

“နွားမှောင်ခိုလို့ မစစ်ဆေးခင် လူငယ်ငါးယောက်က နွားဆွဲမလို့ လာစောင့်နေတယ် ပြောတယ်။ အဲဒီနွားတွေက ဧရာဝတီမြစ်ကို ဖြတ်ပြီး ပဲခူးတိုင်းဘက်ကို ပို့မှာ။ ဒါကြောင့် မှောင်ခိုနွားလို့ ရာနှုန်းပြည့် ပြောနိုင်တာ။ ကျုံပျော်မြို့က ခလရ (၃၆) တပ်ရင်းကိုလည်း ဝင်မချဘူး။ ဟင်္သာတ နတ်မော်မှာရှိတဲ့ ခလရ (၁၈) မှာလည်း နွားတွေကို မချခဲ့ဘူး နွားမှောင်ခိုတွေ သယ်ဆောင်လေ့ရှိတဲ့ ဇလွန်ဆိပ်ကမ်းကို လာချတဲ့အတွက် ဖမ်းမိတာ” ဟု ဦးထေရက ထပ်လောင်း မိန့်ကြားသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ တပ်မတော် စစ်စည်းကမ်း ဥပဒေများနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း အနောက်တောင်တိုင်း စစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်ဦးက ပြောကြားသည်။

ပန်းတနော်၊ မအူပင်၊ ဓနုဖြူ၊ ဟင်္သာတ၊ ဇလွန်မြို့နယ်တို့မှ ဇီဝိတဒါနအဖွဲ့များက ဆရာတော်များနှင့် သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီကျော်က တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသည့် နွားများကို ဥပဒေအရ ဆောင်ရွက်ပြီးပါက တာဝန်ရှိသူများထံ အလှူခံပြီး ခွင့်ပြုမည် ဆိုပါက ရခိုင်ပြည်နယ်ရှိ တောင်သူအချို့ကို လှူဒါန်းသွားမည် ဖြစ်ကြောင်း မအူပင်မြို့နယ် အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဦးနေမိန္ဒက မိန့်ကြားသည်။

0 အကြံပြုခြင်း: